တတိယအရွယ်ကို အံတုနိုင်မယ့် အစွမ်းထက်လက်နက် (၈)မျိုး

တတိယအရွယ်ကို အံတုနိုင်မယ့် အစွမ်းထက် လက်နက်(၈)မျိုး

ဖျတ်ဖျတ်လတ်လတ်နဲ့ စိတ်သွားတိုင်း ကိုယ်ပါ လှုပ်ရှားနိုင်သေးတဲ့အရွယ်မှာ သင်လုံးဝ  မစဉ်းစားမိမယ့်အရာက အိုမင်းခြင်းကို ရင်ဆိုင်ရမယ့်အချိန်ပါ။ သက်လတ်ပိုင်းအရွယ်ကို ကျော်လွန်လာတာနဲ့ နှစ်ပေါင်းများစွာ တရကြမ်းမောင်းနှင်ထားတဲ့ သင့်ရဲ့ဇီဝ အင်ဂျင် ဟာ စွမ်းရည်ကျလာမှာ မလွဲပါဘူး။ သင့်ခန္ဓာကိုယ်ကို စိတ်ရှိသလောက် ပိုင်ဆိုင်ထားတဲ့အရွယ်မှာ တတိယအရွယ်အတွက်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ သင်အနားယူနေရမယ့် ဘ၀အချိန်အပိုင်းအခြားကို အနှောင့်အယှက်ပေးနိုင်မယ့် ရောဂါဘယတွေကို ကာကွယ်နိုင်မယ့် အစားအစာ(၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အစေ့အဆန်နဲ့ အခွံမာသီးများ

အစေ့အဆန်များနဲ့အခွံမာသီးများဟာ Unsaturated Fat ကြောင့်နာမည်ကြီးပါတယ်။ သံလွင်ဆီကရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ အစေ့အဆန်၊ အခွံမာသီး များက ရရှိနိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု အကျိုးကျေးဇူးတွေက ခပ်ဆင်ဆင် တူပါတယ်။ Antiaging Super Food အမျိုးအစားဝင် အစေ့အဆန်နဲ့ အခွံမာသီးတွေမှာ ဗီတာမင် နဲ့သတ္တုဓာတ်တွေပါဝင်ပြီး Phytochemical နဲ့ Antioxidant တွေကြွယ်ကြွယ်၀၀ကိုပါဝင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ ကျန်းမာရေးကို အပြည့်အ၀အထောက်အကူ ပြုနိုင်တာကြောင့် ပုံမှန်မဟုတ်တောင် မဖြစ်မနေစားသုံးပေးသင့်တဲ့ အစားအစာမျိုးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကောင်းမွန်တဲ့ ကျန်းမာရေးက သင့်ရဲ့ တတိယအရွယ်ကို ရောဂါဘယကင်းဝေးစွာ ဖြတ်သန်းနိုင်ဖို့ တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ပါတယ်။

သံလွင်ဆီ

လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်အကြာက နိုင်ငံခုနစ်နိုင်ငံက သုတေသီတွေဟာ သံလွင်ဆီရဲ့ ပြည့်ဝဆီ (monounsaturated) က နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေအပေါ် သိသိသာသာ အကျိုးရှိစေခဲ့တာကို ရှာဖွေတွေ့ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သံလွင်ဆီမှာပါဝင်တဲ့ Polyphenols အမည်ရ Antioxidant က အသက်အရွယ်ကြီးရင့်မှုနဲ့ဆက်စပ်ပြီး ဖြစ်ပွားတတ်တဲ့ သက်ကြီးရောဂါ များကို ကာကွယ်ရာမှာ အလွန်အစွမ်းထက်တယ်လို့ သိထားကြပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်။ Super Food အမျိုးအစားဝင် အစားအစာဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်လောက်က ဆိုဗီယက်ဂျော်ဂျီယာက လူတွေဟာ အခြားနိုင်ငံက လူများနဲ့မတူ နှစ်ပေါင်းတစ်ရာကျော်ကြာ အသက်ရှင်နိုင်ကြတဲ့ ဖိုးသက်ရှည်၊ ဖွားသက်ရှည်များ ဖြစ်ခဲ့ကြတယ်လို့ သတင်း ကြီးခဲ့ဖူးပါတယ်။ သူတို့ အသက်ရှည်ရှည်နေရခြင်းအကြောင်းအရင်းကတော့ နေ့စဉ်အစားအစာများမှာ ပါဝင်တဲ့ ဒိန်ချဉ်ကြောင့်လို့ ပညာရှင်တွေ သုံးသပ်ခဲ့ပါတယ်။ အသက်အရွယ် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ age-defying အစွမ်းနဲ့ပတ်သက်လို့ တိုက်ရိုက် ဆက်စပ်မှုကို သက်သေမပြနိုင်သေးသော်လည်း ဒိန်ချဉ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်က အသက်ကြီးလာတဲ့အခါ ရင်ဆိုင်ရမယ့် အရိုးပွခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်တွင်းကလီစာတွေရဲ့ ကျန်းမာရေးကို ကာကွယ် ပေးနိုင်ပြီး အသက်အရွယ်အရ ဖြစ်လာတတ်တဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါများဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

ငါး

အလက်စကာက လူတွေနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေထူးထူးခြားခြား မရှိသလောက်နည်းရခြင်းအကြောင်းအရင်းကို လွန်ခဲ့ တဲ့ နှစ်သုံးဆယ်တုန်းက ပညာရှင်တွေ ရှာဖွေခဲ့ပါတယ်။ အဲဒီလူမျိုးတွေဟာ တစ်နှစ်တစ်နှစ်ကို ငါးပမာဏ အမြောက်အများစားသုံး ခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေယူဆခဲ့ကြပါတယ်။ ငါးက Omega-3 Fatty Acid ကို ကြွယ်ဝစွာရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပြီး Omega-3 Fatty Acid က သွေးတွင်းကိုလက်စထရောကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံး ရဲ့ကျန်းမာရေးကိုလည်း အထူးကောင်းမွန် စေလို့ အသက်အရွယ်ရလာချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မယ့် အစား အစာ စာရင်းမှာ ငါး ပါဝင်ပါတယ်လို့ ဆိုပါရစေ။

ချောကလက်

ပနားမားကမ်းခြေအလွန်က San Blas အမည်ရကျွန်းမှာ နေထိုင်ကြတဲ့ Kuna (Guna) လူမျိုးတွေဟာ ပနားမားကျွန်းမကြီးက လူတွေနဲ့ယှဉ်လျှင် နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်း ကိုးဆနည်းပါးတာကို ကမ္ဘာတစ်ဝန်းကလူတွေ အံ့သြဘနန်း သိရှိထားကြပါတယ်။ အကြောင်းအရင်းကတော့ Kuna လူမျိုးတွေရဲ့ ဓလေ့အရ သူတို့ဟာ နေ့စဉ် ကိုကိုးနဲ့ ပြုလုပ်ဖော်စပ်ထားတဲ့ အဖျော်ယမကာအမျိုးမျိုးကို သောက်သုံးလေ့ရှိတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ကိုကိုးမှာ Flavanols ပါဝင်ပြီး သူ့မှာသွေးကြောတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ ဂုဏ် သတ္တိရှိပါတယ်။ သွေးကြောတွေ နုပျိုကျန်းမာနေမယ်ဆိုရင် သွေးတိုးရောဂါ၊ Type 2 ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ Dementia (အသက်အရွယ်ကြောင့် ဖြစ်ပွားသော မှတ်ဥာဏ်ချို့ယွင်းမှုရောဂါ)စတဲ့ အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ဖြစ်ပွားနိုင်ချေများတဲ့ ရောဂါ တွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ သကြားပါဝင်မှုနည်းပြီး ကိုကိုးပါဝင်မှုများပြားတဲ့ ချောကလက်စစ်စစ်တွေက အားထားစရာဖြစ် လာနိုင်ပါတယ်။

ဝိုင်နီ

အရက်ယမကာ အလွန်အကျွံသောက်သုံး ခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တန်ရုံသင့်ရုံ ပမာဏကတော့ သင့်ရဲ့အိုမင်းခြင်းနဲ့သက်ဆိုင်တဲ့ ပြဿနာ များကို အချိန်အနည်းငယ်နောက်ဆုတ်ထားနိုင် ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အရက်မဟုတ်သော်လည်း ယမကာအမျိုးအစားထဲမှာ ပါဝင်တဲ့အနီရောင်ဝိုင်ကို အနည်းငယ်သောက်သုံးပေးခြင်းက နှလုံးရောဂါ၊ ဆီးချိုနဲ့ အသက်ကြီးချိန် မှတ်ဥာဏ်ဆုံးရှုံးမှုစတဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ၀ိုင်နီမှာ ပါဝင်တဲ့ Resveratrol Compound ဆီကနေ အထက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်တာ ဖြစ်ပါတယ်။ ဒီ Resveratrol Compound ကို တိရိစ္ဆာန်လေးများနဲ့ စမ်းသပ်ထားတဲ့ ရလဒ် တွေအရ ဆဲလ်တွေ အိုမင်းခြင်းဖြစ်စဉ်အား နှေးကွေးစေနိုင်တဲ့ မျိုးဗီဇကို လှုံ့ဆော်နိုင်စွမ်း ရှိတာကို တွေ့ရှိထားပါတယ်။

ဂရိတ်ဖရုသီး

အသက်ကြီးလာချိန် ကျန်းမာရေးဆုတ်ယုတ်မှုကို သာမက ရုပ်ရည်ပိုင်းဆိုင်ရာ ပြောင်းလဲပျက်စီးမှုကိုလည်း ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ Lycopene နဲ့ Caroteniod ဓာတ်တွေရဲ့ သဘောသဘာဝအရ အသားအရေကို ချောမွေ့စေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အသက်အရွယ် ရလာချိန်ရေဓာတ်နဲ့ Collagen နည်းပါးလာမှုကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းကို သူတို့က ကာကွယ်ပေးနိုင်ပါတယ်။ ဂရိတ်ဖရုသီးလို့ အများသိကြတဲ့ ဒီအသီးမှာ Lycopene နဲ့ Carotenoid တွေ ကြွယ်ဝစွာပါဝင် တာကြောင့် သင့်ရဲ့သက်လတ်ပိုင်းလှပပျိုမြစ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဂရိတ်ဖရုသီးတွေ လှိုင်လှိုင်ပေါ်ပြီဆိုရင် ဖျော်ရည်လုပ်လို့ များများ စားစား သောက်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ပဲနို့

ပဲပိစပ်ရဲ့ Isoflavones က ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရေပြားပေါ်က အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တယ်လို့ Journal of the American College of Nutrition က ပညာရှင်တွေ ပြောဆိုထားပါတယ်။ ဒါ့အပြင်အရေပြားကို နူးညံ့ပြီးတင်းရင်းစေနိုင်တဲ့ Collagen တွေ ပြိုကွဲပျက်စီးမှုကိုလည်း  Isoflavones က တားဆီးပေးပါတယ်။ ဒါကြောင့် ပျော့တွဲပြီး အရေး အကြောင်းတွေရှိတဲ့ အသားအရေကြောင့် ကိုယ်ရဲ့ တတိယအရွယ်ကို ရင်ဆိုင်ဖို့ တွေးကြောက်မနေဘဲ ပဲနို့ကို မကြာမကြာသောက်သုံးလို့ အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

Ref;      Eatingwell