ဖရဲသီး နဲ့ ကျန်းမာရေး

    ဖရဲသီးဟာ ရေဓာတ်ပါဝင်နှုန်းမြင့်မားတဲ့ နွေရာသီ သီးနှံတစ်မျိုး ဖြစ်ပါတယ်။ ကိန်းဂဏန်းများအရ ဆိုရင်တော့ ဖရဲသီးတစ်လုံးမှာ ရေ ၉၂% ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ၉၂ % က
ရေဆိုလို့ အခြားအာဟာရဓာတ်တွေ မပါဝင်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ အရည်ရွှန်းပြီး ချိုမြနေတဲ့ ဖရဲသီးစိတ်လေးတွေတိုင်းမှာ  ဗီတာမင် A ၊ ဗီတာမင် B6 ၊ ဗီတာမင်C ၊ Lycopene အမည်ရ Antioxi-
dant နဲ့ Amino Acid တွေပြည့်ဝစွာ ပါဝင်ပြီး  ပိုတက်ဆီယမ်လည်း အသင့်အတင့် ပါဝင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဖရဲသီးမှာ အဆီလုံးဝမပါဝင်ဘဲ ဆိုဒီယမ်နဲ့ ကယ်လိုရီပမာဏ အနည်းငယ်သာ ပါဝင်ပါတယ်။ အရောင်ရဲရဲ၊ အရည်ရွှမ်းရွှမ်းနဲ့ စားချင်စဖွယ်ဖရဲသီးက သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်ပါသလဲ။

နှလုံးကျန်းမာရေး
    ဖရဲသီးမှာပါဝင်တဲ့ Lycopene အမည်ရ Antioxidant ဟာ ဆဲလ်တွေပျက်စီးခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး နှလုံးနဲ့နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ lycopene ရဲ့ ဂုဏ်သတ္တိ နောက်တစ်မျိုးက ရောင်ရမ်းမှုမဖြစ်အောင်  ကာကွယ်ပေးနိုင်တာကြောင့် ဖရဲသီးကရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ Anti-inflammatory အသီးအနှံစာရင်းမှာ ပါဝင်သွားပါတော့တယ်။  ဖရဲသီးမှာ ပါဝင်တဲ့ Citrulline နဲ့ Arginine အမည်ရ အမိုင်နို အက်စစ်များကလည်း  နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ Arginine က သွေးစီးဆင်းလည်ပတ်မှုကို ကောင်းမွန်စေကာ ဒါက အချိန်ကြာလာတဲ့ အခါ သွေးကြောနံရံတွေမှာ အဆီတွေစုလာပြီး သွေးကြောကျဉ်းတဲ့ အခြေအနေမဖြစ်စေဖို့ ကူညီပေးပါတယ်။ American Journal of Hypertension က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ အ၀လွန်နေတဲ့ အရွယ်ရောက်ပြီးသူတွေ ဖရဲသီးစားပေးခြင်းက သွေးတိုးခြင်းနဲ့ သွေးဖိအားများခြင်းကို လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

အစာချေလမ်းကြောင်း
    သင့်အစာအိမ်နဲ့ အူလမ်းကြောင်း ပုံမှန်အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းက သင့်ကျန်းမာရေး ကောင်းမကောင်း ထည့်သွင်းဆုံးဖြတ်ရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။ အမျှင်ဓာတ်ကတော့ အစာချေလမ်းကြောင်း ပုံမှန်အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ် အစားအစာစားသုံးတဲ့အခါ အမျှင်ဓာတ်ပါဝင်အောင်စားသုံးဖို့ လိုအပ်သလို လုံလောက်မှုရှိအောင် စားပေးဖို့လည်း လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများဟာ သဘာဝအရ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာအုပ်စုမှာ ပါဝင်ပါတယ်။ အခြားသီးနှံများနည်းတူပဲ ဖရဲသီးဟာလည်း အမျှင်ဓာတ် ပါဝင်မှုမြင့်မားတဲ့ အသီးဖြစ်ပါတယ်။
ဒါကြောင့် ဖရဲသီးစားပေးခြင်းက သင့်ရဲ့ အစာချေလမ်းကြောင်းကို ကျန်းမာစေပြီး အလုံးစုံသော ကျန်းမာရေးကောင်းမွန်ဖို့လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါတယ်။

ကြွက်သားနာကျင်မှု
    ဖရဲသီးကြိုက်နှစ်သက်တဲ့ အားကစားသမားများအတွက် သတင်းကောင်း ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမပြုလုပ်မီ ဖရဲသီးဖျော်ရည်တစ်ခွက် သောက်ပေးခြင်းက လေ့ကျင့်ခန်းပြုလုပ် ပြီးနောက် ကြွက်သားတွေ နာကျင်ခြင်းကို သက်သာစေပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်တယ်လို့ Journal of Agricultural and Food Chemistry က ပြုလုပ်ခဲ့တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါက ဖရဲသီးမှာပါဝင်တဲ့ အမိုင်နိုအက်စစ် Citrulline ၊  Arginine များကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကင်ဆာကာကွယ်နိုင်စွမ်း
    အခြား ဟင်းသီးဟင်းရွက်များနဲ့ သီးနှံများနည်းတူပဲ ဖရဲသီး ရဲ့ Antioxidant တွေကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချတားဆီးပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေ မျှော်လင့်ထားကြပါတယ်။ National Cancer Institute က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဖရဲသီးမှာ ပါဝင်တဲ့ Antioxidant တစ်မျိုးဖြစ်တဲ့ Lycopene က အထူးသဖြင့် Prostate Cancer ဆဲလ်တွေ ပြန့်ပွားခြင်းကို လျော့ကျစေနိုင်ကြောင်း သိရှိထားပြီး ဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တင်းပေးနိုင်ခြင်း
    အထက်မှာဆိုခဲ့ပြီးသလိုပဲ ဖရဲသီးဟာ ရေဓာတ် ၉၂ % ပါဝင်ဖွဲ့စည်းထားတဲ့ အသီးဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ်ဖြည့်တင်းပေးနိုင်မယ့် အသီးအနှံဆိုရင် ဖရဲသီးကို ညွှန်းနိုင်ပါတယ်။ ဖရဲသီးစားခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ရုံသာမဟုတ်ဘဲ  Electrolyte  စွမ်းရည်ရှိတာကြောင့် နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ အပူလျှပ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ နွေရာသီ နေပူထဲမှာ အချိန်အတော် ကြာကြာနေပြီး ရေဆာတာကြောင့် အဆောတလျင် ရေသောက်လိုက်မိမယ်ဆိုရင် အခန့်မသင့်ပါက အပူလျှပ်နိုင်ပါတယ်။ ဒါပေမဲ့ ရေခဲမထည့်ထားတဲ့ ဖရဲသီးဖျော်ရည်ကိုတော့ ချက်ချင်းသောက်နိုင်ပါတယ်။ ဖရဲသီး ဖျော်ရည်မဟုတ်ဘဲ ဖရဲသီးစိတ်လေးတွေကလည်း သင့်ကို ရေဆာပြေစေနိုင်ပါတယ်။

ဆံပင်နဲ့ အသားအရည်
    ဗီတာမင် A က သင့်ရဲ့ အသားအရေကို ကြည်လင်ပြီး တောက်ပြောင်စေပါတယ်။ ဖရဲသီးဖျော်ရည် တစ်ဖန်ခွက်မှာ သင်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်A ပမာဏ လေးပုံပုံတစ်ပုံလောက် ပါဝင်ပါတယ်။ ဗီတာမင်  A က အသားအရေနဲ့ ဆံပင်တွေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သလို ကျန်းမာတဲ့ အသားအရေနဲ့ ဆံသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Collagen ၊ Elastin ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ လှုံ့ဆော်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် C ကလည်း ကျန်းမာတဲ့ Collagen အသစ်ပြန်လည် ဖြစ်ပေါ်ဖို့ ထောက်ကူပေးပါတယ်။

သတိထားသင့်တဲ့ အချက်များ
    တန်သလောက်သင့်သလောက် စားသုံးမယ်ဆိုရင် အစားအစာဟာလည်း ဆေးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖရဲသီးကို သင့်တင့်မျှတသလောက် စားသုံးပေးခြင်းက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား တစ်စုံတရာမရှိဘဲ ဘေးကင်းပါတယ်။ ဒါပေမဲ့ အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ Lycopene နဲ့ ပိုတက်ဆီယမ် ပိုလျှံလာမယ့် ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ Lycopene 30mg နဲ့ အထက်
စားသုံးမိမယ်ဆိုရင် ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း၊ အစာမကြေခြင်းနဲ့ လေပွခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
    ခန္ဓာကိုယ်က လိုအပ်တဲ့ ပိုတက်ဆီယမ် ပမာဏထက် ပိုများသွားပြီဆိုရင်တော့ နှလုံးခုန်နှုန်း မမှန်ခြင်းနဲ့ အခြားနှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ၊ ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့တာ စတဲ့ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။ ဖရဲသီးဖျော်ရည်တစ်ခွက်မှာ ပိုတက်ဆီယမ်140 Mg ခန့် ပါဝင်တာကြောင့် ဒါက တစ်နေ့တာအတွက် သင့်တော်တဲ့ ပမာဏပါပဲ။ တစ်ခွက်ထက်ပိုပြီး မသောက်သင့်ဘူးလို့ ပညာရှင်တွေ ဆိုထားပါတယ်။ နောက်ထပ်သတိထားသင့်တဲ့ အချက်ကတော့ သကြားဓာတ်ဖြစ်ပါတယ်။ ဖရဲသီးဟာ သဘာဝသကြားပါဝင်နှုန်း မြင့်မားတဲ့ အသီးအမျိုးအစား ဖြစ်တာကြောင့်  ဖရဲသီးဖျော်ရည် သောက်တော့မယ်ဆိုရင် သင်ရဲ့ တစ်နေ့တာ သကြားစားသုံးမှုကို ပြန်လည်ဆန်းစစ်ဖို့ လိုလိမ့်မယ်လို့ သတိပေးထားပါတယ်။
Ref; livescience