ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ လုပ်ငန်းခွင်ဝင်မယ်

    သင့်ရဲ့ လုပ်ငန်းခွင်ဝင်တဲ့ နေ့ရက်တိုင်းမှာ အရေးကြီးဆုံးက ကျန်းမာရေးပါ။ နေ့စဉ်များမြောင်လှတဲ့ ကိစ္စရပ်တွေကို ပြုလုပ်ဆောင်ရွက်ရန် သင့်ရဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်တိုင်းဟာ လူပေါင်းများစွာ ၀င်ထွက်သွားလာနေတာကြောင့် ရောဂါကူးစက်ခံရဖို့ ရာခိုင်နှုန်းများတဲ့ နေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ လေ့လာမှုတွေအရ အလုပ်ပျက်ရတဲ့ အကြောင်းအရင်များစွာထဲမှာ တုပ်ကွေးနဲ့ အအေးမိခြင်းက တွေ့ရအများဆုံး အကြောင်းအရာ ဖြစ်နေပါတယ်။
    လုပ်ငန်းခွင်မှာမှ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ နေ့စဉ် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှို အမျိုးပေါင်းများစွာကို ထိတွေ့ပြီး နေထိုင်နေရတာ ဖြစ်ပါတယ်။ သင့်ရဲ့  ကိုယ်ခံစွမ်းအားစနစ်က
အဆိုပါ ကူးစက်တတ်ပြီး ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုတွေ ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး ဒုက္ခမပေးနိုင်အောင် ခုခံတိုက်ထုတ်ပေးပါတယ်။
    သင်ကိုယ်တိုင်လည်း ရောဂါကူးစက်မခံရအောင် ကာကွယ်နိုင်ပါတယ်။ အနည်းဆုံးတော့ နေ့စဉ်ကျင်လည်ရတဲ့ လုပ်ငန်းခွင်မှာ  တုပ်ကွေးနဲ့အအေးမိခြင်းလိုမျိုး အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါကို နည်းလမ်းတစ်ချို့နဲ့ ကာကွယ်နိုင်ပါတယ်။

လက်ဆေးပါ
    အအေးမိခြင်းကို ကာကွယ်နိုင်တဲ့ လက်နက်တစ်မျိုးကို ဖော်ပြပါဆိုရင်  မကြာခဏလက်ဆေးခြင်းလို့ ဆိုနိုင်ပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ မိုက်ခရို့ပ် ပိုးမွှားတွေဟာ ဓာတ်လှေကား ခလုတ်မှာ၊
တံခါးလက်ကိုင်တွေမှာ၊ သင့်ရုံးရဲ့စားသောက်ခန်းမထဲက အများသုံး ပစ္စည်းပစ္စယတွေမှာပါ တစ်ပုံတစ်ခေါင်း စုပေါင်းနေထိုင်ပေါက်ဖွားလျက်ရှိနေကြပါတယ်။
    မကြာမကြာ ဆပ်ပြာအသုံးပြုပြီး လက်ဆေးခြင်းက အခြားသူများထံ ရောဂါပျံ့ပွားခြင်းကို တားဆီးပေးနိုင်ရုံမက သင့်ထံသို့ ရောဂါပိုးများ ကူးစက်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
    လက်ဆေးဖို့ အရေးကြီးတဲ့ အချိန်များကတော့ အစားမစားမီနဲ့ အစားစားပြီးချိန်၊ သန့်စင်ခန်းဝင်ပြီးချိန်၊ နှာချေပြီးချိန်(သို့) ချောင်းဆိုးပြီးချိန်(သို့) နှပ်ညှစ်ပြီးချိန် စတဲ့ အချိန်များဖြစ်ပါတယ်။ လက်ဆေးတဲ့အခါမှာလည်း အနည်းဆုံး စက္ကန့်(၂၀) အချိန်ယူပြီး ဆပ်ပြာနဲ့သေချာဆေးကြောဖို့ လိုအပ်ပါတယ်။

လက်နဲ့မျက်နှာကို မထိမိအောင်နေပါ
    တုပ်ကွေးနဲ့ အအေးမိခြင်းကဲ့သို့သော ကူးစက်ရောဂါတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေဟာ စကားပြောရင်း၊ နှာချေရင်း၊ ချောင်းဆိုးရင် ထွက်ကျသွားတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ တံတွေး၊ နှာရည်လေး တစ်စက်တစ်မှုန်ကနေတစ်ဆင့် ကောင်းကောင်းကြီး ပျံ့နှံ့ နိုင်ပါတယ်။ သင်အသက်ရှူလိုက်တဲ့အခါ ပိုးမွှားတွေဟာ ပါးစပ်နဲ့နှာခေါင်းမှ တစ်ဆင့် အသက်ရှူလမ်းကြောင်းကနေ အဆုတ်ထဲကို ရောက်ရှိသွားပါပြီး ရောဂါဖြစ်
စေနိုင်ပါတယ်။
    အဆိုပါ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေဟာ အရေပြားနဲ့ အနီးအနား ပတ်ဝန်းကျင်က အရာဝတ္ထုပစ္စည်းတွေပေါ်မှာလည်း နေထိုင်ပေါက်ပွားနိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်က အရေပြားနဲ့ အခြားမျက်နှာပြင်တွေမှာ ရှစ်နာရီကြာ အသက်ရှင်နိုင်ပြီး အအေးမိခြင်းလို့ အမည်တပ်ထားတဲ့ ရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားကတော့  သုံးနာရီကြာအသက်ရှင်နိုင်ပါတယ်။
    ဒါကြောင့် အထက်မှာပြောထားတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ရှိနေတဲ့ အခြားသူရဲ့ အရေပြား၊ အရာဝတ္တုတွေကို သင့်ရဲ့လက်နဲ့ ထိတွေ့ကိုင်တွယ်မိပြီး မျက်စိ၊နှုတ်ခမ်းနဲ့ နှာခေါင်းတွေလို အဓိက ကူးစက်ဝင်ရောက်နိုင်တဲ့ နေရာတွေကို ပြန်ထိမိမယ်ဆိုရင် သင်ရောဂါကူးစက်ပါပြီ။ ဒါကြောင့် အလုပ်ခွင်မှာ တက်နိုင်သလောက် သင့်မျက်နှာကို သင့်လက်နဲ့မထိမိအောင်နေပါ။

အကွာအဝေးကို သတိပြုပါ
    တုပ်ကွေး ဒါမှမဟုတ် အအေးမိနေတဲ့ လူတစ်ယောက်နဲ့ အနီးကပ်နေထိုင်ထိတွေ့လို့ မရဘူးဆိုတာ သင်သိထားပြီးသားဖြစ်မှာပါ။ တုပ်ကွေးမိနေတဲ့ လူတစ်ယောက်က သူရဲ့ရောဂါကို အခြားသူတစ်ယောက် ထံ  ခြောက်ပေအကွာကနေတောင် ကူးစက်စေနိုင်ပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ချောင်းဆိုးနေတာ၊ နှာချေနေတာ၊ နှာစေးနေတာ တွေ့တယ်ဆိုရင် သူနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေပါလို့ အကြံပြုချင်ပါတယ်။
    ဒါမှမဟုတ် ပြင်းထန်တဲ့ တုပ်ကွေးရာသီဆိုရင်တော့ အခြားသူတွေထံ ကူးစက်ခြင်းအားတတ်နိုင်သလောက် တားဆီးနိုင်ဖို့  အိမ်မှာအနားယူဖို့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို တိုက်တွန်းကြည့်ပါ။ ဖျားနာနေတဲ့ လူတစ်ယောက်ဟာ ပျောက်ကင်းဖို့ အိမ်မှာ ၂၄ နာရီလောက် အနားယူသင့်ပါတယ်။

 
လက်သန့်စင်ဆေးရည်နဲ့ တစ်ရှူးဆောင်ပါ
    သင်အလုပ်ခွင်မှာ ကျန်းမာချင်တယ်ဆိုရင် မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရာရှိပါတယ်။ တစ်ရှူးနဲ့ အယ်လ်ကိုဟော အခြေခံထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်ကို ဆောင်ထားသင့်ပါတယ်။ အနည်းဆုံး အယ်လ်ကိုဟော ၆၀ % နဲ့ ထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ အဆိုပါ လက်သန့်စင်ဆေးရည်တွေက ပိုးမွှားတွေကို အကုန်အစင် ရှင်းထုတ်ပေးနိုင်စွမ်း မရှိပေမဲ့ သင့်ရဲ့လက်မှာ ကပ်
ညှိနေတဲ့ ပိုးမွှားအရေအတွက်ကိုတော့ လျှော့ချပေးနိုင်ပါတယ်။
    တစ်ရှူးကတော့ သင်နှာချေတော့မယ့်အခါ၊ ချောင်းဆိုးတော့မယ့်အခါ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားဖို့ အသုံးပြုရန် ဖြစ်ပါတယ်။ သူများဆီက ရောဂါပိုးမွှား ကိုယ့်ဆီကူးစက်လာမှာကို ကာကွယ်ရမှာဖြစ်သလို ကိုယ့်ကြောင့် တစ်ခြားသူ ရောဂါကူးစက်သွားမှာကိုလည်း တားဆီးရမှာ ဖြစ်ပါတယ်။ အသုံးပြုပြီး တစ်ရှူးကို ချက်ချင်းလွှင့်ပစ်ဖို့ မမေ့ပါနဲ့။

မျှဝေသုံးစွဲခြင်း တတ်နိုင်သလောက် နည်းပါစေ
    သင့်ရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဖြစ်နိုင်ရင် မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။ တစ်ကိုယ်ရေသုံး ပစ္စည်းဆိုကတည်းက တစ်ယောက်တည်း သီးသန့်သုံးဖို့ ဖြစ်နေပါပြီ။ အလုပ်ခွင်မှာ မျှဝေမသုံး
စွဲသင့်တဲ့ ပစ္စည်းတွေကတော့ ဖုန်း၊ ကွန်ပျူတာ၊ ကီးဘုတ်၊ မောက်စ်နဲ့ လုပ်ငန်းသဘောအလျောက် မကြာမကြာ သုံးစွဲရတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ လူမှုရေး ရှုထောင့်ကကြည့်မယ်ဆိုရင် ချစ်စရာကောင်း
ပေမဲ့ ကျန်းမာရေးအမြင်အရ  မသင့်တော်တာ တစ်ခုကတော့ အစားအစာများကို ဝေမျှစားသုံးကြခြင်း ဖြစ်ပါတယ်။ ဒါက အဓိကရောဂါကူးစက်စေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
Ref;everydayHealth