ခန္ဓာကိုယ်က တီးတိုးပြောတဲ့ သင့်ရဲ့ ကျန်းမာရေး

    သင် အကြီးအကျယ် နာမကျန်း မဖြစ်ခင်မှာ သင့်ရဲ့ ကျန်းမာရေးအခြေအနေ ယိုယွင်းလာပြီဆိုတာကို သင့်ခန္ဓာကိုယ်က အချို့သော လက္ခဏာများနဲ့ သတိပေးပါလိမ့်မယ်။ သင်သတိမထားလိုက် မိတဲ့၊ သိလိုက်ရင်တောင်မှ လစ်လျူရှုလိုက်မိတဲ့ အချို့သော လက္ခဏာလေးများဟာ တစ်ခါတရံ ရောဂါတစ်ခုခု ရင်ဆိုင်ကြုံတွေ့ရတော့မယ်ဆိုတာ ကို သတိပေးနေတဲ့ သတင်းစကားတွေ ဖြစ်လို့နေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က သင့်ကျန်း
မာရေးအကြောင်း တီးတိုးစကားဆိုတဲ့ အချိန်မှာဂရုစိုက်မိဖို့ လိုအပ်ပြီး ကြိုတင်ကာကွယ်ကုသမှု တွေ ပြုလုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီအခြေအနေကို သင် သတိမပြုမိဘဲ ကျော်လွှားသွားမိတယ်ဆိုရင်တော့ ရောဂါတွေက စတင်ပြီး သင့်ကို တိုက်ခိုက်ပါလိမ့်မယ်။

ဘယ်လို အချက်ပြမှုတွေကို ဂရုစိုက်ဖို့ လိုအပ်ပါသလဲ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း
    ညအချိန် သင်အိပ်စက်တဲ့အခါ စိတ်ဖိစိးမှု ဖြစ်စေတဲ့ ဟော်မုန်း Cortisol က အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီဟော်မုန်းအနိမ့်ဆုံး ပမာဏ ရောက်သွားပြီးဆိုတာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်စနစ်ကြီးတစ်ခုလုံးဟာ နှေးလာပြီး အနားယူ ၊ အားဖြည့်တဲ့ ဖြစ်စဉ်တွေကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်လုပ်ဆောင်ပါတော့တယ်။ အိပ်မပျော်တဲ့ရောဂါ ခံစားနေရသူတွေက နေ၀င်ပြီး မှောင်လာတာနဲ့  Cortisol ဟော်မုန်းလျော့ကျမသွားပဲ လည်ပတ်နှုန်း ပိုမိုမြင့်မားလာတာကြောင့် ညဘက်တွေမှာ အိပ်မပျော်နိုင်တာ ဖြစ်ပါတယ်။ ဒါက ဖိစီးမှုတွေ ကြုံလာရတဲ့အချိန်မှာ ခန္ဓာကိုယ်က ပြုလုပ်တဲ့ တုံ့ပြန်မှုတွေ (fight-or-flight stress responses) များနေတာကြောင့်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ခန္ဓာကိုယ်က တုန့်ပြန်မှုတွေ ပြုလုပ်နေသ၍ သဘာဝအတိုင်း ပြန်လည်အသစ် ပြုပြင်အစားထိုးတဲ့ ဖြစ်စဉ်ကို ခန္ဓာကိုယ်က ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သင့်အိပ်ချိန် လုံလောက်မှုမရှိ၊ အိပ်မပျော်တဲ့ ညတွေ စတင်ပြီး မကြာခင်မှာပဲ ကျန်းမာရေး ဆုတ်ယုတ်မှုတွေ ရင်ဆိုင်လာရတော့မှာပါ။

အရပ်ပုသွားခြင်း
    ဖြစ်နိုင်ချေမရှိ၊ ယုတ်တိမတန်တဲ့ စကားလို့ သင်ယူဆကောင်း ယူဆမိပါလိမ့်မယ်။ သင် တစ်သက်လုံးသိထားတဲ့ သင့်ရဲ့ အရပ်အမောင်းက ၅ ပေ ၈ လက်မလို့ ဆိုကြပါစို့။ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုခံယူဖို့ သွားတဲ့အခါ သင့်အရပ်ကို ဘယ် လိုတိုင်းတိုင်း ၅ပေ ၇ လက်မခွဲပဲ ရှိပါတယ်လို့ ပြောလာတဲ့အခါ အရပ်တိုင်းတဲ့ ကိရိယာပျက်နေလို့လို့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ အရပ်ပုသွားတယ်ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာ တာဝန်ကျသူထံ သေချာပေါက်ပြောပြပါ။ သင့်ရဲ့ အရိုးတွေ အရိုးပွရောဂါရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ယိုယွင်းလာတာဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့ အရိုးတွေ ပျက်စီးရမယ်လို့ မဆိုလိုပါဘူး။ သဘာဝ ကယ်လ်ဆီယမ်၊ ဗီတာမင် D ပြည့်ပြည့်၀၀ ရရှိမယ်၊ ခန္ဓာကိုယ်အလေးချိန်ကို သင့်
တင့်အောင် ထိန်းသိမ်းပြီး  နေထိုင်သွားနိုင်မယ်ဆို ရင် သင့်ဘ၀သက်တမ်း တစ်လျှောက်လုံး ကျန်းမာ ကြံ့ခိုင်တဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အသားအရေ ခြောက်သွေ့လာခြင်း
    အသားအရေနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား ဘာကုထုံးမှလည်း မလုပ်ပါဘဲ၊ သုံးနေကျ ပစ္စည်းတွေကိုပဲ အသုံးပြုနေပါရဲ့နဲ့  အရေပြားတွေ ခြောက်သွေ့ပြီး အက်ကွဲလာတာမျိုးတွေ၊ ၀က်ခြံတွေနဲ့ အခြားသော အရေပြား ပြဿနာတွေ သိသိသာသာ ကြုံလာရတယ်လို့ ခံစားမိပါသလား။ ဒီလို ဓာတ်မတည့်တဲ့ တုန့်ပြန်မှုတွေဖြစ်ပေါ်လာတာက သင့်မှာ ဖိစီးမှုတွေ အလွန်များပြားလာပြီဆိုတာကို ခန္ဓာကိုယ်မှ အချက်ပြလာခြင်းဖြစ်ပါတယ်။ အရေပြားဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံး အင်္ဂါတစ်ခု ဖြစ်ပြီး အရေပြားကပြောလာတဲ့ သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့် အသားအရေတွေ ခြောက်ကပ်လာတာ၊ မကြာခဏ ဓာတ်မတည့်တဲ့ လက္ခဏာ (နီရဲ ယားယံခြင်း၊ ခြောက်သွေ့အက်ကွဲခြင်း၊ အဖုအပိန့် အစက်အပြောက်တွေ ထွက်လာခြင်း)တွေ ပြသလာပြီဆိုရင်တော့ သင်အနားယူသင့်ပါပြီ။

မကြာခဏ ဖျားနာခြင်း
    ဗိုင်းရပ်စ်အမျိုးစုံ၊ ဘက်တီးရီးယား အနွယ်စုံနဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က နေ့စဉ်ထိတွေ့လို့နေရပါတယ်။ ကျန်းမာရေးကောင်းနေတဲ့ လူ ၊ တစ်နည်းဆိုရရင် ကိုယ်ခံအားကောင်းတဲ့ လူတွေအတွက်တော့ တော်ရုံ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို
သူရဲ့ ကိုယ်ခံအားစနစ်က တိုက်ဖျက်ပစ်လိုက်နိုင်ပါတယ်။ မိုးတွင်း တုပ်ကွေးရာသီမှာလည်း သင်ဖျားနာတယ်၊ ဆောင်းတွင်းလူများတွေ အအေးမမိခင် သင်နှာစေးချောင်းဆိုးဖြစ်တယ်၊ ဒါတင်မက ဆယ့်နှစ်ရာသီ သင့်မှာလူများတွေ ရောဂါဖြစ်တိုင်း ကူးစက်လာတတ်တယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်ခံစွမ်းအားက အတော်အခြေအနေဆိုးနေပြီလို့ ဆိုကြပါစို့။ သင့်ရဲ့ ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ သတ်မှတ်ရမှာပါ။ ကူးစက်ရောဂါတွေ  အလွယ်
တကူ ၀င်ရောက်နိုင်တဲ့အန္တရာယ်များတဲ့ အနေအထားဖြစ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ကင်ဆာလိုမျိုးရောဂါတွေရဲ့ ကနဦးအစလည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်ခံစွမ်း
အား ဘယ်လိုအခြေအနေရှိသလဲဆိုတာကို သိထားသင့်ပါတယ်။

ပန်းသီးပုံသဏ္ဍာန် ၀ဖြိုးလာခြင်း
    သင်အရင်က ဘယ်လို ခန္ဓာကိုယ်အချိုးအစားရှိခဲ့ပါစေ ၀လာပြီဆိုတာနဲ့ ခန္ဓာကိုယ် အချိုးအစားနှစ်မျိုးထဲက တစ်မျိုးနဲ့ အကြုံးဝင်သွားမှာပါပဲ။ ၀မ်းဗိုက်ပိုင်း ၀ဖြိုးလာရင် ပန်းသီးပုံ ခန္ဓာကိုယ်၊ တင်ပါးနဲ့ ပေါင်တွေ ၀ဖြိုးလာရင် သစ်တော်သီးပုံ ခန္ဓာကိုယ်လို့ဆိုကြပါစို့။ အ၀လွန်လာခြင်းကလည်း သင့်ကျန်းမာရေး အခြေအနေစတင်ပြီး ယိုယွင်းလာကြောင်းတီးတိုး ပြောဆိုခြင်းတစ်မျိုးလို့ သိထားရပါမယ်။ သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။

ဆီးအရောင်ရင့်လာခြင်း
    သင့်ရဲ့ အလုံးစုံသော ကျန်းမာရေး အခြေအနေကို သင့်ရဲ့ ဆီးကိုကြည့်ပြီး သိနိုင်ပါတယ်။ ရေဓာတ် လုံလုံလောက်လောက်ရရှိထားရင် ဆီးရဲ့ အရောင်က ကြည်လင်နေပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေအထားအရ ရေလည်း လုံလုံလောက်လောက် သောက်ထားတာတောင်မှ ဆီးသွားတဲ့အခါ အရောင်ရင့်နေတယ်ဆိုရင်တော့ ကျောက်ကပ် ကောင်းကောင်းအလုပ်မလုပ်တဲ့၊ အညစ်အကြေးစွန့်ပစ်တဲ့ စနစ် ပုံမှန်မဟုတ်တဲ့ အနေအထားဖြစ်ပါတယ်။ တစ်နေ့တာအတွက် သောက်သင့်တဲ့ ရေ ပမာဏကို ဂရုတစိုက် ကြိုးစားပြီးသောက်ပါ။ သင့်ရဲ့ဆီးအခြေအနေ ကောင်းမွန်လာခြင်းရှိ မရှိ  စစ်ဆေးပြီး တိုးတက်မှု မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ကျောက်ကပ်ကို စစ်ဆေး ကြည့်သင့်ပါတယ်။

စိုးရိမ်သောကများနေခြင်း
    ပူပင်သောကဆိုတာက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တစ်မျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရ သင့်ရဲ့ ခန္ဓာကိုယ်အပေါ် အဓိကအားဖြင့် နှလုံးရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူမှု အကြောင်းအရာများကြောင့်မဟုတ်ဘဲ သင့်ကို “ပူပင်သောကရောက်ခြင်း” ဆိုတဲ့ စကားစုနဲ့ ဖော်ပြနိုင်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေတဲ့ အခြားသော အကြောင်းအရာများရှိနေပါတယ်။ ဟော်မုန်းမညီမျှမှုခြင်း၊ အက်ဒ်ရီနယ်အကြိတ် (Adrenal Tumor) ၊ Hyperthyroidism စတဲ့ ရောဂါများရဲ့ နောက်ဆက်တွဲ လက္ခဏာများကြောင့် စိတ် မသက်မသာ အလိုမကျ ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ နေ့စဉ်ဘ၀မှာ အမြဲတမ်းမဟုတ်တောင် စိတ်ပူပင်သောက ရောက်စရာတွေ ကြုံကို ကြုံ တွေ့ရမှာပါ။ ဒီလိုမဟုတ်ဘဲ အကြောင်းပြချက်မရှိ အလိုမကျ ဒေါသထွက်နေတာမျိုးတွေ ၊ စိုးရိမ်ပူပင်စိတ်တွေ အမြဲလိုလို ဖြစ်ပေါ်နေတယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်တွင်းက ဟော်မုန်းအခြေအနေကို စစ်ဆေးကြည့်သင့်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

ယားယံလာခြင်း
    ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို အရေပြား ရောဂါတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ယားယံရတဲ့ ပြဿနာက သာမန်အခြေအနေ မဟုတ်တော့တာလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အသည်း
မှာ ရောဂါဖြစ်လာတဲ့အခါ သင့်ရဲ့ အရေပြားယားယံလာခြင်းက တစ်ဆင့်အချက်ပြလေ့ရှိပါတယ်။
Ref ;    Lifehack