ဆေးဖက်ဝင် ထိပ်တန်းဟင်းခတ်အမွှေးအကြိုင်များ

သင့်နေ့လယ်စာ ထမင်းဘူးထံမှ မွှေးကြိုင်တဲ့ အနံ့၊ ဖွင့်လိုက်တဲ့အခါ စားချင်စဖွယ် အရောင်အဆင်းဖြစ်နေစေဖို့ ဟင်းများကို စီမံချက်ပြုတ်တဲ့အခါ သင့်တော်တဲ့ ဟင်းခတ်အမွှေးအကြိုင်များကို သင့်တော်သလို ထည့်သွင်းချက်ပြုတ်ရပါတယ်။ ဒီလိုနည်းနဲ့  နေ့စဉ် သင်စားသောက်လိုက်တဲ့ အစားအစာများမှာ ပါဝင်လာတဲ့  ဟင်းခတ်အမွှေးအကြိုင်များနဲ့ ဆေးဖက်ဝင်အပင်များဆီမှ ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

ငရုတ်သီးမှုန့်

ငရုတ်သီးမှုန့်များကို အရာင်အတွက် ဖြစ်စေ၊ အနံ့အရသာအတွက်ဖြစ်စေ ဟင်းလျာများချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြု လေ့ ရှိကြပါတယ်။ ငရုတ်သီးမှုန့်နီရဲရဲများ ဖြည့်စွက်ထားတဲ့ ဟင်းလျာများရဲ့ အရောင်အဆင်းနဲ့ အနံ့အရသာကို လူတိုင်းနီးပါး (အစပ်မ ကြိုက်တဲ့ လူများကလွဲလို့) လွန်ဆန်နိုင်ဖို့ ခဲယဉ်းပါတယ်။အလွန်အကျွံစားသုံးခြင်းက အစာအိမ်နဲ့ကျောက်ကပ်အတွက် အန္တရာယ်ရှိစေ နိုင်သော်လည်း တော်သင့်ရုံပမာဏလောက်စားသုံးပေးခြင်းက သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ ငရုတ်သီးရဲ့ ပူစပ်တဲ့အရသာက ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ကွန်ပေါင်းကြောင့်ဖြစ်ပြီး ကျန်းမာရေးအထောက်အကူပြု အကျိုးကျေးဇူးတွေများစွာ ရှိပါတယ်။ အဆစ်အမြစ်နဲ့ ကြွက်သားများနာကျင်ကိုက်ခဲတဲ့အခါ အသုံးပြုလေ့ရှိတဲ့ ပလာစတာ၊ လိမ်းဆေးစတာတွေမှာ အဆိုပါကွန် ပေါင်းပါလေ့ ရှိပါတယ်။ ငရုတ်သီးစားပေးခြင်းဖြင့် နှာခေါင်းနဲ့လည်ချောင်းအတွင်းရှိ  သွေးကြောများကိုကြုံ့စေပြီး အအေးမိခြင်းကြောင့်၊ တုပ်ကွေး ကြောင့်ဖြစ်တတ်တဲ့ နှာခေါင်းပိတ်ခြင်း ဝေဒနာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင်ငရုတ်သီးစားပေးခြင်းဖြင့် ခန္ဓာကိုယ် ရဲ့ သဘာဝဇီကမ္မဖြစ်စဉ် တွေကို တိုးမြှင့်ဖြစ်ပျက်စေဖို့ ကူညီပေးပါတယ်။ ငရုတ်သီးစားပြီး နာရီအနည်းငယ်အကြာမှာ သင့်ခန္ဓာကိုယ်ထဲ မှာ ကယ်လိုရီများလောင် ကျွမ်းမှုကို အရှိန်မြှင့်ပေးနိုင်တာကြောင့် မလိုအပ်တဲ့အဆီတွေ ခန္ဓာကိုယ်ထဲ စုပုံမလာအောင် ကာကွယ်ပေးနိုင် စွမ်းရှိပါတယ်။ Antioxidant နဲ့ Anti-inflammatory အစွမ်းလည်းရှိသလို သုတေသီတွေ နောက်ဆုံးတွေ့ရှိထားချက်များအရ ငရုတ်သီးမှုန့် မှာ  အချို့သော Anticancer အစွမ်းတွေလည်း ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ American Journal of Clinical Nutrition မှာတော့ သုတေသီတွေဟာ ငရုတ်သီးမှာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အစွမ်း ရှိကောင်းရှိနေနိုင်တယ်လို့ ဆိုထားကြောင်း ဖော်ပြထား ပါတယ်။ ဒ့ါအပြင် ငရုတ်သီးမှုန့်ရဲ့ Capsaicin က အာရုံကြောတွေကိုလှုပ်ရှားသက်ဝင်စေပြီး ဦးရေပြားဆီသို့သွေးစီးဆင်းမှုကို ကောင်းမွန် စေနိုင်ပါတယ်။ ဒီလိုဦးရေပြားဆီသို့ သွေးလည်ပတ်မှုကောင်းခြင်းကဆံပင်အမြစ်တွေရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို ပိုမိုတိုးတက်စေပြီး ဆံပင်တွေကို သန်စွမ်းစေပါတယ်။

လေးညှင်းပွင့်

လေးညှင်းပွင့်များကို များသောအားဖြင့် အိန္ဒိယဟင်းလျာတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်း အသုံးပြုလေ့ရှိပါ တယ်။ လေးညှင်းပွင့်မှာ ပါဝင်တဲ့ဓာတုပစ္စည်း Eugenol က  Anti-inflammatory ဂုဏ်သတ္တိ(ရောင်ရမ်းမှုကို တားဆီးပေးနိုင်စွမ်း) ရှိပါတယ်။ လေးညှင်းပွင့်တွေမှာ Antioxidant ပါဝင်မှုနှုန်းမြင့်မားတာကို လေ့လာမှုပြုလုပ်သူတွေ တွေ့ရှိထားပြီး Antioxidant  နဲ့ Anti-inflammatory ဂုဏ်သတ္တိတွေ ပေါင်းစပ်ထားတဲ့ လေးညှင်းပွင့်မှာ ကျန်းမာရေးအထောက်အကူပြု အကျိုးကျေးဇူးတွေ ရှိနေတာ မဆန်း ဘူးလို့ ဆိုနိုင်ပါတယ်။ လေးညှင်းပွင့်ရဲ့ ကျန်းမားရေးအကျိုးကျေးဇူးတွေမှာ နှလုံးရဲ့ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်ခြင်းအစ ကင် ဆာရောဂါတွေကို ကြံ့ကြံ့ခံနိုင်စွမ်း အလယ်အဆစ်အမြစ်ရောင် ရောဂါကြောင့် အရိုးနဲ့ အရိုးနုတွေ ပျက်စီးခြင်းကို နှေးကွေးစေနိုင်ခြင်း အဆုံး ပါဝင်ပါတယ်။ လေးညှင်းမှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးက သစ်ဂျပိုးခေါက်မှာပါဝင်တဲ့ ဓာတ်ပေါင်းနဲ့တူညီတဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ်ထဲက အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို တိုးမြှင့်ပေးပါတယ်။ လေးညှင်းဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး စမ်းသပ်မှုရလဒ်များအရ ပဋိဇီဝဆေးဝါးတွေကို ခုခံနိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားအမျိုးအစားအချို့ကိုပါ တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ သိရ ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားများကြောင့် ဖြစ်ပေါ်လာတဲ့ သင့်ရဲ့ခံတွင်းဝေဒနာတွေကို လေးညှင်းပွင့်လေးကို ငုံလို့ သက်သာ ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

မုန်ညင်းစေ့

မုန်ညင်းစေ့ဟာ ဂေါ်ဖီမျိုးနွယ်ဝင် (Cabbage Family) မုန်ညင်းပင်များမှ ရရှိတာဖြစ်ပြီး ဒီအုပ်စုဝင်အပင်များဟာ ကင်ဆာဆဲလ် များကြီးထွားမှုကို ဟန့်တားနိုင်စွမ်းရှိတာကို လေ့လာမှုတွေက တွေ့ရှိထားပါတယ်။ မုန်ညင်းစေ့က သဘာဝအားဖြင့် အပူဓာတ်ရှိတာ ကြောင့် ဒေသမျိုးစုံရဲ့တိုင်းရင်းဆေးဝါးအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။ စိတ်လှုပ်ရှားမှုကြောင့်၊ ရာသီဥတုကြောင့်  Raynaud's phenomenon (လက်ဖဝါးခြေဖဝါးများကို သွေးလုံလောက်စွာ စီးဆင်းမှုမရှိဘဲ အေးစက်နေတဲ့ဖြစ်စဉ်) ခံစားရလေ့ရှိတဲ့ လူတွေကို ကုသရာမှာ မုန်ညင်းစေ့လေးများဟာ နာမည်ကြီးပါတယ်။ မုန်ညင်းစေ့က ခံတွင်းအတွင်း တံတွေးရည်စိမ့်ထွက်အားကို ကောင်းမွန်စေပြီး အစာချေလမ်းကြောင်းအတွင်း အစာချေရည်တွေစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ သတိပြုရမယ့်အချက်ကတော့ မုန်ညင်းစေ့(သို့) မုန့်ညင်းစေ့မှုန့်များကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏထက်ပိုပြီး မစားသုံးသင့်ပါဘူး။ မုန်ညင်းစေ့မှာ ဝမ်းလျှော အော့အန်စေတဲ့ ဂုဏ်သတ္တိလည်း ရှိနေလို့ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အစားမှားလို့ဖြစ်စေ၊ အစာအဆိပ်သင့်လို့ ဖြစ်စေ အရေးပေါ်အခြေ အနေမှာ အထဲကအစာများကို ပြန်လည်စွန့်ထုတ်နိုင်ဖို့ မုန်ညင်းစေ့ကျွေးပြီး ကုသကြတာ ဖြစ်ပါတယ်။

နနွင်း

နနွင်း။ နနွင်းကလည်း ဟင်းလျာတိုင်းလိုလိုမှာမပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ နနွင်းဟာ ဟင်း လျာတွေကို စားချင်စဖွယ်အရောင်အဆင်း ဖြစ်စေရုံသက်သက်မဟုတ်ဘဲ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး စားလိုက်တဲ့ အစာ တွေကို ချေဖျက်ရာမှာလည်း အထောက်အကူပြုပါတယ်။ နောက်ဆုံးရှာဖွေတွေ့ရှိထားချက်များအရ နနွင်းကို ရွှေရောင်သန်းစေတဲ့ Curcumin လို့ခေါ်တဲ့ ဓာတုပစ္စည်းက ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ ထိပ်တန်း Anticancer Agent တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဓာတ်ခွဲခန်းမှ ထွက်လာတဲ့ရလဒ်များက နနွင်းဟာကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုတားဆီးပေးနိုင်ပြီး အထူးသဖြင့် အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာ (Melanoma) တွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ နနွင်းဟာ အချို့သောနာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

သစ်ဂျပိုးခေါက်

သစ်ဂျပိုးခေါက်ကလည်း ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ သစ်ဂျပိုးခေါက်ရဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်းကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစွမ်းဟာ ဆီးချိုဝေဒနာခံစားနေရတဲ့ လူတွေကြားမှာ လျင်လျင် မြန်မြန် ရေပန်းစားလာပါတယ်။ သစ်ဂျပိုးခေါက်မှရရှိနိုင်တဲ့ သဘာဝဓာတ်ပေါင်းအချို့ဟာ အင်ဆူလင်ကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်ပြီး သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်မြင့်မားမှုကို လျော့ကျစေနိုင် ပါတယ်။ ဒီလိုစားသုံးပေးခြင်းက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ရုံသာမကပဲ ခန္ဓာကိုယ်ထဲက ကိုလက်စထရောပမာဏ ၁၂ % ကနေ ၃၀ % အထိ ကျဆင်းစေနိုင်ပါတယ်။ သွေးခဲခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တာကြောင့် နှလုံးသွေးကြောအတွင်း သွေးခဲများပိတ်ဆို့ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းစတဲ့ ပြဿနာများကိုလည်း ကာကွယ်ပြီးသား ဖြစ်စေ ပါတယ်။ အခြားအခြားသော ဆေးဖက်ဝင်ဟင်းခတ်များကဲ့သို့ သစ်ဂျပိုးခေါက်မှာ ဘက်တီးရီးယားများကို ကာကွယ်နိုင်စွမ်းနဲ့ ရောင် ရမ်းမှုကို သက်သာစေနိုင်တဲ့ အစွမ်းတွေရှိနေပါသေးတယ်။ လတ်တလောပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ သစ်ဂျပိုးခေါက်မှာ Polyphenols အမည်ရ Antioxidant တစ်မျိုးကြွယ်ဝစွာပါရှိပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ သစ်ဂျပိုးခေါက်မှာ အမျှင်ဓာတ်လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။

အထက်ဖော်ပြပါ ဟင်းခတ်အမွှေးအကြိုင်တွေကို  နိုင်ငံများစွာရဲ့ ရိုးရာအစားအစာ တော်တော်များများမှာ ထည့်သွင်းအသုံးပြု လေ့ရှိကြပါတယ်။ မြန်မာ့ရိုးရာဟင်းလျာအချို့မှာလည်း ငရုတ်သီးမှုန့်၊ နနွင်း၊ သစ်ဂျပိုးခေါက် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုလို့ ချက်ပြုတ်လေ့ရှိပါတယ်။ ထိပ်တန်းဟင်းခတ် အမွှေးအကြိုင်များစာရင်းမှာ ဂျင်း၊ နံနံစေ့၊ ဇာတိပ္ဖိုလ်သီး၊ ငရုတ်ကောင်း အစ ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်များလည်း ပါဝင်ပါသေးတယ်။ အခြားဆေးဝါးတွေကို ဖြည့်စွက်စားသုံးစရာ မလိုအပ်ဘဲ ဒီလို အာဟာရ တန်ဖိုးဖြင့်မားတဲ့ သဘာဝပစ္စည်းများကို သင်နေ့စဉ်စားသုံးတဲ့ ဟင်းလျာများထဲမှာ လိုက်ဖက်သလို ထည့်သွင်းချက်ပြုတ်စားသုံးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို အချိန်ကြာကြာ ဖြတ်သန်းနိုင်ဖို့ အကြံပြုလိုက်ရပါတယ်။

Ref;Reader’s Digest