ခေါင်းကိုက်တဲ့အခါ သင်သိထားသင့်တဲ့ အချက်များ

    ဦးခေါင်းက ခန္ဓာကိုယ်မှာ နာကျင်မှုအဖြစ်ဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းလို့ ခေါင်းစဉ်တပ်နိုင်တဲ့ နာကျင်မှုကလူတွေမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။
    ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေကတော့ ဦးနှောက်ကို ၀န်းရံထားတဲ့ ကြွက်သားတွေ၊ အမြှေးပါးတွေ ရောင်ရမ်းလာတဲ့အခါမှာ နာကျင်မှုကို ခံစားရတာဖြစ်ပြီး ဦးနှောက်မှာ နာကျင်မှုကို ခံစားနိုင်တဲ့ နာ့ဗ်ကြောတွေ မရှိတဲ့အတွက်ကြောင့် ဦးနှောက်ကိုယ်တိုင်ကတော့ မနာကျင်နိုင်ပါဘူး။
    ခေါင်းကိုက်ဝေဒနာကို အမျိုးမျိုးခွဲခြားနိုင်ပြီး အဖြစ်အများဆုံး အမျိုးအစားတွေက Tension Headache နဲ့ Migraine အမျိုးအစား ဝေဒနာများလို့ ဆိုနိုင်ပါတယ်။
    ခေါင်းကိုက်ဝေဒနာကို သင်စတင်ခံစားရတဲ့ အချိန်မှာ ဘယ်လိုအရာတွေကို သတိပြုရမလဲ၊ ဘယ်လိုအချိန်မှာ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသသင့်သလဲ၊ သင့်ခံစားရတဲ့ ဝေဒနာကို ကိုယ်တိုင်ဘယ်လို ဆန်းစစ်နိုင်မလဲဆိုတဲ့ အကြောင်းအရာ တွေကို ဦးနှောက်နှင့်အာရုံကြော အထူးကု ပါမောက္ခဒေါက်တာ ဦးတင်ထွန်းအောင် နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။
    
ဘယ်လိုခေါင်းကိုက်သလဲ
    ခေါင်းကိုက်တာက အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ ဖြစ်တယ်။ အမှတ်တမဲ့မနေပါနဲ့။ ခေါင်းကိုက်ရာကတစ်ဆင့် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
    ခေါင်းရဲ့အပြင်မှာကိုက်တာလား၊ တစ်နည်း ကြွက်သားမှာ ကိုက်ခဲနေတာလား။ ကြွက်သားတွေ တင်းလွန်းပြီး အဲဒီဒဏ်ကြောင့် ခေါင်းကိုက်တာ ရှိတယ်။ ဦးနှောက်ရဲ့ အမြှေးပါး၊ အရိုးရဲ့ အမြှေးပါး ဒီနှစ်ခုထဲက တစ်ခုခုချို့ယွင်း ရင်လည်း ခေါင်းကိုက်တတ်တယ်။ ဦးနှောက်မှာတော့ နာတာ၊ ကိုက်တာ မရှိပါဘူး။ ဦးနှောက်မှာ နာကျင်မှုကို ခံစားနိုင်မယ့် ဋ္ဌာနမရှိဘူးလို့ ဆိုနိုင်တယ်။
    ခေါင်းကိုက်လို့ ဆရာဝန်ဆီလာပြတဲ့ လူနာကို အသေးစိတ်မေးခွန်းတွေ မေးရပါတယ်။ သူ့ရဲ့ဝေဒနာ လက္ခဏာတွေ ဘယ်လိုရှိသလဲ။ ခေါင်းထဲမှာ ညှစ်ထားသလိုမျိုး ကိုက်တာလား၊ ခဲပြီးကိုက်နေတာလား၊  ဆွဲထားသလို ကိုက်နေတာလား၊ အထဲက တစ်ခုခုပေါက်ကွဲနေသလိုမျိုး ကိုက်နေတာလား စသဖြင့် ခံစားရတဲ့ဝေဒနာ ဘယ်လိုရှိသလဲ မေးရတယ်။ တစ်ခါမှ ဒီလိုခေါင်းကိုက်တာမျိုး မကြုံဖူးဘူးလို့ ပြောလာရင် သတိထားရတယ်။ လူနာက သူ့ဝေဒနာကိုဖော်ပြတဲ့ စကားအသုံးအနှုန်းကိုလည်း သေချာနားထောင်ဖို့လိုတယ်။

အချိန်
    နောက်တစ်ချက်က အချိန်၊ ဘယ်အချိန်တွေမှာ ခေါင်းကိုက်တတ်သလဲ။ မနက်အိပ်ရာထ ခေါင်းကိုက်တာကတော့  အိပ်တဲ့အခါ ခေါင်းအထားအသိုမမှန်လို့ ကိုက်တာလည်း ဖြစ်နိုင်တယ်။ အဲလို မဟုတ်ဘဲ ဒီအချိန်ရောက်ရင် ခေါင်းကိုက်ပြီ၊ အန်ပြီဆိုရင်တော့ တော်တော်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ။ ခေါင်းလည်းကိုက်တယ်။ မနက်မှာ အန်တယ်ဆိုတာက ဦးနှောက်ထဲမှာ တစ်ခုခုအကြီးအကျယ်ဖြစ်နေတဲ့ လက္ခဏာဖြစ်တယ်။ ဖြစ်ဖြစ်ချင်းသိမယ်၊ ကုသနိုင်မယ်ဆိုရင် သက်သာဖို့ အလားအလာ အများကြီးရှိတယ်။ အဲလိုမဟုတ်ဘဲရောဂါလက္ခဏာပြတဲ့အချိန် ဂရုမစိုက်ဘဲ ထားလိုက်တယ်၊ ဝေဒနာကလည်း သက်သာသလို ဖြစ်သွားတာကြောင့် ဆရာဝန်နဲ့ မပြမိဘူး၊ ကုသမှုမခံယူလိုက်ဘူး ဆိုရင်တော့ နောက်တစ်ကြိမ် ဖြစ်လာတဲ့အခါ အချိန်နှောင်းသွားပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
    တစ်ချို့ကျတော့ ဦးနှောက်သွေးကြောပေါက်သွားတယ်။ ဦးနှောက်ထဲမှာ သွေးထွက်နေတယ်၊ သွေး ကြောပေါက်ပေါက်ခြင်း လူကလဲကျသွားမယ်။ ဒါပေမဲ့ ပြန်ထလာနိုင်ပြီး ကိုယ့်မှာ ဖြစ်သွားတာကို ဂရုမစိုက်မိဘူး။ ဒါမျိုးမဖြစ်အောင် သတိထားရပါမယ်။

Tension Headache
    ဖိစီးမှုကြောင့် ဖြစ်တဲ့ Tension Headache ဆိုတာကတော့ ဦးခေါင်းရိုးကို ဖုံးထားတဲ့ ကြွက်သားတွေ ဖိစီးမှုကြောင့် ဆွဲသလိုဖြစ်ပြီး နာတာ၊ ခေါင်းကိုက်လာတာပေါ့။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် ဦးနှောက်၊ အာရုံ
ကြောနဲ့ မပတ်သတ်ပါဘူး။ သင့်တော်တဲ့ ဆေးဝါးကုသမှုပေးပြီး ကုလို့ရပါတယ်။ ဦးနှောက်နဲ့ ပတ်သတ်ပြီး  လူနာကိုပေးရတဲ့ ဆေးဝါးအမျိုးအစားအများကြီး မရှိပါဘူး။ မလိုအပ်ပဲနဲ့ဆေးအများကြီးသောက်ဖို့ မလိုအပ်ဘူးလို့ ပြောချင်တယ်။ အထိုင်းများတဲ့ ၀န်ထမ်းတွေ၊ ကွန်ပျူတာရှေ့မှာအချိန်ကြာကြာ အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့ လူတွေမှာ Tension headache အမျိုးအစား ခေါင်းကိုက်ဝေဒနာ ဖြစ်လေ့ရှိတယ်။  ဒီလို ခေါင်းကိုက်တာ အတွက်ကျတော့ လိုအပ်မယ်ထင်တဲ့ ဆေးမျိုးပေးကြည့်မယ်။ ဒီဆေးနဲ့ မသက်သာရင် နောက်တစ်မျိုး ပြောင်းပေးမယ်။ အဲလို ကုသရပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine)
    နောက်တစ်ခုကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine)၊ လက္ခဏာတွေက ခေါင်းတစ်ခြမ်းတည်း ကိုက်တာ၊ ခေါင်းကိုက်တဲ့အခါမှာလည်း တစ်ခါတစ်ရံ မျက်စိမှုန်သွားတာ၊ အလင်းရောင်တွေ တွေ့တာ ဒီလိုမျိုးခေါင်းကိုက်ရင်တော့ ဒါ
Migraine ပေါ့။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ဦးနှောက်ထဲက သွေးကြောတွေ တင်းလာလို့ ဖြစ်တာ။ သွေးကြောတွေ တင်းလာတဲ့အခါမှာ အမြှေးပါးကိုသွားထိတယ်။ နာကျင်နိုင်တဲ့အပိုင်းမှာ ဦးနှောက်ရဲ့ အမြှေးပါးလည်း ပါတာကြောင့် နာတာ၊ခေါင်းကိုက်တာပေါ့။ ဒါက အတွင်းပိုင်းထဲမှာဖြစ်တဲ့ ပြဿနာပါ။

အခြားအကြောင်းအရင်းများ
    တုပ်ကွေးမိတဲ့ အခါမှာလည်း ခေါင်းကိုက်နိုင်တယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ကူးစက်ခံရတာ ဖြစ်တဲ့အတွက် အဲဒီဗိုင်းရပ်စ်က အစာအိမ်ကိုရောက်မယ်။ လည်းချောင်းကို ရောက်မယ်။ ခေါင်းထဲကို ရောက်မယ်။ အဲဒီအခါမှာလည်း ခေါင်းကိုက်
နိုင်တယ်။ နှာစီး၊ ချောင်းဆိုးရာက ခေါင်းကိုက်လာတယ်ဆိုရင်တော့ ဒါက သိပ်အရေးကြီးတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်လို့ သိပ်စိုးရိမ်စရာ မလိုပါဘူး။

ဂရုစိုက်သင့်တဲ့ အချက်များ
    အဓိကကတော့ ခေါင်းကိုက်တာကို အမှတ်တမဲ့ မထားရဘူး။ တစ်ရက်စောင့်ကြည့်တယ်။ မသက်သာဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသရမယ်။ ကုသတဲ့နေရာမှာလည်း လူနာရဲ့ History ကို သေသေ ချာချာသိအောင်မေးရမယ်။ ဘယ်လိုကိုက်တာလဲ၊ ဘယ်အချိန်တွေမှာ ကိုက်တတ်လဲ၊ ဒဏ်ရာရတာလား၊ မျိုးရိုးကြောင့်လား၊ မွေးကတည်းက ခေါင်းကိုက်တာလား၊ ဦးနှောက်သွေး ကြောပေါက်လို့ ခေါင်းကိုက်တာလား၊ အကြိတ်ရှိလား၊ အမြှေးပါးတွေရောင်ပြီး ခေါင်းကိုက်တာလား၊ မျိုးရိုးဗီဇကြောင့်လား စသည်ဖြင့် ခွဲခြားနိုင်ဖို့ လူနာရဲ့ အခြေအနေကို သေသေချာချာ စစ်ထုတ်ရတယ်။
    ခေါင်းကိုက်လာတဲ့အခါ တစ်ခါမှမကြုံဖူးသလိုနာတယ်၊ ပေါက်ကွဲထွက်တော့မလို ကိုက်တယ်ဆိုရင် ဦးနှောက်ဆရာဝန်ဆီ တန်းသွားပါလို့ပြောချင်တယ်။ အရမ်းအရေးကြီးပါတယ်။ ပထမအကြိမ်ကို မမိလိုက်ဘူးဆိုရင် ဒုတိယအကြိမ်မှာ
အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဦးနှောက်ထဲက သွေးကြောလေးတွေ ပေါက်သွားပြီး အတွင်းထဲမှာသွေးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ 

   ဦးနှောက်ထဲမှာ အကြိတ်အခဲ ဖြစ်နေတဲ့အချိန် ခေါင်းကိုက်တာမဟုတ်ဘဲ တတ်တဲ့လက္ခဏာလည်း ပြတတ်တယ်။ မျက်စိလည်း မှုန်လာနိုင်တယ်။ ခေါင်းလည်းကိုက်မယ် မျက်စိလည်း မှုန်လာမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်နဲ့ ကု
သဖို့လိုပြီလို့ ပြောချင်တယ်။