ဂီတနဲ့ သင့်ရဲ့ကျန်းမာရေး

    ဂီတမရှိတဲ့ လူ့အဖွဲ့အစည်းကို သင်စဉ်းစားမိဖူးပါသလား။ သမိုင်းအဆက်ဆက် လူမျိုးတိုင်းရဲ့ ကိုးကွယ်မှုမှာသော်လည်းကောင်း၊ ဆေးကုသမှုမှာသော်လည်းကောင်း၊ ရိုးရာဓလေ့ ပျော်ပွဲရွှင်ပွဲ၊ သာရေးနာရေးတွေမှာလည်းကောင်း ဂီတနဲ့ သီချင်းတွေဟာ မပါမဖြစ်ကဏ္ဍတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ဂီတ တစ်မျိုးမျိုးကို သင်နားဆင်တဲ့အခါမှာ သင့်ရဲ့စိတ်ပျော့ပျောင်း နူးညွတ်ရုံသာမက သင်တောင်မသိလိုက်ဘဲ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

 

ဂီတနဲ့ နှလုံးကျန်းမာရေး
    ဂီတက စိတ်ဝိဉာဉ်အတွက် ဆေးတစ်ခွက်လို့ဆိုလေ့ရှိကြပါတယ်။ သင့်နှလုံးအတွက်ဆိုလျှင်ရော။ ဂီတကုထုံးနဲ့ ပတ်သကပြီး အမှန်တကယ် အကျိုးရှိမရှိ စမ်းသပ်ခဲ့ကြတဲ့ လေ့လာမှုများစွာ ရှိခဲ့ပါတယ်။ Massachusetts General Hospital
က ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ နှလုံးခွဲစိတ်ကုသမှု ခံယူထားတဲ့လူနာအချို့ကို Mozart ရဲ့ Piano Sonatas တေးသွားအား နေ့စဉ်မိနစ်သုံးဆယ်နားထောင်စေခဲ့ ပါတယ်။ ဒီလို တေးဂီတပုံမှန်နားထောင်ခဲ့ရတဲ့ လူနာတွေရဲ့ သွေးဖိအား၊ နှလုံးခုန်နှုန်းတွေဟာ တေးဂီတ လုံးဝနားမထောင်တဲ့ လူနာတွေထက် သိသိသာသာ ကောင်းမွန်တာကို တွေ့ရှိခဲ့ပါတယ်။
    Music and Medicine ဂျာနယ်က အယ်ဒီတာ Joanne Loewy ကတော့  Live Music အမျိုးအစားက စိတ်လှုပ်ရှားမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်ကိုလည်း တက်ကြွလာစေနိုင်တယ်လို့ ဆိုထားပါတယ်။

ဦးနှောက်ရဲ့ ဂီတစွမ်းရည်
    ဂီတရဲ့ စွမ်းအင်အကြောင်း ရေးသားဖော်ပြထားတဲ့ Musicophilia: Tales of Music and the Brain ကို ရေးသားခဲ့တဲ့ စာရေးသူကတော့ စွမ်းအားပြည့်ဝတဲ့ ဂီတရဲ့စည်းချက်နဲ့ အသံတွေကြားရစဉ် အသုံးပြုရတဲ့ဦးနှောက်ရဲ့နေရာက  ဘာသာစကားအတွက် သုံးရတဲ့နေရာထက် ပိုများတယ်လို့ဆိုထားပါတယ်။ ဦးနှောက်နဲ့အာရုံကြော ပါရဂူတစ်ဦးဖြစ်တဲ့ စာရေးသူဟာ လူတွေရဲ့ဘ၀မှာ ဂီတက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ စကားပြောဆို နားလည်နိုင်ဖို့ အခက်အခဲရှိတဲ့ လူတွေကို သီချင်းဆိုပြီး ကုသတဲ့အခါ စကားပြောဆိုဖို့ ခက်ခဲပေမယ့်  လူနာတော်တော်များများက  သီချင်းတော့ လိုက်ဆိုနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

နာကျင်မှုနဲ့ တေးသီချင်းများ
    နာတာရှည်နာကျင်ကိုက်ခဲသော ဝေဒနာခံစားနေရတဲ့ လူနာတွေကို ဂီတတစ်မျိုးမျိုး နားဆင်စေခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင် ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဂန္တ၀င်ဂီတ အမျိုးအစားတွေက အကောင်းဆုံးဖြစ်ပြီး အနောက်တိုင်း ဂန္တ၀င်
ဂီတသီချင်းကြီးများဖြစ်တဲ့ Mozart နဲ့Bach တို့ရဲ့ သီချင်းများက အသင့်တော်ဆုံးဖြစ်ကြောင်း လေ့လာမှုရဲ့ရလဒ်တွေကတစ်ဆင့် တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ တရားထိုင်ရာမှာလည်း တေးသီချင်းတစ်မျိုးမျိုးဖွင့်ထားခြင်းက ကောင်းမွန်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခြွင်းချက်အခြေအနေ တစ်ခုတော့ ရှိပါတယ်။ အပြင်းစား ဂီတအမျိုးအစားတွေ က လူနာတွေကို တုန်လှုပ်စေပြီး နှလုံးခုန်နှုန်းကို မငြိမ်မသက်ဖြစ်စေနိုင်တာကြောင့် ဒီလိုဂီတ အမျိုးအစားကိုတော့ ထောက်ခံချက်မပေး ထားပါဘူး။

ကိုယ်အလေးချိန်လျော့စေမယ့် တေးသွားများ1
    အစားစားနေချိန် ညင်သာပျော့ပျောင်းတဲ့ တေးသွားတစ်မျိုးမျိုး ဖွင့်ထားခြင်းဖြင့် ဗိုက်ပြည့်မပြည့် ခံစားနိုင်တဲ့အသိကို ထိန်းချုပ်နိုင်တဲ့ သက်ရောက်မှုမျိုးရှိတာကို လေ့လာမှုတွေပြုလုပ်ပြီး သိရှိ ခဲ့ပါတယ်။ ရလဒ်ကတော့ အစားစားတဲ့ ပမာဏ လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဂီတကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးထဲမှာ ခန္ဓာကိုယ် အလေးချိန်တိုးမလာအောင် ထိန်းနိုင်တဲ့အကျိုးလည်းပါတယ်လို့ ဆိုနိုင်ပါတယ်။

သင့်ရဲ့ကိုယ်ခံစွမ်းအားကို ဂီတနဲ့ မြှင့်တင်နိုင်
    ဂီတကုထုံးတွေကတစ်ဆင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲဆိုတဲ့မေးခွန်းကို ပညာရှင်တွေ အလွန်စိတ်ဝင်စားခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး လေ့လာတွေ့ရှိမှုတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်ပေးနိုင်တဲ့ Interleukin-1 ဟာ ဂီတနဲ့ထိတွေ့လိုက်တိုင်းမှာ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေရှိကြောင်း တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။ ဆယ့်ငါးမိနစ်ခန့်သော အချိန်အတိုင်းအတာလေးကတင် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ဂီတဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားအပေါ်မှာလည်းကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကလေးငယ်လေးများနဲ့  သားချော့တေး
    Beth Israel Medical Center က သီးသန့်ပြုလုပ်ထားတဲ့ ဂီတကုထုံးနဲ့ ကလေးငယ် ၂၅၀ ကိုလေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသုံးပြုမယ့်ဂီတ အမျိုးအစားကို မိခင်ဝမ်းဗိုက်ထဲကအသံတွေနဲ့ ဆင်အောင်ပြုလုပ်ထားပြီး ပါကားရှင်းအသံတွေကနေ သားချော့တေးလိုမျိုး တေးသွားတွေအထိ ပါဝင်ပါတယ်။ ပညာရှင်တွေက ဂီတအမျိုးအစားကို ကလေးငယ်တွေရဲ့ နှလုံးခုန်နှုန်းတွေ၊ အသက်ရှုနှုန်း အနိမ့်အမြင့်တွေနဲ့ ကိုက်ညီမှုရှိအောင် ဂရုတစိုက်ရွေးချယ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ တွေ့ရှိရတဲ့ရလဒ်တွေအရ ဂီတသံကြောင့် ကလေးလေးတွေဟာ ပိုမိုငြိမ်သက်လာပြီး၊ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဂီတသံကြောင့် ကလေးမှာရော မိဘတွေမှာပါ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ လျော့ပါးသက်သာသွားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဂီတနဲ့ မှတ်ဉာဏ်စွမ်းရည်
    Mozart Effect လို့အမည်ရတဲ့ လေ့လာမှုတစ်ခုမှာပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ဂန္တ၀င်သီချင်းကြီးတွေကို  နားထောင်ပြီး သချာင်္တွက်တဲ့အခါ သာမန်ထက် ပိုမိုမြန်ဆန်တာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ချို့ကျောင်းသားတွေဟာ သီချင်းဖွင့်ထားပြီး စာလေ့လာတဲ့အခါ ပိုမိုအာရုံစူးစိုက်နိုင်တယ်လို့ ဆိုပါတယ်။ အချို့ကတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ ပတ်ဝန်းကျင်မှာပဲ စာလေ့လာကျက်မှတ်လို့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂီတဟာမှတ်ဉာဏ်စွမ်းရည်နဲ့ သင်ယူမှုစွမ်းရည်အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတာကို ဒီလေ့လာမှုက သက်သေပြနိုင်ခဲ့ပါတယ်။

လန်းဆန်းတက်ကြွစေဖို့
    စိတ်ဓာတ်ကျနေတဲ့ လူတွေ ဂီတအမျိုးအစား တစ်မျိုးမျိုး နားထောင်ခြင်းဖြင့် စိတ်ဓာတ်ပြန်လည် တက်ကြွလာနိုင်ပါတယ်။ ပျော်ရွှင်စရာမြူးတူးတဲ့ သီချင်းအမျိုးအစားဖြစ်စရာတောင် မလိုအပ်ဘူးလို့ ပညာရှင်တွေ ဆိုထားပါတယ်။ နားဆင်မယ့်သူ ကြိုက်နှစ်သက်သရွေ့ ဂီတဟာသူတို့အတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဝမ်းနည်းပြီး စိတ်မရွှင်မလန်းဖြစ်နေချိန်မှာ သင်ကြိုက်နှစ်သက်တဲ့ ဘယ်လိုသီချင်းအမျိုးအစားကို မဆို နားဆင်ဖို့ ရွေးချယ်နိုင်ပြီး ဘေးထွက်ဆိုးကျိုး တစ်စုံတရာ မရှိနိုင်ဘူးလို့ ပညာရှင်တွေ အာမခံထားပါတယ်။
Ref;Lifehack