မိုးရာသီနဲ့ တုပ်ကွေး (Seasonal Flu)

မိုးရွာတစ်လှည့် နေပူတစ်လှည့် ရာသီအကူးအပြောင်းမှာ ဟိုနားဒီနားက ချောင်းဆိုးသံ၊ နှာချေသံတွေကို ခပ်စိတ်စိတ် ကြားလာနေရပါတယ်။ရာသီအကူးအပြောင်းမှာ အဖြစ်များလေ့ရှိတဲ့ တုပ်ကွေးက သာမန်အအေးမိခြင်းနဲ့ မတူဘဲ သင့်ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကျဆင်းစေနိုင်ပြီး ဝေဒနာခံစားရတဲ့ကာလ ကြာရှည်တတ်ပါတယ်။ တုပ်ကွေး ရာသီမှာ တုပ်ကွေး မဖြစ်အောင် ဘယ်လိုရှောင်ရှားနိုင်မလဲ။ အကယ်၍ သင့်ကိုတုပ်ကွေးကူးစက်ခံရပြီ ဆိုပါစို့။ အမြန်ဆုံး သက်သာလာအောင် ဘယ်လိုကုသ နေထိုင်နိုင်မလဲ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ တုပ်ကွေးဗိုင်းရပ်စ်နဲ့ တုပ် ကွေးရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများအကြောင်းကို Raffles Hospital Patient Liaison Office မှ Executive Director ဒေါက်တာသူသူမင်း နဲ့ တွေ့ဆုံမေးမြန်းပြီး ဇွန်လ အတွက် ဖော်ပြပေးလိုက်ပါတယ်။

Seasonal Flu အကြောင်း

ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးကို ရာသီတုပ်ကွေး (Seasonal Flu) လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ နေရာဒေသနဲ့ ရာသီဥတုအပေါ်မူတည်ပြီး ကမ္ဘာ့ဒေသတွေရဲ့ တုပ်ကွေးအဖြစ်များလေ့ရှိတဲ့ အချိန်နဲ့ရာသီက တူညီလေ့ မရှိပါဘူး။ မြန်မာနိုင်ငံမှာ တုပ်ကွေးအဖြစ်များတဲ့ကာလက မိုးရာသီဖြစ်ပြီး ရာသီဥတုအကူးအပြောင်းမှာ Seasonal Flu အဖြစ်များလေ့ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်က ရာသီတိုင်းမှာ ရှိနေတက်သော်လည်း ဒီလို ရာသီဥတုအကူးအပြောင်းမှာ လူတွေရဲ့ခန္ဓာကိုယ်က ကိုယ်ခံစွမ်းအားကျဆင်းနေတတ်တဲ့အတွက် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ဖို့ ပိုလွယ်ကူလို့ ဒီရာသီမှာပိုပြီး အဖြစ်များရခြင်းဖြစ်ပါတယ်။

ကူးစက်နိုင်တဲ့ နည်းလမ်းများ

တုပ်ကွေးကှုည်ူကနညဖေ ဠငမကျ ကြောင့်ဖြစ်ပွားရတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Influenza Virus က Type A ၊ B ၊ C အမျိုးအစားသုံးမျိုးရှိပြီး ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့တုပ်ကွေးကတော့ အများအားဖြင့် Type A ၊ B အမျိုးအစား တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ဒီဗိုင်းရပ်စ်တွေက ကူးစက်ခံရဖို့ အရမ်းလွယ်ကူပြီး နည်းလမ်း အမျိုးမျိုးနဲ့ ကူးစက်ခံရနိုင်ပါတယ်။ ရောဂါရှိတဲ့လူက ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့ အခါ ရောဂါပိုးမွှားတွေက လေထုထဲ ကို ရောက်သွားပြီး အဲဒီလေကို ရှူသွင်းလိုက်တဲ့လူဟာ ရောဂါကူးစက်ခံရနိုင်ပါတယ်။ တုပ်ကွေးမိနေတဲ့ လူတစ်ယောက် ထိတွေ့ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မိပြီး နှာခေါင်း၊ မျက်စိ၊ပါးစပ်တို့ကို ပွတ်မိမယ်ဆိုရင်လည်း ရောဂါကူးစက်ခြင်းခံရနိုင်ပါတယ်။

တုပ်ကွေးရဲ့ နောက်ဆက်တွဲ  ရောဂါလက္ခဏာများ(အအေးမိခြင်း နဲ့ တုပ်ကွေး ခြားနားချက်)

တုပ်ကွေးရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကတော့ ကိုယ်ပူတက်ခြင်း(ဖျားခြင်း)၊ ခေါင်းကိုက်ခြင်း၊ ကိုယ် လက်မအီမသာဖြစ်ပြီး ညောင်းညာကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ အားအင်ကုန်ခမ်းပြီးနုံးခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တုပ်ကွေးမိခြင်းနဲ့ ရိုးရိုးသာမန် အအေးမိခြင်းတို့မှာ ခံစားရတဲ့ ဝေဒနာလက္ခဏာတွေက ဆင်တူပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အအေးမိခြင်းကတော့ ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးက ကိုယ်ခံစွမ်းအားကို ပိုကျဆင်းစေနိုင်သလို၊ ဒီဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်ဖို့ကိုလည်း အချိန်(၅)ရက်ကနေ တစ်ပတ်လောက် ယူရပါတယ်။ သာမန်အအေးမိခြင်းကတော့ ဆေးသောက်ပြီး တစ်ရက်နှစ်ရက်လောက်နဲ့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ကုသမှုပုံစံ (ဆေးဝါး၊ အစားအစာ)

ရောဂါဖြစ်လာပြီဆိုရင် စနစ်တကျနဲ့ နည်းလမ်းမှန်မှန် ကုသနိုင်ဖို့လိုအပ်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အဓိက က ရေများများသောက်ပေးရမယ်။ အနားယူဖို့ လိုအပ်တယ်။ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က တိုက်ထုတ် မှာဖြစ်လို့ ကိုယ်ခံအားမြင့်တက်လာအောင် အားရှိစေတဲ့၊ အာဟာရပြည့်ဝတဲ့ အစားအစာများကို စားပေးရပါမယ်။ တုပ် ကွေးမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အထက်မှာဖော်ပြထားတဲ့ နောက်ဆက်တွဲရောဂါလက္ခဏာတွေကနေ သက်သာအောင် ဆေးသောက်ပေးနိုင်ပါတယ်။ ဖျားပြီး ကိုယ်ပူတာအတွက်  Paracetamol (ပါရာစီတမောလ်)ကဲ့သို့ ကိုယ်ပူကျဆေး၊ ခေါင်းကိုက်တာ ကိုယ်လက်နာကျင် ကိုက်ခဲတာတွေအတွက် Analgesic  (အနယ်လ်ဂျက်ဆစ်)လိုမျိုး အကိုက်အခဲ ပျောက်ဆေး စတာတွေ သောက်ပေးလို့ရပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်အတွက် Anti-viral Medication (ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်မှ တိုက်ထုတ်နိုင်ရန် သောက်သုံးရသော ဆေးဝါး)ကတော့ ဖျားနာရက်ကြာတဲ့ လူနာတွေ၊ ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားတဲ့ လူနာတွေကိုပဲ တိုက်လေ့ရှိပါတယ်။ တက်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ ဆေးဝါးအမျိုးအစား ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ် Type A နဲ့ B အတွက်ပဲ ကာကွယ်ဆေးရှိပြီး Type C အတွက်တော့ ကာကွယ်ဆေးမရှိပါဘူး။ အဖြစ်လည်း နည်းပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံစွမ်းအားနည်းနေတဲ့ ရောဂါသည်တွေ တုပ် ကွေးရောဂါ ကူးစက်ခံရတဲ့အခါ ကုသမှုပုံစံ (ဆေးဝါး၊ အစားအစာ)

ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းနေတဲ့ လူနာတွေကိုတော့ တုပ်ကွေးအဖြစ်များလေ့ရှိတဲ့ရာသီမှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ Flu Shot (ကာကွယ်ဆေး) ထိုးထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

သောက်သုံးလိုက်တဲ့ ဆေးဝါးများရဲ့ အစွမ်းနဲ့ တုပ်ကွေးဗိုင်းရပ်စ်

လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေက တုပ်ကွေးဗိုင်းရပ်ကို သတ်ပစ်ဖို့ မဟုတ်ဘဲ Influenza Virus ကူးစက် ခံရလို့ ဖြစ်လာနိုင်မယ့်နောက်ဆက်တွဲ ဝေဒနာများကိုပဲ သက်သာစေနိုင်စွမ်း ရှိတာဖြစ်ပါတယ်။ Anti-viral Medication တွေကတော့ နာမကျန်းစတင်ဖြစ်ခါစ တစ်ရက်နှစ်ရက်အတွင်း စတင်သောက်ပါက ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိနိုင်ပါတယ်။

တုပ်ကွေးမိပြီး ပြန်လည်သက်သာလာတဲ့အခါ ဆောင်ရန် ရှောင်ရန်

တုပ်ကွေးမိပြီး ပြန်လည်သက်သာလာတဲ့ အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ခုခံစွမ်းအားကို ပြန်လည်မြှင့်တင်ပေးဖို့ လိုပါတယ်။ ရေများများသောက်ပေးရပါမယ်။ လတ်ဆတ်တဲ့ အသီးအနှံကို အဲဒီအချိန်မှာ မစားမဖြစ်စားပေးရပါမယ်။ အစာအုပ်စု(၃)စုအတွင်းက အစားအစာတွေကို မျှတအောင်စားပေးရမယ်။ ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် Zinc ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့ရပါတယ်။ ရှောင်သင့်တဲ့ အရာတွေကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ကိစ္စ တွေကို ဒီအချိန်မှာ ခေတ္တရွှေ့ဆိုင်းထားသင့်ပါတယ်။ နို့ထွက်ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ အလွန်အကျွံ စားသောက်ခြင်း၊ လေ့ကျင့်ခန်းအပြင်းအထန် ပြုလုပ်ခြင်း၊ အရက်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာ သောက်သုံးခြင်း စတာတွေကို ရှောင်ရပါမယ်။

တုပ်ကွေးမမိအောင် ကာကွယ်နိုင်တဲ့အဓိက နည်းလမ်းများ

အကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ တုပ်ကွေးရာသီမရောက်ခင် (ရာသီအကူးအပြောင်း ကာလ မတိုင်ခင်) ကာလမှာ အသက်(၆)လနဲ့အထက် မည်သူမဆို Trivalent (Seasonal) Vaccine  (ကာကွယ်ဆေး)ထိုးထား ခြင်းဖြစ်ပါတယ်။ လတ်တလော ရောဂါပိုးရှိတဲ့လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့သူများကတော့ နားလည်တက် ကျွမ်းတဲ့ ဆရာဝန်များနဲ့တိုင်ပင်ပြီး Preventive Anti- Viral drugs ကို ကြိုတင်ကာကွယ်မှု အနေနဲ့သောက်သုံးရပါမယ်။ 

တုပ်ကွေးရာသီအတွင်း ကျန်းမာစွာ နေထိုင်နိုင်ရန်  ဆရာဝန်တစ်ယောက်ရဲ့ အကြံပြုချက်

အသက်(၆)လနဲ့အထက် မည်သူမဆို တုပ်ကွေးရာသီမှာ Flu Shot (ကာကွယ်ဆေး)ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထိုးထားသင့်တယ်။ ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းများမှ ကာကွယ်နိုင်ရန်  ကိုယ့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို ဂရုစိုက်ရမယ်။ တုပ်ကွေးမိနေတဲ့သူနဲ့ တိုက်ရိုက်ထိတွေ့ပြီးတဲ့အခါတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးရမယ်။ (တုပ်ကွေးရာသီမှာ လူထူထပ်တဲ့ နေရာက ပြန်လာတိုင်း၊ အများသုံးပစ္စည်းများကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်းမှာ လက်ကိုဆပ်ပြာနဲ့  စင်ကြယ်စွာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။) ဖြစ်နိုင်လျှင်တုပ်ကွေးမိနေတဲ့ လူနာနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံခြင်းမျိုး ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မိမိရဲ့ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းပြီး လေ၀င်လေထွက် ကောင်းအောင် ပြုလုပ်ထားသင့်ပါတယ်။ ကျန်းမားရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်ပုံစံ၊ သင့်တော်တဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးပြုလုပ်ပြီး မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘ၀ကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းနေထိုင်ပါ လို့ အကြံပြုလိုက်ရပါတယ်။