အဆစ်အမြစ်ရောင် ရောဂါအတွက်

သင့်ရဲ့ အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ဝေဒနာကို သက်သာစေဖို့ နည်းလမ်းပေါင်းစုံကို သင်ကြိုးစားစမ်းသပ်ခဲ့ ပြီးသား ဖြစ်မှာပါ။ သင့်အဆစ်တွေ၊ အရိုးတွေ ရောင်ရမ်းမှုမဖြစ် အောင်နေထိုင်ပြီး ဆေးဝါးတွေရဲ့ အကူအညီကိုလည်း ယူကောင်းယူ ရပါလိမ့်မယ်။ ဆေးဝါနဲ့အနေအထိုင်အပြင် သင်စားသောက်ပုံကလည်း သင့်ရောဂါရဲ့ အခြေအနေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ နေ့စဉ်စားသုံးမယ့် အစားအသောက်ကို ဂရုတစိုက်ရွေးချယ်ပြီး သင့်ရဲ့နာကျင်မှုကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ အဆစ် အမြစ်ရောင်ရောဂါအတွက် သင်ဘယ်လို အစားအစာများကို ရွေးချယ်စားသောက်နိုင်ပါသလဲ။

သလဲသီး

ပါရှန်းသစ်သီးလို့ လူတွေတင်စား ခေါ်ဝေါ်ကြတဲ့ သလဲသီးမှာ Anti-inflammatory နဲ့  Antioxidant ဂုဏ်သတ္တိတွေ ပါဝင် တာကြောင့် အဆစ်အမြစ် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ သင့်ရဲ့အရိုးနုလေးတွေ ထိခိုက်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ Case Western Reserve University က သုတေသီတွေက အရိုးအဆစ်ရောင် ရောဂါဖြစ်နေတဲ့ အရိုးနုတစ်သျှူး အစိတ်အပိုင်းတွေကို သလဲသီးအဆီအနှစ်နဲ့ စမ်း သပ်ကုသခဲ့ရာမှာ ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့တယ်လို့ သိရပါ တယ်။ ခန္ဓာကိုယ်တွင်းမှာ အရိုးနုတွေအသစ်ဖြစ်ပေါ်ဖို့ အဓိကကျတဲ့ အင်ဇိုင်းတစ်မျိုးရှိပြီး ဒီအင်ဇိုင်းထုတ်လုပ်မှု လိုအပ်တာထက် များလာပြီဆိုရင်တော့ အရိုးအဆစ် ရောင်ရမ်းနာဖြစ်ဖို့ စတင်လာပြီလို့ ဆိုနိုင်ပါတယ်။ စမ်းသပ်မှုရလဒ်အရ အရိုးအဆစ်ရောင်ရောဂါ ဖြစ်နေတဲ့ တစ်သျှူးတွေရဲ့ အင်ဇိုင်းထုတ်လုပ်မှု ပမာဏကို သလဲသီးအဆီအနှစ်က လျှော့ကျစေ နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ပါတယ်။

Omega -3 Fatty Acid  ပါဝင်သောအစားအစာများ

အဆစ်အမြစ်ရောင်ရမ်းနာ ရှိတဲ့သူတွေ ချင်းအတူတူမှာ ငါးများများစားသုံးတဲ့ သူတွေက ငါးသိပ်မစားသုံးတဲ့ သူတွေနဲ့ယှဉ် လျှင် ရောင်ရမ်းမှု သိသိသာသာလျော့နည်းတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ Resolvins လို့ခေါ်တဲ့ ရောင်ရမ်းမှုကို တားဆီး ပေးနိုင်တဲ့ အဆီထုတ်လုပ်မှုကို ငါးကနေရရှိနိုင်တဲ့ Omega-3 Fatty Acid က မြှင့်တင်ပေးနိုင်ကြောင်း မကြာသေးခင်က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါကကိုက်ခဲနာကျင်မှုကို သက်သာစေနိုင်တဲ့ ဆေးဝါး Aspirin ကဲ့သို့ စွမ်းဆောင်နိုင်တဲ့ အာနိသင်ဖြစ်ပါတယ်။ Omega-3 နဲ့ Aspirin တို့ဟာ ခန္ဓာကိုယ်ထဲက Resolvins ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောင်ရမ်းမှုဖြစ်စေတဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တားဆီးပေးပါတယ်။ အဆစ်အမြစ်ရောင် ရောဂါကြောင့် နာကျင်ကိုက်ခဲနေတဲ့ လူတွေအတွက် သတင်း ကောင်းတစ်ခုဖြစ်ပြီး Aspirin အစား ငါးအမျိုးမျိုးစားသုံးပေးခြင်းက ဒီဝေဒနာကို သက်သာစေနိုင်တယ်ဆိုတာက ပိုလို့ဝမ်းသာစရာ ကောင်းတဲ့ သတင်းဖြစ်ပါတယ်။

Antioxidant ကြွယ်ဝသော အစားအစာများ

အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းရဲ့ အခြားအကြောင်းအရင်းတစ်ခုက Free Radical နဲ့ ဆက်စပ်မှုရှိနေနိုင်မလား ဆိုတာ ကို သုတေသီတွေ သံသယရှိခဲ့ဖူးပါတယ်။ Free Radical ကဲ့သို့ မတည်ငြိမ်တဲ့ မော်လီကျူးတွေက ကျန်းမာတဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်းကြောင့် အရိုးအဆစ်တွေ ထိခိုက်ပျက်စီးပြီး ရောင်ရမ်းနာကျင်မှု ဖြစ်ပေါ်စေခြင်း ရှိမရှိလေ့လာခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အရိုးနုတွေရဲ့ ကိုယ်တိုင်ထိန်းသိမ်း၊ အသစ်ပြန်လည် အစားထိုး နိုင်တဲ့စွမ်းရည်ကို Free Radical တွေက ကြီးကြီးမားမား ထိခိုက်ပျက်စီးစေနိုင်တာကို တွေရှိခဲ့ပါတယ်။ ဒါကြောင့်အဆစ်တွေ ပျက်စီးမှုအကြီးအကျယ်ဖြစ်ရပြီး ရောင်ရမ်းနာကျင်မှုကို ခံစားရတာ ဖြစ်ပါတယ်။ Free Radical တွေကို တိုက်ခိုက်ဖျက်စီးနိုင်တာက Antioxidant လို့ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ဖြစ်ပါတယ်။ သဘာဝကရရှိတဲ့ အစားအစာ အသီးအနှံများမှ Antioxidant ကို ပုံစံအမျိုးအစား စုံလင်စွာနဲ့ ရရှိနိုင် ပြီး ဗီတာမင် စီ ၊ ဘီတာကယ်ရိုတင်း စတဲ့ Antioxidant တွေက အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C (လိမ္မော်သီး၊ ကီဝီသီး)နဲ့ အစိမ်းရောင် အသီးအရွက်များ (ဟင်းနုနွယ်၊ မုန်လာ)မှ ရရှိနိုင်တဲ့ Antioxidant  တစ်မျိုးဖြစ်တဲ့ ဗီတာမင် E နဲ့ ပေါင်းစပ်လိုက်ရင် အဆစ်အမြစ် ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

နာနတ်သီး

အပူပိုင်းဒေသထွက် အသီးတစ်မျိုးဖြစ်တဲ့ နာနတ်သီးမှာ ရောင်ရမ်းမှုကိုသက်သာလျော့ပါး စေနိုင်တဲ့ Bromelain အမည်ရ protein-digesting enzyme ပါဝင်ပါတယ်။ ဒါကရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို သက်သာစေနိုင်တဲ့ ဆေးဝါးများနဲ့ အာနိသင်တူပါတယ်။ လေ့လာမှု တွေအရ Bromelain ကို အရိုးအဆစ်တွေ ရောင်ရမ်းခြင်းကို သက်သာစေနိုင်မယ့် ဆေးတစ်မျိုးအ ဖြစ်တောင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။နာနတ်သီးကို စားသုံးရာမှာ အစားစားပြီးမှ စားခြင်းက ထိရောက်မှု ပိုရှိစေပါတယ်။ အခြားအစားအစာများနဲ့ အတူစားမယ်ဆိုရင် နာနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းတွေက အစာချေဖျက်ရာမှာ ပါဝင်သွားနိုင်ပါတယ်။ လတ်ဆတ်တဲ့ နာနတ်သီး ဒါမှမဟုတ် အေးခဲထားတဲ့ နာနတ်သီးတွေကို စားသုံးနိုင်ပါ တယ်။ စည်သွပ်ထားတဲ့ နာနတ်သီး(သို့) နာနတ်သီးရည်တွေက သိသာတဲ့ အကျိုးသက်ရောက်မှု မရှိလို့ မရွေးချယ်ဖို့ အကြံပြုလိုပါတယ်။

ဒါ့အပြင် Green Tea နဲ့ သံပုရာမျိုးရင်းဝင် အသီးများ ၊ နနွင်း၊ ချင်း၊ လေးညှင်းနဲ့ သစ်ကြံပိုးခေါက်စတဲ့ ဟင်းခတ် အမွှေးအကြိုင်များမှာလည်း Anti-inflammatory အစွမ်းသတ္တိတွေရှိလို့ စားသုံးပေးသင့်တဲ့ အစားအစာများစာရင်းမှာ ပါဝင်ပါတယ်။

Ref;Reader’sDigest