လက်သည်းများက ပြောနေတဲ့ ကျန်းမာရေး

    သင့်ရဲ့ လက်သည်းခြေသည်းတွေကို အရောင်လေးဆိုး၊ ပန်းချီလေးခြယ်ပြီး အလှဆင်ဖို့ သက်သက်လို့ သင်သတ်မှတ်ထားပါသလား။ ဒါပေမဲ့ သင့်လက်သည်းတွေက သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေကို တစေ့တစောင်း ချောင်း ကြည့်နိုင်တဲ့ ပြတင်းပေါက်များ ဖြစ်နေတာကို သင်သိထားဖို့ လိုပါတယ်။ သင့်လက်သည်းတွေကပြောနေတဲ့ သင့်ကျန်းမာရေး အခြေအနေကို လေ့လာကြည့်ရအောင်…

လက်သည်းထိပ်ဖျားများ ညိုလာခြင်း
    သင့်လက်သည်းခွံရဲ့ ထိပ်ဖျားတွေမှာ အညိုရောင် သမ်းလာရင်တော့ ဒါဟာ အိုမင်းခြင်းရဲ့ လက္ခဏာတစ်ရပ်လို့ ဆိုကြပါစို့။ ဒါပေမဲ့ Mayo Clinic ကတော့ လက်သည်းရဲ့ ထိပ်ဖျားတွေ နဂိုရှိရင်းစွဲ အရောင်ကနေ အညိုရောင်သို့ ပြောင်းလဲ လာခြင်းက အသည်းနဲ့ဆိုင်တဲ့ ရောဂါတစ်ခုခု၊ နှလုံးသွေးကြောကျဉ်းရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

လက်သည်းခွံ ဖြူလာခြင်း
    သင့်ရဲ့ လက်သည်းခွံတွေဟာ ဖြူဖတ်ဖတ် အရောင်ကို ပြောင်းလာပြီဆိုရင်တော့ သင့်မှာအသည်းရောင်ရောဂါ၊ ဒါမှမဟုတ် အသည်းမှာ ရောဂါတစ်မျိုးမျိုး ဖြစ်နေကြောင်း အချက်ပြခြင်းဖြစ်တယ်လို့ ကျန်းမာရေး ဆိုင်ရာ ၀ဘ်ဆိုဒ်တစ်ခု
ဖြစ်တဲ့ WebMD မှ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။

လက်သည်းများ ၀ါလာခြင်း
    လက်သည်းတွေ အ၀ါရောင် ပြောင်းလာခြင်းက တစ်ခါတစ်ရံ မှိုရောဂါ ကူးစက်ခြင်းကြောင့်ဖြစ်နိုင်သလို လက်သည်းဆိုးဆေးတွေရဲ့ အရောင်ထွက်စေတဲ့ ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာ မလိုဘဲ သံပုရာသီး ၊ မုန့်ဖုတ် ဆိုဒါ၊ သွားတိုက်ဆေး  အစရှိတဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့ ပွတ်တိုက်ပြီး ၀ါနေတဲ့လက်သည်းတွေကို ကုသလို့ ရပါတယ်။ ဒါပေမဲ့လက်သည်းဆိုးဆေးလည်း မဆိုး၊ မှိုဝင်တဲ့ လက္ခဏာလည်း မဟုတ်ဘဲ  လက်သည်းတွေ ထူးထူးခြားခြား အ၀ါရောင် သန်းလာတယ်ဆိုရင်တော့ သွိုင်းရွိုက် ဒါမှမဟုတ် အဆုတ်ရောဂါ ဖြစ်နိုင်လို့ သေသေချာချာ စစ်ဆေးပြီး ကုသမှု ခံယူရတော့မှာပါ။

ပြာနှမ်းနေတဲ့ လက်သည်းခွံများ
    ဖျားနာလို့ ဆေးခန်းသွားပြတဲ့အခါ သင်ဆိုးထားတဲ့ လက်သည်းနီကိုဖျက်ပြီးမှ သွားရတဲ့ အကြောင်းအရင်းရှိပါတယ်။ ဆရာဝန်က သင့်လက်သည်းရဲ့ အရောင်အဆင်းကိုကြည့်ပြီး အကြောင်းအရာတစ်ချို့ကို ကောက်ချက်ချနိုင်ပါတယ်။ ပြာ
နှမ်းနေတဲ့ သင့်လက်သည်းခွံတွေဟာ သင့်ခန္ဓာကိုယ်က အောက်ဆီဂျင် လုံလောက်စွာ ရရှိမထားတဲ့ အခြေအနေကို ပြနေပါတယ်။ ဒါမှမဟုတ် အဆုတ်ရဲ့ ပြဿနာဖြစ်နေနိုင်ပါတယ်။

လက်သည်းခွံများ ဖောင်းကြွလာခြင်း
    သင့်ရဲ့ လက်သည်းခွံတွေ ရောင်ရမ်းပြီး ဖောင်းကြွလာပြီဆိုရင်တော့ သင့်ရဲ့ အဆုတ်မှာပြဿနာတစ်စုံ တစ်ရာရှိနေပါပြီ။ နှလုံးနဲ့ အဆုတ်ကို ဆက်ထားတဲ့ သွေးကြော(Cardiopulmonary) သွေးကြော သို့မဟုတ် အစာချေလမ်းကြောင်းတစ်
လျှောက် ကျန်းမာရေး မကောင်းလို့လည်း ဖြစ်နိုင်တယ်လို့ National Center for Biotechnology Information က ဆိုထားပါတယ်။

လက်သည်းများ ခွက်ဝင်သွားခြင်း
    လက်သည်းတွေ အတွင်းထဲကို ခွက်ဝင်၊ ချိုင့်ဝင်နေပြီဆိုရင်တော့ သင့်ကျန်းမာရေး အတော်ကိုစိုးရိမ်နေရပါပြီ။  Mayo Clinic က ဖော်ပြထားတာကတော့ ခွက်ဝင်၊ ချိုင့်ဝင်နေတဲ့ လက်သည်းတွေဟာ သွေးအားအလွန်နည်းနေတဲ့ လူတွေရဲ့ လက္ခဏာဖြစ်ပြီး ၊ အသည်းမကျန်းမာတဲ့ လူတွေမှာလည်း အဆိုပါ လက္ခဏာ ရှိတတ်သလို၊ နှလုံးရောဂါ ၊လည်ပင်းက သွိုင်းရွိုက် အလုပ်မလုပ်တော့တဲ့ Hypothyroidism တို့လည်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

လက်သည်းများ ပါးပြီး ကြွပ်ဆတ်လာခြင်း
    သင့်ရဲ့လက်သည်းခွံလေးတွေဟာ နဂိုထက်ပါးလာပြီး ကြွပ်ဆတ်လာတယ်လို့ သင်စိတ်ထဲမှာ ခံစားနေရပါသလား။ ဒါဆိုရင်တော့ လက်သည်းကိုပုံစံမျိုးစုံ အလှဆင်တဲ့ကိစ္စတွေကို ခဏမေ့ထားလိုက်ပါလို့ အကြံပြုချင်ပါတယ်။ အချို့ လက်သည်းအလှပြင်ဆင်တဲ့အခါ သုံးတဲ့ပစ္စည်းတွေက သင့်လက်သည်းတွေကို ပျက်စီးစေပြီး လက်သည်းခွံတွေကို အပေါ်ကအုပ်ထားသလို ဖြစ်စေတာကြောင့် လက်သည်းတွေ အောက်စီဂျင်နဲ့ ထိတွေ့မှု မရှိတော့ဘဲ ကြွပ်ဆတ်လာတတ် ပါတယ်။

လက်သည်းကိုက်တဲ့ အမူအကျင့်
    WebMD က လက်သည်းကိုက်တဲ့ အမူအကျင့်က စိတ်ဖိစီးမှုနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဆိုပါတယ်။ ပျင်းရိတဲ့အခါမျိုး၊ စိတ်ပူပန်တဲ့ အခါမျိုး၊ ထိတ်လန့်စိတ်လှုပ်ရှားတဲ့ အခါမျိုးမှာ လူတွေ လက်သည်းကိုက်လေ့ရှိကြောင်း သုတေသနတွေက တစ်ဆင့်တွေ့ရှိထားပါတယ်။ အချို့ လူတွေရဲ့ လက်သည်းတွေဟာ ဆိုးဆိုးဝါးဝါး တိုဝင်နေအောင် ကိုက်ထားတာမျိုးလည်း တွေ့ရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ဆိုး ဖြစ်တာကြောင့် တွန်းလှန်နိုင်ဖို့ လိုအပ်ပါတယ်။ လက်သည်းတွေ ကို လက်သည်းနီ ဆိုးထားတာမျိုး၊ ဈေးကြီးကြီးပေးပြီး လက်သည်းအလှပုံဖော်လိုက်တာမျိုး လုပ်လို့ရသလို လက်သည်းကိုက်တတ်တဲ့ လူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ အရသာဆိုးဝါးပြီး ဘေးဥပါဒ် တစ်စုံတစ်ရာမရှိတဲ့ လက်လိမ်း ခရင်မ်တွေ လိမ်းကျံပြီးလည်း အဆိုပါ လက်သည်းကိုက်တဲ့ အကျင့်ဆိုးကို တွန်းလှန်နိုင်ပါတယ်။

လက်သည်းခွံတွင် အချိုင့်လေးများပေါ်လာခြင်း
    လက်သည်းခွံရဲ့ မျက်နှာပြင်မှာ အချိုင့်ရာသေးသေးလေးတွေ ပေါ်လာခြင်းက အရေပြားရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရေပြားရောဂါကြောင့်လည်း မဟုတ်ဘဲ လက်သည်းရဲ့ မျက်နှာပြင်မှာ အချိုင့်တွေ ပေါ်လာခြင်းကတော့
မမျှော်လင့်ထားတဲ့ ဖျားနာမှု၊ အဆစ်ရောင်နာစတာတွေနဲ့ ဆက်စပ်မှုရှိကြောင်း ဗြိတိန်နိုင်ငံရဲ့  NHS(National Health Service)  ကပြောဆိုထားပါတယ်။

လက်သည်းခွံများ ကျွတ်ထွက်ခြင်း
    သင့်ရဲ့ ခြေသည်း လက်သည်းခွံတွေ ကျွတ်ထွက်တဲ့အဆင့်ကို ရောက်ကုန်ပြီဆိုရင် ဒါကသင့်ရဲ့ သွိုင်းရွိုက်ဂလင်းက အလုပ်မလုပ်တော့ဘူးဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ အပြေးသမားတွေနဲ့ အားကစားသမားတွေ၊ ထိပ်ပိတ်ဖိနပ်ကို အချိန်ပြည့်နီး ပါးစီးထားရတဲ့သူတွေ ခြေမခြေသည်းတွေ ကျွတ်ထွက်ခြင်းက ရောဂါကြောင့်မဟုတ်ဘဲ မတော်တဲ့ ဖိနပ်ထိပ်ကြောင့် ဖြစ်နိုင်ပါတယ်။

အမည်းရောက် လက်သည်းများ
    လက်သည်းခွံရဲ့ မျက်နှာပြင်မှာ အမည်းရောင် အစင်းကြောင်းတွေ ပေါ်လာတတ်ပါတယ်။ American Family Physician ရဲ့ အဆိုအရတော့ လက်သည်းခွံအပေါ်မှာ အမည်းရောင် အစင်းကြောင်းတွေ ပေါ်လာခြင်းက အသားအရောင်မည်း
တဲ့လူတွေမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ လက်သည်းခွံရဲ့ အတွင်းဘက်အရေပြားမှာ အမည်းရောင် ဖြစ်လာပြီဆိုရင်တော့ Biopcy (အသားစထုတ်စစ်ဆေးခြင်း) ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Melanoma (အရေပြားတွင် ဖြစ်ပေါ်သည့် ကင်ဆာ
ရောဂါ ဖြစ်နိုင်သော အမည်းအကွက်အပြောက်) ဖြစ်နေနိုင်လို့ မပေါ့ဆသင့်တဲ့ အခြေအနေပါ။

လက်သည်းပေါ်က ဒေါင်လိုက်အစင်းကြောင်းများ
    လက်သည်းပေါ်မှာ ဒေါင်လိုက်အစင်းကြောင်းတွေပေါ်လာလို့ သင်ရုတ်တရက် စိုးရိမ်သွားပါသလား။ Mayo Clinic ကတော့ သိပ်စိတ်ပူစရာမလိုတဲ့ အခြေအနေလို့ ပြောထားပါတယ်။ အသက်အရွယ်ကြောင့် လည်းဖြစ်နိုင်ပါတယ်။

အလျားလိုက် ဖုထစ်နေတဲ့ အစင်းကြောင်းများ
    အလျားလိုက် အစင်းကြောင်းတွေဆိုရင် တော့ ပြဿနာရှိနိုင်ပါတယ်။ အလျားလိုက် အစင်းကြောင်းတွေလည်း ဖြစ်မယ်၊ အဲဒီအစင်းကြောင်းတွေကလည်း ဖုထစ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာ သွပ်ဓာတ်ချို့တဲ့နေတဲ့ လက္ခဏာဖြစ်ပါ တယ်။ အပူကြီးပြီး ဖျားနာတော့မယ့် လက္ခဏာလည်း ဖြစ်နိုင်သလို ဆီးချိုရောဂါလည်း ဖြစ်နိုင်ကြောင်း Mayo Clinic က သတိပေးထားပါတယ်။

ထူပွပြီး ကျိုးပဲ့လွယ်လာတဲ့ လက်သည်းခွံတွေ
    လက်သည်းခွံတွေ ထူပွပြီး အလွယ်တကူကျိုးပဲ့လွယ်လာခြင်းက Onychomycosis လို့ခေါ်တဲ့ လက်သည်းမှိုစွဲတဲ့ ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အရေပြားဆရာဝန်ထံပြသပြီး ကုသမှုခံယူသင့်ပါတယ်။

လက်သည်းပွင့်ခြင်း
    လက်သည်းပေါ်က အဖြူစက်ကလေးတွေကို ငယ်စဉ်က လက်သည်းပွင့်တယ်လို့ ခေါ်လေ့ရှိတာကို မှတ်မိပါသလား။ လက်သည်းပွင့်တဲ့ လက်ချောင်းတွေမှာ ချစ်၊ ခင်၊ ကြိုက်၊ မုန်း ၊ သနား ဆိုပြီးချစ်တဲ့လူ၊ မုန်းတဲ့လူကို ရှာဖွေလေ့ရှိပါတယ်။ အမှန်တကယ်တော့ လက်သည်းပေါ်မှာ အဖြူစက်တွေ ပေါ်လာခြင်းက သင်ကိုယ်တိုင်မသိဘဲ  စိတ်ထဲမှာပူပန်မှုတွေ များနေတဲ့လက္ခဏာ ဖြစ်ကြောင်း WebMD ကပြောထားပါတယ်။ သင်နောက်ဆုံး ဆိုးလိုက်တဲ့  လက်သည်းဆိုးဆေး ပြင်း လွန်းလို့လည်း ဖြစ်နိုင်တာကြောင့် နောက်တစ်ကြိမ်ဆိုးသင့် မဆိုးသင့် ချင့်ချိန်ဖို့ လိုအပ်ပါတယ်။
Ref;Lifehack