ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတစ်စုံအတွက်

လက်ရှိခေတ် ရေစီးကြောင်းအရ အသက်အရွယ်ကြီးငယ်မရွေး လူတွေဟာ ကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်း စတဲ့ ဖန်သားပြင်တွေပေါ်က သေးငယ်တဲ့ စာလုံးတွေနဲ့ ရုပ်ပုံတွေကို စိုက်ကြည့်ဖို့အတွက် မျက်လုံးကို အချိန်ကြာကြာ အသုံးပြု နေကြပြီး ဒါကသမိုင်းတစ်လျှောက် လူသားတွေ ၎င်းတို့ရဲ့မျက်စိကို အသုံးပြုမှု အများဆုံးလို့တောင် ပညာရှင်တွေက ဆိုပါတယ်။ အကျိုးဆက်အဖြစ် မျက်လုံးကို ပင်ပန်းညောင်းညာစေပြီး အသက်အရွယ်နဲ့ ပတ်သက်တဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေတိုးမြှင့် ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အစားအသောက်များက သင့်မျက်လုံးရဲ့ စွမ်းဆောင်ရည်ကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ကိုက်လန်စတဲ့ အစိမ်းရောင် အသီးအရွက်တွေကို တတ်နိုင်သလောက် များ များစားပေးခြင်းက သင့်ရဲ့ အမြင်အာရုံ အားနည်းခြင်းကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီအစိမ်းရောင် အရွက်တွေဟာ ဗီတာမင် A ၊ B12 ၊ C နဲ့ ကယ်လဆီယမ် စတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ ဖွဲ့စည်းထားပြီး Antioxidant တွေလည်း ပါဝင်တာကြောင့် သင့်အမြင်အာရုံအတွက် အလွန်အကျိုးပြုနိုင်စွမ်း ရှိပါတယ်။ လတ်တလော ပြုလုပ်ထားတဲ့ စမ်းသပ် ချက်တွေအရ အစိမ်းရောင် အသီးအရွက်တွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ ခံစားရလေ့ရှိတဲ့ မြင်လွှာအတွင်း အမည်းစက်များ ဖြစ်ပေါ်လာပြီး နောက်ဆုံး မျက်လုံးကွယ်သွားစေနိုင်တဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးနိုင်စွမ်းရှိတာကို တွေရှိခဲ့ပါတယ်။

ကြက်ဥ

သင့်ရဲ့နေ့တစ်နေ့ကိုစတင်ဖို့ ကျန်းမာရေးနဲ့ အသင့်တော်ဆုံး နည်းလမ်းကတော့ ကြက်ဥစားခြင်းလို့ ပညာရှင်တွေ ဆိုလေ့ရှိပါတယ်။ ကြက်ဥမှာပရိုတင်းအပြင် Lutein ၊ ဗီတာမင် E ၊ Omega 3 စတဲ့ အဖိုးတန်အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်းက သင့်မျက်လုံး မှန်ဘီလူးအတွက် အလွန်ကို အကျိုးရှိတဲ့အရာ ဖြစ်ပါတယ်။ ကြက်ဥရဲ့ အနှစ်ကတော့ သင်အသက်ကြီးလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ အမြင်အာရုံဆိုင်ရာ ချို့တဲ့မှုများကို ကြိုကြိုတင်တင် ကာ ကွယ်ပေးထားနိုင်စွမ်း တွေရှိနေလို့ သင့်ရဲ့ အမြင်အာရုံကို ကောင်းမွန်စေဖို့ စားသောက်ရမယ့် စာရင်းထဲမှာ ကြက်ဥကို ထည့်သွင်းထားနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်ဥလိုပါပဲ။ ကြက်သွန်ဖြူကလည်း သင့်မျက်လုံးအတွင်းက မှန်ဘီလူးကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီး ပိုင်းတွေမှာ အဖြစ်များတဲ့ မျက်စိတိမ်စွဲရောဂါနဲ့ အခြားသော အမြင်အာရုံဆိုင်ရာ  ချိုတဲ့မှုများမဖြစ်ပွားအောင် ကြက်သွန် ဖြူရဲ့ သဘာဝ ဂုဏ်သတ္တိတွေက ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက တကယ့်ကို Superfood အမျိုးအစား ၀င်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မျက်စိကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ရုံသာမက ကိုလက်စထရောကို ကျဆင်းစေပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း သန်စွမ်းလာစေနိုင်ပါတယ်။ Sulfur (ကန့် ) ကြွယ်ဝစွာပါဝင်တဲ့ ကြက်သွန်ဖြူလို သဘာဝအစားတွေက သင့်မျက်လုံးအတွင်းထဲရှိ မှန်ဘီလူးကို တိမ်စွဲခြင်းမှကြိုတင်ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

မုန်လာဥနီ

မျက်စိအားကောင်းဖို့ စားသင့်တဲ့ အစားအသောက်များလို့ ဆိုလိုက်တာနဲ့ ကလေးဘ၀က သင့်မေမေကျွေးခဲ့တဲ့ မုန်လာဥနီများကို သင်ချက်ချင်း သတိရသွားမှာပါ။ မှန်ပါတယ်။ မုန်လာဥနီတွေမှာအဓိက ပါဝင်တဲ့ Beta Carotene က သင့်မျက်လုံးမှာရှိတဲ့ Retina (မျက်လုံးနောက်ဖက်ရှိ အလင်းလက်ခံသော အလွှာ) အတွက် အလွန်ကောင်းမွန်တဲ့ Organic Copound အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင်နေရောင်နဲ့ ထိတွေ့မှုများပြီး အချိန်ကြာလာတဲ့အခါမှာ မျက်လုံးထဲက ဆဲလ်တွေဟာပျက်စီးပြီး အမြင်အာရုံကို ထိခိုက်စေပါတယ်။ ဒီဖြစ်စဉ်ကို Sun Damage လို့ခေါ်ပြီး Antioxidant ဂုဏ်သတ္တိရှိတဲ့ Beta Carotene က နေရောင်နဲ့ထိတွေ့မှုများပြီး မျက်လုံးအတွင်း အမည်းရောင် အစက်အပျောက်များ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို အချိန်ကြာကြာပိုင်ဆိုင် ချင်တယ် ဆိုရင်တော့ သင့်ရဲ့ ရွေးချယ်စရာက မုန်လာဥနီလေးများပဲ ဖြစ်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးရဲ့ စွဲဆောင်မှုရှိတဲ့ အနံ့အရသာအပြင် သင်နှစ်သက်နိုင်မယ့် နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ဗီတာမင် C က မျက်လုံးတစ်သျှူးတွေကို ကျန်းမာစေနိုင်စွမ်း ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါ တယ်။ National Eye Institute က  Age-Related Eye Diseases Study ဆိုတဲ့ ခေါင်းစဉ်နဲ့  လေ့လာမှု ပြုလုပ်ပြီးနောက် ဗီတာမင် C က မျက်လုံးထဲမှာ ဗီတာမင် E ကဲ့သို့သော Antioxidant တွေရဲ့ အစွမ်းကို မြှင့်တင်ပေးနိုင် တာကို တွေ့ရှိခဲ့ ပါတယ်။ သင့်မျက်လုံးအတွက် အရေးပါတဲ့ အားဖြည့်အစားအစာတွေကို ဂရုတစိုက်စားပေးနေစဉ်မှာ ဒီအားဖြည့်အစား အစာတွေထံမှ အကျိုးကျေးဇူး အပြည့်အ၀ရနိုင်အောင် လိမ္မော်သီးကို တွဲဖက်စားသုံးပေးသင့်တယ်လို့ အကြံပြုပါရစေ။

အစားအသောက်တွေအပြင် သင့်နေ့စဉ်နေထိုင်မှုပုံစံကလည်း မျက်လုံးကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အိပ်စက်ခြင်းက သင့်မျက်လုံးများကို အပြည့်အ၀အနားရစေပြီး  ဆဲလ်အသစ်တွေ ပြန်လည်အစားထိုး ဖြစ်ပေါ်စေကာ ပြန်လည်ကျန်းမာစေတဲ့ ဖြစ်စဉ် (R&R-Repair&Recovery)ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်ရက်ကို အိပ်ချိန် ရှစ်နာရီပြည့်အောင် အိပ်ပေးသင့်ပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ သူတွေကတော့ မျက်လုံးကို မိနစ် ၅၀  အသုံးပြု ပြီးတိုင်း(၁၀)မိနစ်အနားပေးရပါတယ်။ မျက်စိနဲ့ မျက်ကြောတွေ မခံမရပ်နိုင်အောင် ညောင်းညာလာပြီဆိုရင်တော့ ခေတ္တ လဲလျောင်းပြီး မျက်လုံးပေါ်ကို ရေအေးဝတ်လေး ကပ်ပေးထားနိုင်ပါတယ်။

Ref;Reader’sDigest,Eat this,see better.