သဘာဝရဲ့ ဆန်းကြယ်သောလက်ဆောင် ပျားရည်

ဆေးပညာနဲ့ အလှအပဆိုင်ရာ ရှည်လျားသော သမိုင်းကြောင်းကို ဖြတ်သန်းလာတဲ့ ပျားရည်ကို အမျိုးမျိုးတင်စားခေါ်ဝေါ် ကြပါတယ်။ လှပတဲ့အပြုံးကို ချိုမြိန်တဲ့ပျားရည်ရဲ့ အရသာနဲ့ တင်စားသလို ပျားရည်ရောင် ဆံပင်များက ရှေးခေတ်အီဂျစ်၊ ဂရိနဲ့ ရောမလူမျိုးတို့ရဲ့ အနုပညာများထဲမှာ မပါမဖြစ်ပါ။ လက်ရှိအချိန်မှာတော့ ပျားရည်ကို Antibacterial နဲ့ Anti-inflammatory ဂုဏ်သတ္တိတွေ၊ လှပနုပျိုမှုအတွက် အဖိုးတန် Antioxidant အစွမ်းတွေကြောင့် လူတွေက နှစ်သက်ကြပါတယ်။ ပျားရည်မှာ ချိုမြိန်တဲ့အရသာ၊ စွဲဆောင်မှုရှိတဲ့ အရောင် အဆင်းအပြင် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။

Antibacterial

ပျားရည်ကလူကို ဥပါဒ်ဖြစ်စေတဲ့၊ အစားအသောက်တွေမှာ ပေါက်ဖွားတတ်တဲ့ E.coli ၊ Salmonella ကဲ့သို့သော ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို နှေးကွေးစေပါတယ်။ ဆေးရုံဆေးခန်းတွေမှာ အတွေ့များရတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ် နိုင်စွမ်းရှိတာကိုလည်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပျားရည်ရဲ့ အရောင်ရင့်လေ Antibacterial နဲ့ Antioxidant တွေရဲ့ အာနိသင်က ပိုကောင်းလေဖြစ်ပါတယ်။

အနာများကို သက်သာစေနိုင်

ပျားရည်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ နယူးဇီလန်နိုင်ငံမှာ ရှင်သန်ပေါက်ရောက်တဲ့ Manuka လို့ခေါ်တဲ့ ပန်းပွင့်များရဲ့ ၀တ်ရည်ကို သောက်သုံးတဲ့ပျားများမှ ထုတ်လုပ်ထား တဲ့ Manuka Honey က သူ့ရဲ့ဆေးဖက်ဝင်အစွမ်းသတ္တိများကြောင့် နာမည်ကြီးပါတယ်။ FDA က ဒဏ်ရာများနဲ့ အရေပြားအနာများကို ကုသရာမှာ Manuka Honey က အစွမ်းထက်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ပျားရည်ရဲ့ Antibacterial  ဂုဏ်သတ္တိကြောင့် အနာကို ဘက်တီးရီးယားပိုးမွှား ၀င်ရောက်ခြင်းကို ဟန့်တားနိုင်ပြီး ရောင်ရမ်းမှုကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။ ပျားရည်ရဲ့ pH အဆင့်ဟာ Acidic ဂုဏ်သတ္တိဆောင်တာကြောင့် ဒီအချက်ကပဲ ပျားရည်သုတ်လိမ်းပေးတဲ့ ဒဏ်ရာတွေမှာ အနာကျက်မြန်စေတာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့်ခံစားရတဲ့ နာကျင်ပြီး ကျိန်းစပ်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ ပျားရည်လိမ်းပေး ခြင်းက အနာကျက်ပြီးနောက်ပိုင်း ကျန်ရစ်တဲ့အမာရွတ်တွေကိုလည်း သက်သာလျော့ပါးစေတယ်လို့ သိရပါတယ်။ မီးလောင်ဒဏ်ရာအတွက် တော့ ပျားရည်ကို အသုံးမပြုသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နာကျင်မှုကို ခံစားရနိုင်ပါတယ်။

အအေးမိခြင်းနဲ့ ချောင်းဆိုးရောဂါ

ပျားရည်ဟာ သာမန်အအေးမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အစောပိုင်းလက္ခဏာများကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ပန်းဂျုံပျားရည် (ပန်းဂျုံဝတ်ရည် တစ်မျိုးတည်းကိုသာ စုပ်ယူထား သည့်ပျားများမှ ရရှိသောပျားရည်)ကို အသုံးပြုပြီးကလေးငယ် ၁၃၉ ဦး ပါဝင်တဲ့လေ့လာမှုတစ်ခုကို Penn State College of Medicine က ပြု လုပ်ပြီးနောက် ပျားရည်ဟာ ချောင်းဆိုးတဲ့ဝေဒနာကို သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အိပ်ရာမ၀င်ခင် ပျားရည် လက် ဖက်ရည်ဇွန်း ၂ ဇွန်းခန့် သောက်ပေးပါက ညဘက်ချောင်းဆိုးခြင်းကို သက်သာစေပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။

မှတ်ဉာဏ်စွမ်းရည်

ပျားရည်ရဲ့ ချိုမြိန်တဲ့အရသာလိုပဲ နောက်ထပ် စွဲမက်ဖို့ကောင်းတဲ့ အာနိသင်ရှိပါသေးတယ်။ ပျားရည်ကို နေ့စဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကနေ နှစ်ဇွန်းခန့် စားပေးမယ်ဆိုရင် အသက်ကြီးလာချိန်အထိ သင့်မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။ ပျားရည်က နာ့ဗ်ကြောတွေကို ပျော့ပြောင်းတည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေနိုင်ပါတယ်။

ဗီတာမင်နဲ့ သတ္တုဓာတ်များ

ပျားရည်ပမာဏ အနည်းငယ်ကနေ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် ရရှိနိုင် ပါတယ်။ Niacin၊ Riboflavin ၊ Pantothenic acid ၊ Calcium ၊ Copper ၊ Iron ၊ Magnesium ၊ Manganese၊ Phosphorus ၊ Potassium နဲ့ Zinc စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ပျားရည်စက်တိုင်းမှာ ကြွယ်ဝစွာပါဝင်ပါတယ်။

သွေးဖြူဥ

Mayo Clinic က ကင်ဆာဝေဒနာရှင်တွေ ဓာတုကုထုံး (Chemotherapy)နဲ့ ကုသပြီးနောက် သွေးဖြူဥပမာဏ လျော့နည်းသွားတဲ့ အခြေအနေ(Neutropenia)ကို ပျားရည်က ကာကွယ်နိုင်တဲ့ အလားအလာရှိပြီး ကုန်ကျစားရိတ်နည်းပါးတဲ့  နည်းလမ်းဖြစ်လာနိုင်ကြောင်း ပြောဖူးပါတယ်။ စမ်းသပ်မှုရလဒ်တွေအရ ဓာတုကုထုံးနဲ့ ကုသမှုခံယူနေစဉ်အတွင်း နေ့စဉ်ပျားရည်နှစ်ဇွန်းသောက်ခဲ့တဲ့ လူနာတွေရဲ့ သွေးဖြူဥပမာဏဟာတိုးတက်မှုရှိတယ်လို့ သိရပါတယ်။

လှပနုပျိုစေဖို့

ဝက်ခြံ။ ပျားရည်မှာ ပါဝင်တဲ့ Antibacterial အစွမ်းက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ၀က်ခြံများကို ဖြေရှင်းနိုင်မယ့် အကောင်း ဆုံးနည်းလမ်းဖြစ်ပါတယ်။ ၀က်ခြံကို ပျားရည်တို့ပေးခြင်းက ရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ၀က်ခြံတွေ အပျောက်မြန်စေသလို အမာ ရွတ်တွေ ကျန်ခဲ့လို့ စိတ်ညစ်ရမယ့် ဒုက္ခကလည်း ကင်းဝေစေပါတယ်။ ပျားရည်ရဲ့ Antioxidant တွေက အိုမင်းခြင်းရဲ့တရားခံ Free Radical တွေကို တိုက်ထုတ်ပေးနိုင်မယ့် စွမ်းအားမြင့် လက်နက်ဖြစ်ပါတယ်။ ဒါကြောင့် ပျားရည်က သင့်အလှအပရဲ့ရန်သူ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။ ပျားရည်ရဲ့ သဘာဝကအစိုဓာတ်ရှိပြီး နူးနူးညံ့ညံ့ ရှိတဲ့ အရည်အမျိုးအစား ဖြစ်ပါတယ်။ ဒါက သင့်အသားအရေကို စိုပြေစေပြီး တောက်ပြောင်စေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ လှပမှုအတွက် ပျားရည်ကို စားသုံးပေးသင့်ပါတယ်။

ကလေးတွေကို ပျားရည်မစားမိစေဖို့ သတိပြုပါ

ပျားရည်က အရွယ်ရောက်ပြီးသူများအတွက် ဘေးဥပဒ်မရှိတဲ့ သဘာဝထွက်ကုန် ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်အောက် ကလေးငယ်တွေကို ပျားရည်မကျွေးမိဖို့ ကလေးအထူးကု ဆရာဝန်တွေက ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့ ဆိုပါတယ်။ U.S. Department of Health and Human Services ရဲ့ website တစ်ခုမှာ "Do not let babies eat honey” လို့ရေးထားပါတယ်။ အစာ အဆိပ်သင့်မှုကို ဖြစ်စေတဲ့ Botulinum ဘက်တီးရီးယားတွေရဲ့ မျိုးမှုန်တွေဟာ ဖုန်တွေနဲ့ မြေပြင်နေရာတိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။ ပျားရည်ထည့်တဲ့ ပုလင်းတွေမှာ၊ ပျားရည်ပုလင်းကို လူကြီးတွေက ကိုင်တွယ်လိုက်စဉ်မှာ ဒီဘက်တီးရီးယားတွေက ပျားရည်ထဲကို ၀င် ရောက်သွားနိုင်ပါတယ်။ ကလေးငယ်တွေဟာ အသက်တစ်နှစ်မပြည့်ခင်အချိန်မှာ သူတို့ရဲ့ကိုယ်ခံစွမ်းအားစနစ်က မဖွံ့ဖြိုးသေးဘဲ ဘက်တီး ရီးယားပိုးတွေကို တိုက်ထုတ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် အရွယ်ရောက်ပြီး သူတွေနဲ့ မတူဘဲ ကလေးငယ်တွေမှာ  ပျားရည်ကြောင့် အခန့်မသင့်ရင် အစာအဆိပ်သင့်မှု ဖြစ်နိုင်ပါတယ်။ ပျားရည်ကို ဒီအတိုင်းမဟုတ်ဘဲ ကလေးကို ကျွေးမယ့်အာဟာရထမင်းထဲ ထည့်ကျွေး မယ်ဆိုရင်တော့ အပူနဲ့ထိတွေ့မှု ရှိသွားတာကြောင့် ပြဿနာ မရှိနိုင်ပါဘူးလို့ ပညာရှင်တွေက ဆိုထားပါတယ်။

Ref;webmd