ပင်ပန်းနွမ်းနယ်မှုကို ကျော်လွှားနိုင်မယ့်ဗျူဟာ(၇)ရပ်

    ခရီးဝေးတစ်ခုကို အပြင်းနှင်လာသလိုပင်ပန်းနွမ်းနယ်ပြီး အမည်တပ်လို့မရတဲ့ စိတ်မသက်မသာဖြစ်မှုမျိုး အနည်းဆုံး တစ်ကြိမ်တော့ သင်ကြုံဖူးမှာပါ။ ဒီလိုအဖြစ်မျိုးကြုံရတဲ့ အချိန်မှာ အရာရာကို ပျင်းရိငြီးငွေ့ပြီး ပတ်ဝန်းကျင်က သက်ရှိသက် မဲ့များကြားမှာ မပျော်ပိုက်နိုင်တော့တဲ့အထိ စိတ်ကသိကအောင့် ဖြစ်ရမှုမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ လုပ်ငန်းခွင်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအကြောင်းအမျိုးမျိုးကြောင့် သင်ပင်ပန်း နွမ်းနယ်လာတယ်လို့ ခံစားရနိုင်ပါတယ်။

    ပညာရှင်တွေ ထောက်ခံချက်ပေးထားတဲ့သင်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်း တက်ကြွလာစေနိုင်မယ့် အကြံပြုချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ပါးအောင်ပြုလုပ်ပါ


    မောပန်းနွမ်းနယ်ခြင်းဆိုက သင့်ရဲ့စိတ်အခြေအနေနဲ့ ဆက်စပ်မှုရှိပြီး နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုသေးသေးလေးတွေ စုပုံလာတဲ့အခါမှာ ဖြစ်တတ်ပါတယ်လို့ လန်ဒန်မှ ဆရာဝန်တစ်ဦးက ဆိုထားပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်း
မာရေးပြဿနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဘ၀ရဲ့ ပြဿနာများကို မေ့ထားပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ နေနိုင်ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ အလုပ်နဲ့သက်သေပြဖို့ ခက်ခဲလှပါတယ်။

   လူတွေက အနားယူတဲ့ အချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနားယူလေ့ရှိပြီး လူအများစုက တီဗွီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ် ခြင်း၊ Spa သွားခြင်း စတဲ့နည်းလမ်းတွေကို ရွေး ချယ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို အ မှန်တကယ်သက်သာစေမယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်ဖြင့် ပညာရှင်တွေ လေ့လာမှုပြုလုပ်ပြီးထောက်ခံထားတဲ့ နည်းလမ်းသုံးမျိုး ရှိပါတယ်။

သစ်ပင်စိုက်ပါ - သစ်ပင်တွေရှိတဲ့ ပတ်ဝန်းကျင် က သက်တောင့်သက်သာဖြစ်စေတဲ့ တုံ့ပြန်မှုကိုဖြစ်ပေါ်စေကြောင်း သုတေသီတွေ တွေ့ရှိထားပါ တယ်။ Washington State University က လေ့လာမှုပြုလုပ်ခဲ့ရာမှာ စိတ်ဖိစီးမှုခံစားနေရတဲ့ လူတွေကို သစ်ပင်အပြည့်စိုက်ထားတဲ့ အခန်းထဲဝင်ခိုင်းပြီး သွေးဖိအားကို တိုင်းတာကြည့်တဲ့အခါ ရလဒ်ကောင်းရရှိတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ရှိခေတ်အနေအထားအရ အသင့်စိုက်ပြီး အပင်အကြီးအသေးမျိုးစုံကို ၀ယ်ယူရရှိနိုင်ပြီဖြစ်တာကြောင့် စိတ်ဖိစီးမှုသက်သာစေဖို့  သစ်ပင်ဝယ်ပါလို့ အကြံပြုထားပါတယ်။

လမ်းလျှောက်ပါ - ဘာမှ မစဉ်းစားဘဲ လမ်းလျှောက် ခြင်းက သင့်ရဲ့ရှုပ်ထွေးနေတဲ့ ဦးနှောက်ကို ရှင်းလင်းစေပါတယ်။ လမ်းလျှောက်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ရှင်းလင်းပေးမယ့် Endorphins ထုတ်လုပ်မှုလည်း မြှင့်တက်လာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု သက်သာစေဖို့ လမ်းလျှောက်ပါ။

ရယ်မောပါ - ရယ်လိုက်ပါ။ ရယ်မောလိုက်ခြင်းဖြင့် သင့်ရဲ့ စိတ်ခံစားမှုအခြေအနေ ချက်ချင်းပြောင်းလဲ လာတာကို လက်တွေ့ခံစားရမှာပါ။ ရယ်လိုက်တဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ တုံ့ပြန်မှုကို လှုပ်ရှားတက်ကြွလာစေပြီး ချက်ချင်းပြန်လည်
တည် ငြိမ်သွားစေပါတယ်။ ဒါကြောင့် သင်ရယ်မောပြီးပြီးခြင်းမှာပဲ တင်းကြပ်နေတဲ့စိတ်တွေ  ပြေလျော့သွားတာကို သိရမှာပါ။

 

နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ

   

    နေရောင်နဲ့ အချိန်ဆယ့်ငါးမိနစ်လောက် ထိတွေ့ပေးမယ်ဆိုရင် သင့်အရေပြားတွေက ဗီတာမင် D ကို ထုတ်လုပ်ပေးကြပါလိမ့်မယ်။ အချို့ပညာ ရှင်တွေကတော့ မိနစ်အနည်းငယ်ဆိုရင်တောင် လုံလောက်တယ်လို့ ဆိုကြပါတယ်။ ဗီတာမင် D နဲ့အတူ ဗီတာမင် B က မောပန်းမှုတွေကို တိုက်ထုတ် ပေးနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းကြောင့် မောပန်းခြင်း၊ စိတ်အလိုမကျခြင်း၊ ကိုက်ခဲခြင်းနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သင့်အတွက် အကောင်းဆုံးအကြံဥာဏ်ကတော့ နေရောင်နဲ့ ခဏတာထိတွေ့လိုက်ပါ။

 

ကဖိန်းဓာတ်ကို ရှောင်ကြဉ်လိုက်ပါ


    ကော်ဖီချစ်သူတွေအတွက်တော့ သတင်းဆိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ကဖိန်းက သင်ကို တက်ကြွစေနိုင်တာမှန်ပါတယ်။ဒါပေမဲ့ ကော်ဖီကို နေ့စဉ်ရှစ်ခွက်နဲ့ အထက်သောက်ပြီး နုံးခွေနေသလို ခံစားနေရတုန်းဆိုရင်တော့ တစ်ခုခု လွဲနေပါပြီ။
    ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကခေါင်းကိုက်ခြင်း၊ အလွယ်တကူဒေါသထွက်ခြင်း နဲ့ ရေဓာတ်ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ လန်းဆန်းတက်ကြွလာဖို့ အစားအသောက်တွေရဲ့ အကူအညီကို ယူချင်ပါတယ်ဆိုရင်တော့ ကော်ဖီအစား လိမ္မော်သီး၊ ငါး၊ ဟင်းနုနွယ်နဲ့  ဘယ်ရီသီးတွေ ကို စားပေးနိုင်ပါတယ်။ ဒီအစားအစာတွေက သင့်ရဲ့စွမ်းအင်တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

 

တရေးတမော အိပ်စက်ပေးပါ

    နေ့လည်နေ့ခင်း တရေးတမောအိပ်စက်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများစွာရှိပါတယ်။ နေ့လည်နေ့ခင်း ခဏလောက် အိပ်စက်ခြင်းက သင့်ကို နိုးနိုးကြားကြားရှိစေပြီး သင်ယူမှုစွမ်းရည်၊ မှတ်ဥာဏ်စွမ်းရည်နဲ့ သင့်ရဲ့လုပ်ရည်ကိုင်ရည်တွေကိုပါ တိုးတက်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ခဏတာအိပ်စက်ခြင်းက အကျိုး ကျေးဇူးများရှိကြောင်း တွေ့ရှိလာရပြီးနောက် Google လို နည်းပညာကုမ္ပဏီကြီးတွေ၊ The Huffington Post လိုသတင်းဌာနကြီးတွေမှာ ၀န်ထမ်းတွေ ခဏတာအိပ်စက်အနားယူနိုင်ဖို့ Sleeping Zone လို နေရာမျိုးတွေကို လုပ်ငန်းခွင်မှာ ထားရှိပေးထားပါတယ်။ ဒါပေမဲ့နေ့လည် အိပ်စက်ချိန်က  မိနစ်နှစ်ဆယ်အထက်ကျော်သွားရင်တော့
အကျိုးကျေးဇူးမရှိတော့ရုံသာမက ဆိုးကျိုးတွေဖြစ်လာစေနိုင်တာကြောင့် နှိုးစက်ကိုတော့ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

 

လျှပ်စစ်ပစ္စည်းများနဲ့ ဖုန်းကို ပိတ်လိုက်ပါ

    လူဆယ်ယောက်မှာ ရှစ်ယောက်ဟာ သူတို့ရဲ့မိုဘိုင်းလ်ဖုန်းတွေကို တစ်ညလုံးဖွင့်ထားလေ့ရှိပြီး တစ်ဝက်လောက်က ဖုန်းကို နှိုးစက်သဘောမျိုးတောင် အသုံးပြုလိုက်ကြပါသေးတယ်။

    ကျွမ်းကျင်သူတွေကတော့  လူတော်တော် များများ ဖုန်းနဲ့ အခြား လျှပ်စစ်ပစ္စည်းတွေကို အိပ်ရာမ၀င်ခင် အသုံးပြုခြင်းက စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း ပြောဆိုထားပြီး လူတွေအတွက် အရေးကြီးတဲ့ အိပ်စက်အနားယူခြင်းအပေါ် ဆိုးကျိုး
သက်ရောက်နိုင်ကြောင်း ပြောဆိုထားပါတယ်။ လျှပ်စစ်ပစ္စည်းတွေနဲ့ ဖုန်းတွေဆီက ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်က အိပ်စက်ခြင်း အမူအကျင့်ကို ပျက်စီးစေနိုင်တယ်လို့ သိရပါတယ်။ သင်လုပ်ဆောင်ရမယ့် အရာကတော့ ညစဉ် ၈ နာရီ ထိုးတာနဲ့ သင့်ရဲ့ တီဗွီ၊ ကွန်ပျူတာနဲ့ ဖုန်းတွေရဲ့ ပါဝါကို ပိတ်ထားလိုက်ပါ။ အဲဒီအစား စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ပါလို့ ကျွမ်းကျင်သူတွေ အကြံပေးထားပါတယ်။

 

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

    အမြဲတမ်းကြားနေကြ အကြောင်းအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်စားတဲ့ အစားအစာတွေက သင့်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိ သလို သင်မစားတဲ့ အစားအစာတွေကလည်း သွယ်ဝိုက်ပြီး ပတ်သက်မှုရှိပါတယ်။ သင့်အမြဲ
တမ်းအားအင်ကုန်ခမ်းနေသလို ဖြစ်တာက အိပ်ရေးမ၀ခြင်းကြောင့်ဖြစ်ပြီး အိပ်ပျော်ဖို့ အခက်အခဲလည်း ရှိတယ်ဆိုရင်တော့ အချို့အရာများကို ပြန်လည် စဉ်းစားသုံးသပ်သင့်ပါတယ်။ သင်စားလေ့ရှိတဲ့ အစားအစာတွေမှာ Niacin ကြွယ်ဝတဲ့
အစားအစာတွေ (ဥပမာ-မြေပဲ) ပါ ပါရဲ့လား။ Niacin က အိပ်စက်ခြင်းကို ဖြစ်ပေါ်စေတဲ့ Serotonin ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ချောကလက် အမည်းရောင်ရဲ့ ဂုဏ်သတ္တိက ခန္ဓာကိုယ်နဲ့ စိတ်ကို သက် သာပျော့ပြောင်း စေနိုင်ပါတယ်။ အယ်လ်ကိုဟောကတော့ သင့်ရဲ့အိပ်စက်ခြင်းကို ကောင်းကောင်းဖျက်စီးပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အစားအသောက်ကို ပြန်လည်ဆန်းစစ်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင်စားသောက်ပါ။

 

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

    သင်ဟာ အထိုင်များတဲ့ ဘ၀ပုံစံရှိတဲ့သူလား။ သင်ရဲ့ အလုပ်ကထိုင်ပြီး လုပ်ရတဲ့အလုပ်ဖြစ်ပြီး သင်မောပန်းနေတယ်ဆိုရင် အံ့အားသင့်ကြမယ့် လူတွေရှိပါတယ်။ ဒါပေမဲ့ သင်အားအင်ကုန်ခမ်း ပြီး လှုပ်ရှားချင်စိတ်မရှိရတဲ့ အကြောင်းအရင်းများစွာထဲမှာ ထိုင်နေရတဲ့ အကြောင်းအရင်းလည်းပါပါတယ်။ သင်ပင်ပန်းနေတဲ့ အချိန်မှာ သင်လုပ်ရမယ့် နောက်ဆုံးအလုပ်က သင့်ကိုယ်သင် တက်ကြွလာအောင် ကိုယ်လက်လှုပ်ရှားမှု များများ လုပ်ပေးဖို့ဖြစ်ပါတယ်။ သင် မလုပ်နိုင်ဘူးလို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ Medicine & Science in Sports & Exercise ဂျာနယ်က လေ့လာမှုတွေ ပြုလုပ်ပြီးနောက် တစ်ပတ်ကို မိနစ် ၁၅၀ ခန့် အလယ်အလတ် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ မလုပ်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်လျှင် ပိုမိုတက်ကြွလန်းဆန်းမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ဒါပေမဲ့…
    ဒါပေမဲ့ အလွန်အကျွံတော့ မဖြစ်သင့်ပါဘူး။ သင်ရဲ့ ကိုယ်ခန္ဓာက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာ လောက်အထိပဲ ပြုလုပ်ပါ။ သင်ရဲ့စိတ်က နွမ်းနယ်နေရင် ခန္ဓာကိုယ်ကလည်း ပင်ပန်းနေပါလိမ့် မယ်။ အပြင်းအထန်တွန်းအားပေးလိုက်မယ်ဆိုရင်
တော့ စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ နောက်ဆက်တွဲ ပြဿနာအနေနဲ့ ပါလာနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းပြီး ဖိစီးမှုများနေတဲ့ သင့်ကိုယ်သင် ပြန်လည်တည်ဆောက်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှု နဲ့ အနားယူခြင်းကြား မျှတမှု ရှိတဲ့အနေအထားတစ်ခုကို ရှာဖွေသင့်တယ် လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

Ref;    Lifehack