ဝမ်းဗိုက်နာကျင်ခြင်းအကြောင်း

ဝမ်းဗိုက်ပိုင်းနာကျင်ခြင်းဆိုတာက ရင်ခေါင်းအောက်ပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းတစ်လျှောက် ခံစားရတဲ့ နာကျင်မှု ဝေဒနာ (ဗိုက်အောင့်၊ ဗိုက်နာ)ကို ဆိုလိုတာဖြစ်ပြီး နေရာအနှံ့အပြားမှာ ပြန့်နှံ့ပြီး ဖြစ်ပေါ်တက်သလို ရောဂါအပေါ် မူတည်ပြီး တစ်နေရာတည်းမှာ အချိန်တော်တော်ကြာ နာကျင်မှုကို ခံစားရတဲ့ ဝေဒနာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ ရောဂါတွေက အနေအထိုင် အစားအ သောက်မှားလို့ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေဖြစ်ပြီး သာမန်အိမ်သုံးဆေးဝါးများ သုံးစွဲရုံ၊ သင့်တော်တဲ့ အစားအသောက်၊ လုံလောက်တဲ့ အနားယူမှု ပြု လိုက်ရုံနဲ့ သက်သာသွားနိုင်ပါတယ်။ အချို့သော ၀မ်းဗိုက်နာကျင်မှုဝေဒနာကတော့ ကိုယ်တွင်း အင်္ဂါများမှာ အထိအခိုက်၊ ရောဂါဖြစ်ပွားလို့ ခံစား ရတဲ့ ဝေဒနာဖြစ်ပြီး ခွဲစိတ်ကုသမှုကဲ့သို့သော အကြီးစား ဆေးဘက်ဆိုင်ရာ ပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။

နာကျင်မှုပုံစံကို ဖော်ပြနိုင်မယ့် နည်းလမ်းများ

သင့်ရဲ့ ၀မ်းဗိုက်ပိုင်းနာကျင်မှုဝေဒနာကို ဖော်ပြနိုင်တဲ့ နည်းလမ်းသုံးခုရှိပါတယ်။နာကျင်မှုဝေဒနာခံစားနေရတဲ့ တည်နေရာ၊ ခံစားရတဲ့ နာကျင်မှုပုံစံအမျိုးအစား၊ နာကျင်မှု ခံစားရတဲ့ အတိုင်းအတာစတဲ့ နည်းလမ်းများနဲ့ သင့်ရဲ့ ဝေဒနာကို ဆန်းစစ်နိုင်ပါတယ်။

နာကျင်မှုက တခြားနေရာတွေကို ပြန့်နှံ့ မှုရှိလား၊ နာလိုက် သက်သာသွားလိုက် ဖြစ်နေသလား၊ ဘယ်လိုအရာ တွေက နာကျင်မှုကို သက်သာစေ (သို့) ပိုဆိုးသွားစေနိုင်သလဲ စတဲ့ အချက်တွေနဲ့လည်း သင့်ဝမ်းဗိုက်ပိုင်း နာကျင် မှုဝေဒနာကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

တတ်ကျွမ်းတဲ့ ဆရာဝန်တွေကတော့ လူနာရဲ့ နာကျင်မှုဝေဒနာကို အဖြေရှာနိုင်ဖို့အတွက် အခြားသော မေးခွန်းများစွာကို ဆက်လက်မေး မြန်းဦးမှာဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့ အချက်များက စာဖတ်သူတွေ ဝေဒနာကို ကိုယ်တိုင်ခံစားလာရတဲ့ အချိန်မှာ အကြမ်းဖျင်းသဘောလောက် နားလည်ထားနိုင်ဖို့နဲ့ ဆရာဝန်က ရောဂါအမျိုးအမည် ရှာဖွေတဲ့အချိန်မှာ ကူညီပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ချက်ကို ဗဟိုပြုပြီးဝမ်းဗိုက်ရဲ့ တည်နေရာတွေကို ခွဲခြားနိုင် ပါတယ်။ ချက်အပေါ်ပိုင်းနဲ့ အောက်ပိုင်း၊ ချက်ရဲ့ ညာဘက်နဲ့ ဘယ်ဘက်၊ တင်ပါးဆုံနား စသည်ဖြင့် ကိုယ်ခံစားရတဲ့ နာကျင်မှုဝေဒနာရဲ့ တည်နေရာကို ခွဲခြားနိုင်ပါတယ်။

နာကျင်မှု ပုံစံ

နာကျင်မှုပုံစံကလည်း ရောဂါအဖြေရှာမှာ အသုံးဝင်တဲ့ သဲလွန်စတစ်ချို့ကို ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံ နာကျင်တဲ့နေရာက ပြန်နှံ့ပြီး ဖြစ်ပေါ်တတ်ကာ ရောဂါရှာဖွေတဲ့အခါ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ အချိန်မှာ ခံစားရတဲ့ ဝေဒနာပုံစံက နေရာအတိအကျမရှိတဲ့ နာကျင်မှုရဲ့ ဇစ်မြစ်ကို လမ်းပြပေးနိုင်ပါတယ်။

နာကျင်မှုပုံစံတွေက စူးကနဲအောင့်ခြင်း၊ မသိ မသာနဲ့ အချိန်ကြာကြာအောင့်ခြင်းမျိုး၊ ရုတ်တရက် ထိုးအောင့် ခြင်း၊ ၀မ်းဗိုက်ကို ဖိထားသကဲ့ သို့ ခံစားရခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်မှုက ကိုယ်ခန္ဓာ ပြင်ပနဲ့ အတွင်းပိုင်းက လှုပ်ရှားမှုတွေ၊ အစားအသောက်  ပုံစံတွေကြောင့် ဖြစ်နိုင်သလို စိတ်ဖိစီးမှုကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်နာကျင်မှုဖြစ်ပေါ်စေတဲ့ ရောဂါများ

ဝမ်းဗိုက်နာကျင်၊ ဗိုက်အောင့်ခြင်းက အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ၀မ်းဗိုက်အပေါ်ပိုင်း နာကျင်မှုနဲ့ ဆက်စပ်လျက်ရှိ တဲ့ ရောဂါများထဲက အဖြစ်များတဲ့ ရောဂါတွေကတော့- ၀မ်းဗိုက်ရဲ့ အပေါ်ပိုင်း(ရင်ဘတ်) စူးခနဲထိုးအောင့်ခြင်းက  နှလုံးသို့သွေးလုံလောက်စွာ စီးဆင်းမှုမရှိခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း Angina လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအဆိပ် သင့်ခြင်းကြောင့် ၀မ်းဗိုက်အပေါ်ပိုင်းအလယ်မှာ အောင့်တတ်ပါတယ်။ အသည်းကင်ဆာရဲ့ လက္ခဏာကတော့ ၀မ်းဗိုက်အပေါ်ပိုင်း ညာဘက် နဲ့ အလယ်မှာ အောင့်ခြင်းမျိုးဖြစ်ပါတယ်။ အစာအိမ်အနာပေါက်ခြင်းနဲ့ အဖြစ်များတဲ့ အစာအိမ် ရောဂါကြောင့် ၀မ်းဗိုက်ရဲ့အလယ်မှာ နာကျင်မှု ကို ခံစားရနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုနဲ့ ဆက်စပ်မှုရှိတဲ့ ရောဂါများကတော့- ၀မ်းဗိုက်အောက်ပိုင်း ညာဘက်မှာ အောင့်ခြင်းက အူအတက်ရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ပိုးဝင်ခြင်း၊ အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ သား အိမ်ပြင်ပ သန္ဓေတည်ခြင်း၊ သားဥပြန်ယောင် ခြင်းတို့ကြောင့် ၀မ်းဗိုက်အောက်ပိုင်း ဘယ်ဘက်နဲ့ ညာဘက် နှစ်နေရာလုံးမှာ နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်ခြင်း ကြောင့် ၀မ်းဗိုက်အောက်ပိုင်း ဘယ်ညာ၊ အလယ်နဲ့ တင်ပါးဆုံပိုင်းမှာ နာကျင်မှုခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါတွေမှာ နာကျင်မှု ဝေဒနာက ပြန့်နှံ့နေသလို ခံစားရနိုင်ပြီး ဆရာဝန်တွေက မေးမြန်းတဲ့အခါ ၀မ်းဗိုက်တစ်ပြင်လုံး နာတယ်လို့သာ ဖြေလေ့ရှိတယ်လို့ ဆရာဝန်တွေက ပြော ကြပါတယ်။

သုံးစွဲနိုင်မယ့် အိမ်သုံးဆေးဝါးများနဲ့ ဝေဒနာကို သက်သာစေနိုင်မယ့်နည်းလမ်းများ

တစ်ချို့သော အခြေအနေတွေမှာ ဗိုက်နာဗိုက်အောင့်တဲ့ ဝေဒနာကို အိမ်သုံးဆေးဝါးတွေ မှီဝဲပြီး သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ သင်ရဲ့ရောဂါဝေဒနာကို သင်ကိုယ်တိုင်က သေချာမှုမရှိဘူးဆိုရင်တော့ ဆရာဝန်ရဲ့ ညွှန် ကြားချက်နဲ့သာ ဆေးဝါးတွေကို သုံးစွဲသင့်ပါတယ်။ ဗိုက်နာဗိုက်အောင့်တဲ့ ဝေဒနာခံစားနေရချိန်မှာ အစားလျှော့စားဖို့၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းကိုရပ်ထားဖို့ ဆရာဝန်တွေ အကြံပြုထားပါတယ်။ အစာခြေလမ်းကြောင်း တစ်လျှောက်မှာ ဖြစ်လေ့ရှိတဲ့ ဗိုက်အောင့်ဝေဒနာ (အစာမကြေခြင်း၊ အစာလမ်းကြောင်း တစ်လျှောက် လေ (Gas) တွေများနေခြင်း)ကို မုန့်ဖုတ်ဆိုဒါ ပမာဏအနည်းငယ် (သို့) သံပုရာဖျော်ရည်ပျော့ပျော့ကို သောက်ပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ အချို့သော ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဗိုက် အောင့်ဗိုက်နာ ဝေဒနာခံစားရတဲ့အခါမှာ ဂျင်း၊ နွယ်ချိုနဲ့ ပက်ပါမင့်န် စတာတွေကိုလည်း သုံးစွဲ နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအရာတွေက သင့်ရဲ့ ဝေဒနာကို သက်သာစေဖို့ ကူညီပေးနိုင် စွမ်းရှိပါတယ်။ ဗိုက်အောင့်ဗိုက်နာရောဂါအတွက် Aspirin လို Analgesic လို အကိုက်အခဲ ပျောက်ဆေးတွေက ရောဂါကို အဖြေရှာပြီးနောက် ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ သောက်သင့်တဲ့ ဆေးဝါးအမျိုး အစား ဖြစ်ပါတယ်။ အစာအိမ် အနာပေါက်ခြင်း၊ အစာအိမ်သွေးကြောပေါက် ခြင်းစတဲ့ ရောဂါတွေကို အဆိုပါဆေးဝါး တွေက အဆိုးဆုံးအခြေအနေဆီသို့ တွန်းပို့ပေးနိုင်တာကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ချိန် ရောဂါအမည်မတပ်နိုင် သေးသ၍ လုံးဝမသောက်သင့် တဲ့ ဆေးဝါးများဖြစ်ပါတယ်။

နေထိုင်မှုပုံစံ

နေ့စဉ်နေထိုင်မှုပုံစံက သင်ဝမ်းဗိုက်ပိုင်းနာကျင်ခံစားရတဲ့ ဝေဒနာအပေါ်မှာ များစွာအကျိုး သက်ရောက်မှုရှိနေပါ တယ်။ ကျန်းမားရေးအတွက်ကောင်းမွန်တဲ့ အစားအစာများကို ညီညွတ်မျှတအောင် စားသောက်မယ်။ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်မယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်မယ်။ ဒီလို နေထိုင်မှုပုံစံက သင့်ရဲ့ဝမ်းဗိုက်နဲ့ ရင်ခေါင်းဆိုင်ရာရော ဂါများဖြစ်ပွားမှုကို လျှော့ချပေးပြီး ရောဂါဖြစ်လာလို့ ခံစားရတဲ့ နာကျင်မှုဝေဒနာမှ ကင်းဝေးစေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ကလည်း အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။

အထူးသဖြင့် သင့်လက်တွေရဲ့ သန့်ရှင်းစင်ကြယ်မှုက သင့်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပါတယ်။ မသန့်ရှင်းတဲ့ လက်များနဲ့ အစားအစာများ ကို ထိတွေ့စားသုံးရာမှ တစ်ဆင့် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားများကြောင့် အစာချေလမ်းကြောင်းတစ်လျှောက် ရောဂါများဖြစ်ပွားပြီး ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်လို့ သင့်ရဲ့လက်များကို အမြဲတမ်းသန့်ရှင်းအောင်ထားပါလို့ အကြံပြု လိုက်ရပါတယ်။

Ref;Abdominal Pain (Causes,Symptoms,Remedies,Treatment)