အစိမ်းရောင် ဟင်းနုနယ်

    အစိမ်းရောင် ဟင်းသီဟင်းရွက်များကို အာဟာရတန်ဖိုးမြင့်မားလွန်းလို့ Super Food လို့ တင်စားခေါ်ဝေါ်ကြလေ့ရှိတာကို သိထားပြီး ဖြစ်မှာပါ။ အစိမ်းရောင် အရွက်တွေထဲမှာမှ ဟင်းနုနွယ်က  အခြား ဘယ်ဟင်းသီးဟင်းရွက်၊ အစားအစာများထက်မဆို အာဟာရတန်ဖိုး ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။  သင်ငယ်ဘ၀ သင့်ရဲ့မေမေက ဟင်းနုနွယ်ကို ကြော်ချက်ကာ သွေးအားကောင်းတယ်၊ မျက်စိအားကောင်းတယ်လို့ပြောပြီး ချော့မော့ကျွေးမွေးခဲ့
တာကို ကြုံခဲ့ဖူးမှာပါ။ အမှန်တကယ်ပါပဲ။ ဟင်းနုနွယ်ရွက်မှာ သင့်မေမေပြောခဲ့တာထက်ပိုတဲ့ အာဟာရနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ နေရာဒေသမရွေး အချိန်ကာလတိုင်း အလွယ်တကူ စိုက်ပျိုးနိုင်၊ တန်ဖိုးသင့်သင့်နဲ့ ၀ယ်
ယူရရှိနိုင်တဲ့ ဒီအစိမ်းရောင် ဟင်းနုနွယ်ရွက်များက သင့်ကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ။

ဗီတာမင်နဲ့ သတ္တုဓာတ်များ
    ဟင်းနုနွယ်ရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး  ဗီတာမင်၊ သတ္တုဓာတ် နဲ့ အခြား Phytonutrients (အပင်များမှာ သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိတဲ့ ဓာတုဓာတ်ပေါင်း) တွေများပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ်ရွက်ကို ကိုယ်အလေးချိန်ကျဖို့ Diet လုပ်နေသူတွေ များများစားသုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်က နေ့စဉ်ပုံမှန်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပြီး ကယ်လိုရီနည်းတာကြောင့် ဘယ်လောက်စားစား ကိုယ်အလေးချိန် တက်လာမှာ စိတ်ပူစရာ မလိုပါဘူး။ Multivitamins (ဗီတာမင်အစုံ) ဆေးဘူးတစ်ဘူးရဲ့အညွှန်းမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုးအစားများကို ရေတွက်ကြည့်လိုက်ပါ။ ဟင်းနုနွယ်ရွက်မှာလည်း Multivitamins လိုပဲ vitamin K၊
vitamin A ၊ vitamin C ၊ vitamin B2 ၊  vitamin B6 ၊ vitamin E Potassium ၊ Magnesium ၊ folate ၊ Manganese ၊ Iron ၊ Calcium ၊ Protein၊ Phosphorus ၊ Zinc ၊ Copper ၊ Selenium၊ Niacin ၊
Omega-3 fatty acids စတဲ့ ခန္ဓာကိုယ်က နေ့စဉ်ပုံမှန်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။

သံဓာတ်
    သံဓာတ်က ရာသီသွေးပေါ်နေတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ် တွေအတွက် အလွန်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအားလုံး ဆီ အောက်ဆီဂျင်ရောက်ရှိအောင် သွေးနီဥအတွင်းရှိ ဟီမိုဂလိုဗင်က ပို့ဆောင်ပေးပါတယ်။ သံဓာတ်ကအဆိုပါ ဟီမိုဂလိုဗင်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးအားကောင်းခြင်း မကောင်းခြင်း
ဆိုတဲ့ အခြေအနေဟာ ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်ပမာဏအပေါ် မူတည်နေပါတယ်။  အနီရောင်အသားတွေမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသားနဲ့ နှိုင်းယှဉ်လို့ရနိုင်လောက်တဲ့အထိ သံဓာတ်ပါဝင်
တဲ့အရွက်ကို ပြပါဆိုရင်တော့  ဟင်းနုနွယ်ရွက်ကို ညွှန်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဟင်းနုနွယ်က အသားလိုကယ်လိုရီမများသလို အဆီနဲ့ ကိုလက်စထရောလည်း မပါဝင်ပါဘူး။ သံဓာတ်လုံလောက်စွာ ရရှိ
နိုင်ဖို့ ဟင်းနုနွယ်ကို မကြာမကြာ စားပေးသင့်ပါတယ်။ သင့်မေမေပြောခဲ့သလိုပဲ ဟင်းနုနွယ်ရွက်က သွေးအားကောင်းစေတဲ့ အာနိသင်ရှိပါတယ်။

အမြင်အာရုံ
    ဟင်းနုနွယ်ရွက်မှာ Lutein လို့ခေါ်တဲ့ Carotenoid ပါဝင်ပြီး အသက်ကြီးလာချိန်မှာ ဖြစ်တက်တဲ့ အတွင်းတိမ်၊ ရေတိမ် ၊ မျက်စိမှုန်ခြင်း စတဲ့ မျက်စိနဲ့ ပတ်သက်တဲ့ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကတော့ သင့်မေမေပြောခဲ့တဲ့ မျက်စိအားကောင်းစေနိုင်တဲ့ ဟင်းနုနွယ်ရဲ့ အာနိသင်ဖြစ်ပါတယ်။ ဟင်းနုနွယ်ရဲ့ အာဟာရတန်ဖိုးတွေကို ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ နေရာတွေက စုပ်ယူတဲ့အချိန်မှာ ပိုမိုအကျိုးရှိအောင် သံလွင်ဆီအနည်းငယ်နဲ့ရောပြီး စားသုံးပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး
    ဟင်းနုနွယ်ရွက်ကို နှလုံးကျန်းမာရေး အတွက်လည်း အားကိုနိုင်ပါတယ်။ ဗီတာမင် C နဲ့ A တို့လို Antioxidant တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် Free Radical တွေကို ခန္ဓာကိုယ်အတွင်း လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ကိုလက်စထရောတွေ ဓာတ်တိုးခြင်းဖြစ်စဉ်ကိုလည်း တားဆီးပေးပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာပါဝင်တဲ့ Folate က နှလုံးသွေးကြောများ ကျန်းမာနေစေဖို့ အလွန်အထောက်အကူပြုပြီး Magnesium ကဲ့သို့သော သတ္တုဓာတ်များက သွေးဖိအား မြင့်မတက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ်ကို နှလုံးကျန်းမာရေးအတွက် စားသုံးပေးသင့်တယ်လို့ အာဟာရဗေဒပညာရှင်တွေ အကြံပြုထားပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း
    ဟင်းနုနွယ်ရဲ့ Beta -carotene နဲ့ ဗီတာမင် C က အူလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေကို အန္တရာယ်ရှိတဲ့ Free Radical တွေရဲ့ တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ DNA ပျက်စီးခြင်းနဲ့ ဆဲလ်တွေ သန္ဓေပြောင်းလဲခြင်းကိုလည်း အစိမ်းရောင် ဟင်းနုနွယ်မှာ ပါရှိတဲ့ Folate က တားဆီးကာကွယ်နိုင်စွမ်းရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာစေဖို့ ဟင်းနုနွယ်ရွက်ကို အားကိုးနိုင်ပါတယ်။

Anti-inflammatory ဂုဏ်သတ္တိ
    အရိုးအဆစ်ရောင်ရမ်းခြင်း၊ အရိုးပွရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ ရင်ကြပ်ပန်းနာစတဲ့ ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ဟင်းနုနွယ်မှာ ပါရှိတဲ့ Anti-inflammatory ဂုဏ်သတ္တိဆောင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သက်သာ
စေနိုင်စွမ်းရှိပါတယ်။

ဦးနှောက်စွမ်းရည်
    အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းက အသက်အရွယ်နဲ့ ဆက်စပ်ပြီး ဖြစ်လေ့ရှိတဲ့ ဦးနှောက်ရဲ့ စွမ်းရည်ချို့ယွင်းခြင်း ရောဂါများဖြစ်ပေါ်ခြင်းကို နှေးကွေးစေနိုင်တယ်လို့ ပညာရှင်တွေ အခိုင်အမာ ပြောဆိုထားပါတယ်။ ဟင်းနုနွယ်ရွက်က အစိမ်းရောင်အရွက်အမျိုးအစားမှာ ပါဝင်ပါတယ်။ ဒါကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကြာရှည်ထိန်းသိမ်းထားလိုတဲ့ ဆန္ဒရှိတယ်ဆိုရင်ဖြင့် ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးနိုင်ပါတယ်။

သတိပြုသင့်တဲ့ အချက်များ
    ဒါပေမဲ့ဟင်းနုနွယ်ရွက်ကို စားသုံးတဲ့အခါ သတိထားသင့်တဲ့ အချက်တစ်ချို့ရှိနေပါတယ်။ လူတစ်ချို့မှာ ဟင်းနုနွယ်နဲ့ ဓာတ်မတည့်တဲ့ ပြဿနာ ရှိနေနိုင်ပါတယ်။ သင်ကိုယ်တိုင်   ဘယ်လိုအရာတွေနဲ့ ဓာတ်တည့်မတည့် သိထားဖို့  လိုအပ်ပါတယ်။ ဟင်းနုနွယ်ရွက်ကို စားတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အရွက်တွေက အကောင်းဆုံးဖြစ်ပြီး အရမ်းကျက်သွားအောင် မချက်ပြုတ်သင့်ပါဘူး။ ဟင်းနုနွယ်မှာ ပါဝင်တဲ့ Oxalate အမည်ရ ဆားတစ်မျိုးက  ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကိုလျော့ကျစေနိုင်ပြီး ပုံဆောင်ခဲအသွင် ဆောင်တာကြောင့် သည်းချေနဲ့ ကျောက်ကပ်ရောဂါရှိသူတွေ သတိထားပြီး စားသုံးဖို့ လိုအပ်ပါတယ်။ သွိုင်းရွိက်ဂလင်းရောဂါရှိသူတွေ ဂေါက်ရောဂါရှိသူတွေ
လည်း  ဟင်းနုနွယ်ကို အများကြီး မစားသုံးသင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။

Ref; Naturally  Healthy Eating