သင့်ကိုယ်အလေးချိန်ကို စိန်ခေါ်မယ့် (၇)ရက်

    ရက်သတ္တပတ်အတွင်း ကိုယ်အလေးချိန် ငါးပေါင်ကျဆင်းစေနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဆာခံစရာမလို၊ ထူးခြားဆန်းပြားတဲ့ ဖြည့်စွက်ဆေးဝါးတွေမလိုဘဲ အစားအသောက်တချို့ကို ရှောင်လိုက်ရုံနဲ့ သင့်ခန္ဓာကိုယ်အလေးချိန် ငါး ပေါင်ကို (၇)ရက်အတွင်းလျှော့ချပေးနိုင်မယ့် နည်းဗျူဟာဖြစ်ပါတယ်။ ဒီနည်းဗျူဟာက အသေးအမွှား အနစ်နာခံရမယ့်အရာတွေ၊ တိကျမှုရှိတဲ့ နည်းပညာတွေကို ပေါင်းစပ်ထားရုံသာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးမယ့် နည်းလမ်းတွေကို ခုနှစ်
ရက် (ရက်သတ္တပတ်တိတိ) မပျက်မကွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ခုနှစ်ရက်ကြာပြီးနောက် သိသိသာသာ ပြောင်းလဲလာတဲ့ ပေါင်ချိန်စက်ရဲ့ကိန်းဂဏန်းတွေကို မြင်တွေ့လာရမှာပါ။


ရေသောက်ပါ
    စွမ်းအားဖြည့်အချိုရည် (Energy Drink)တွေ၊ သစ်သီးဖျော်ရည်ဒါမှမဟုတ် အပျော့စားဘီယာတွေစတဲ့ အဖျော်ယမကာတွေမှာ အနည်းဆုံးကယ်လိုရီ ၁၀၀ခန့် ပါဝင်လေ့ရှိပါတယ်။ ကယ်လိုရီပမာဏ ၁၀၀ ပါဝင်တဲ့ အစားအစာများ စားသုံးလိုက်သလိုလဲ ဒီဖျော်ရည်တွေက သင့်ကိုအာသာပြေစေမှာ မဟုတ်ပါဘူး။ ဖျော်ရည်တွေမှာ ဆိုဒီယမ်(ဆား) နဲ့ ကာဘိုဟိုက်ဒြိတ်တွေ ပါဝင်နေနိုင်ပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်သယောင် ထင်ရပေမယ့် အမှန်တကယ် သင့်ကို ပိုပြီး ၀ဖြိုးလာစေပါတယ်။ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒြိတ် သုည ရာခိုင်နှုန်း၊ ဆိုဒီယမ် အနည်းငယ်တောင် မပါဝင်တဲ့ ရေက အကောင်းဆုံးသောက်စရာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ ပိုနေတဲ့ ရေ (Excess water weight) ကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း  နှိုးဆော်ပေးနိုင်ပါတယ်။ ရေချည်းသက်သက် သောက်ဖို့သင့်အတွက် ခက်ခဲနေမယ်ဆိုရင် သံပုရာသီးစိတ်တွေ၊ Mint အရွက်လေးတွေ စိမ်ပြီး သောက်နိုင်ပါတယ်။

ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ
    ဖြူဆွတ်အောင် အရောင်ချွတ်ထားတဲ့ ဆန်နဲ့ ဂျုံတွေစားသုံးခြင်းကို လုံးဝရှောင်ကြဉ်လိုက်တာနဲ့ သိသိသာသာ ပိန်သွားနိုင်ပါတယ်။ အဖြူရောင် ဆန်၊ ဂျုံ စတဲ့ ကောက်နှံတွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒြိတ်က သင့်ကို ၀ဖြိုးစေပြီး အဆိုးဆုံးကတော့ ဗိုက်ပူစေပါတယ်။ ကာဘိုဟိုက်ဒြိတ်က သင့်ခန္ဓာကိုယ်အလေးချိန်ကို အကြီးအကျယ် ထိခိုက်မှုရှိပါတယ်။ ကာဘိုဟိုက်ဒြိတ်တွေက အစာချေဖျက်တဲ့အခါ ကြေပျက်ဖို့ အလွန်လွယ်ကူပြီး အချိန် အနည်းငယ်အတွင်း ဗိုက်ပြန်ဆာလာနိုင်ပါတယ်။ ဒါကြောင့် အခွံမချွတ်ထားတဲ့ ကောက်နှံ (Whole Grain) တွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာများနဲ့ ဟင်းသီးဟင်းရွက်များကို ဒီကာလအတွင်း အစားထိုးစားသုံးပေးသင့်ပါတယ်။ ကာဘိုဟိုက်ဒြိတ်
နဲ့ ဟင်းသီးဟင်းရွက်တွေကို ရောနှောစားပေးခြင်းက အစာချေဖျက်ခြင်းကို  နှေးကွေးစေနိုင်တာ ကြောင့် ခဏခဏ ဗိုက်ဆာတဲ့ ပြဿနာကနေ ကင်းဝေးစေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ရေဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ပိုနေတဲ့
ရေ (Excess water weight) ကို ဖယ်ထုတ် ပေးနိုင်ပါတယ်။

နေ့စဉ် မိနစ်(၃၀) ခန့်လေ့ကျင့်ခန်းပြုလုပ်ပါ
    ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးမဆို ပြုလုပ်တဲ့အခါ နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဆန်ဖရန်စစ္စကိုက နည်းပြတစ်ဦးကတော့ စက်ဘီးစီး ခြင်း၊ ကစ်ဘောက်ဆင်း၊ Boot-camp( စစ်တပ်
တွင် အသုံးပြုသော လေ့ကျင့်ခန်းများ အသုံးပြု၍လေ့ကျင့်ခြင်း) စတဲ့ လေ့ကျင့်ခန်းသုံးမျိုးကို အကြံပြုထားပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး မိနစ် (၃၀) ခန့်ပြုလုပ်မယ်ဆိုရင် ကယ်
လိုရီ ၂၀၀ မှ ၃၀၀ အတွင်း လောင်ကျွမ်းစေနိုင်ပြီး ရက်အနည်းငယ်အတွင်း လက်မောင်း၊ ပေါင် နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျစ်လစ်လာတာကို တွေ့ရမှာပါ။

လေ့ကျင့်ခန်းမလုပ်မီ နာရီဝက်ကြိုပြီး ကော်ဖီ သောက်ပါ
    ဒီကာလအတွင်း ရေကလွဲပြီး တားမြစ်ထား တဲ့ အရည်တွေထဲမှာ ချွင်းချက်အဖြစ် ထည့်သွင်း နိုင်တဲ့တစ်ခုတည်းသော သောက်စရာက ကော်ဖီ ဖြစ်ပါတယ်။ နံနက်ခင်းကော်ဖီ (Morning Coffee) က သင့်ရဲ့တစ်နေ့တာကို ပိုပြီး တက်တက်ကြွကြွရှိစေနိုင်သလို လေ့ကျင်ခန်းမလုပ်ခင် နာရီဝက်အလိုမှာ ကော်ဖီသောက်ခြင်းက ကိုယ်လက်လှုပ် ရှားမှုများကို အင်အားအပြည့်နဲ့ လှုပ်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ညတိုင်း မိနစ်(၃၀) ပိုအိပ်ပါ
    သင့်အိပ်ချိန် က ၅ နာရီ ဒါမှမဟုတ် ၈ နာရီ အပြည့် ရှိနေစေဦးတော့ အိပ်နေကျအချိန်ထက် မိနစ်(၃၀) ပိုအိပ်ပေးပါ။ ဒီလိုအိပ်ပေးခြင်းက သင့်ကိုပိုမိုလန်းဆန်းပြီး တက်တက်ကြွကြွ ရှိစေပါတယ်။ အိပ်ချိန်အလုံအလောက် မရရှိတာ
ကြောင့်လိုအပ်တဲ့  စွမ်းအင်ရရန် အစားနဲ့ဖြည့်စွက်ဖို့ မလိုအပ်တော့သလို အိပ်ရေးမ၀လို့ နုံးခွေပင်ပန်ပြီး Gym မသွားနိုင်တဲ့ အဖြစ်မျိုးလည်း မရှိနိုင်တော့ပါဘူး။ ပြည့်ပြည့်၀၀ အိပ်စက်အနားယူခြင်း (အိပ်ချိန် ၇ နာရီနဲ့ ၈ နာရီကြားရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်) က သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုတိုးတက်ကောင်း မွန်စေပြီး သင်အိပ်စက်နေစဉ် ခန္ဓာကိုယ်က ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးနေပါတယ်။

နေ့စဉ်စားလေ့ရှိတဲ့ အစားအစာတစ်မျိုးကို ရှောင် လိုက်ပါ။
    သင်သိပ်ကြိုက်နှစ်သက်တဲ့ အစားအစာ တစ်မျိုးမျိုးကို စွန့်လွှတ်လိုက်ပါ။ နေ့လည်စာနဲ့ တွဲစားလေ့ရှိတဲ့ အာလူးကြော်လိုမျိုး ဆီကြော်တွေ၊ ညစာစားပြီး တည်းလေ့ရှိတဲ့ ချောကလက်လိုမျိုး အချိုတွေကို ဘယ်လောက်ကြိုက်ကြိုက် မစားမိအောင် ကြိုးစားပါ။ ဒီအစားအစာတွေကို ဖြတ်တောက်လိုက်ရုံနဲ့ ကယ်လိုရီ ရာပေါင်းများစွာကို သင့်ခန္ဓာကိုယ်ထဲက ဖယ်ထုတ်ပြီးသားဖြစ်သွား ပါလိမ့်မယ်။ချပ်ရပ်တဲ့ ကိုယ်လုံးကို သင်သတိတောင် မထားမိဘဲ ရရှိလာမှာပါ။

ဓာတ်ပုံရိုက်ရာမှာ “၀” မနေစေဖို့ သတိပြုပါ
    မျက်နှာကို အနည်းငယ်ပင့်လို့ လက်မောင်းတွေကို ခန္ဓာကိုယ်နဲ့ ဝေးနိုင်သမျှဝေးတဲ့ နေရာသို့ ဆန့်ထုတ်ထားပါ။ ကင်မရာရှေ့မှာဘယ်တော့မှ တည့်တည့်မရပ်မိပါစေနဲ့။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်ရှေ့တစ်ဖက်သို့ အနည်းငယ် ထုတ်ထားပြီး ခပ်စောင်းစောင်း အနေအထားက အသင့်တော်ဆုံးဖြစ်ပါတယ်။ သင်ရဲ့ ကိုယ်အလေးချိန်ကို ကင်မရာက မှတ်တမ်းမတင်မိစေဖို့ အမြဲတမ်းသတိရပါ။

ဒါတွေကို သတိပြုပါ
    ကျောရိုးတွေကို ဖြောင့်ဖြောင့်မတ်မတ် ဖြစ်နေအောင် အမြဲသတိထားဖို့လိုပါတယ်။ မတ်တပ်ရပ်တဲ့ အခါမှာ လျော့လျော့ရဲရဲ မရပ်ဘဲ မတ်မတ်ရပ်ပါ။ ၀မ်းဗိုက် ကြွက်သားတွေကို အားပြုပြီး ဗိုက်ကို ရှပ်ထားပါ။ ဒီအနေအထားက သင့်ကိုပိုပြီး ပိန်ပါးစေပါတယ်။ Bodybuilding ကစားကြ တဲ့သူတွေ ပြိုင်ပွဲမ၀င်ခင်မှာ ထိုင်ထလေ့ကျင့်ခန်းပြုလုပ်လေ့ရှိပါတယ်။ အကြောင်းကတော့ ထိုင်ထလေ့ကျင့်ခန်း လုပ်ပေးခြင်းက ၀မ်းဗိုက်၊ တင်ပါးနဲ့ ပေါင်တံတွေမှာရှိတဲ့ ကြွက်သားတွေကို ခနတာ ကြံခိုင်သန်မာစေလို့ ဖြစ်ပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ထိုင်ထလေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။

Ref; harpersbazaar