နွေ ကို အံတုမယ့် အစားအစာများ

    ဆောင်းအကုန်နွေအကူးကာလ၊ နွေဦးရာသီကို ရောက်ရှိလာပါပြီ။ ပိုမို ပူနွေးလာတဲ့ ကမ္ဘာ့ရာသီဥတုကြောင့် ဆောင်းရာသီမှာလည်း ဆောင်းပီပီ အအေးဓာတ်ကို မခံစားရတော့ဘဲ ပြင်းပြတဲ့ နေရောင်ခြည်နဲ့ ပူအိုက်တဲ့ အချိန်က ပိုများနေခဲ့ပါတယ်။ ဆောင်းရာသီမှာ လေထုက အေးမြပြီး ခြောက်သွေ့တာကြောင့် အသားအရေတွေ ခြောက်၊ အရေပြားတွေ အက်ကွဲတာမျိုးဖြစ်လေ့ရှိပြီး  နွေရာသီမှာ ဒီလိုပြဿနာမျိုး မရှိတော့တာပဲ ကွာခြားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ပူပြင်းတဲ့ နေရောင်နဲ့ ရာသီဥတုကို အချိန်ကြာကြာ ထိတွေ့ဖြတ်သန်းရတော့မယ့်အချိန်မှာ သင်ဘယ်လိုအစားအစာမျိုးတွေကို ရွေးချယ်စားသောက် သင့်ပါသလဲ။ အောက်မှာဖော်ပြပေးမယ့် အစားအစာတစ်မျိုးစီတိုင်းမှာ နွေရာသီနဲ့ သင့်တော်နဲ့ အာဟာရတန်ဖိုး များပါဝင်နေပါတယ်။

ပြောင်းဖူး
    နွေဦးမှာ ၀င်းဝင်းဝါ၀ါနဲ့ ပေါပေါများများတွေ့လာရတဲ့ ရာသီသီးနှံတစ်မျိုးကတော့ ပြောင်းဖူး ဖြစ်ပါတယ်။ Summer Menu မှာ ပြောင်းဖူးကိုထည့်သွင်းရမယ့် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိနေပါတယ်။ ပြောင်းဖူးမှာ ပါဝင်တဲ့ Antioxidant နှစ်မျိုးဖြစ်တဲ့ Lutein နဲ့ Zeaxanthin မှာ သဘာဝနေကာမျက်မှန်လို့တောင် တင်စားခေါ်ဝေါ်နိုင်မယ့် နေရောင်ခြည်ကို အံတုပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေပါတယ်။ အဆိုပါ Antioxidant တွေက နေ
ရောင်ခြည်ထဲက  အရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပြီး အမည်းစက်တွေဖြစ်ပေါ်စေနိုင်တဲ့ ရောင်ခြည်တွေကို စစ်ထုတ်ပြီး ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာတဲ့အခါ မျက်နှာအသားအရေ နဲ့ ခန္ဓာကိုယ် အရေပြားပေါ်မှာ အမည်းစက်၊ အကွက်အပြောက်တွေ ဖြစ်ပေါ်လာခြင်းကိုလည်း သက်သာလျော့ပါးစေနိုင်ကြောင်း သုတေသီတွေ တွေ့ရှိထားပါတယ်။ ဒါကြောင့် ပြောင်းဖူးကို တစ်နေ့တာ အစားအသောက်စာရင်းမှာ ရံဖန်ရံခါထည့်သွင်းလို့ နွေဦးရဲ့ ပူနွေးတဲ့ နေရောင်ခြည်ကို ပျော်ပျော်ကြီး ကြိုဆိုကြည့်ပါလို့ အကြံပြုချင်ပါတယ်။

ခရမ်းချဉ်သီး
    နွေရာသီရဲ့ နေရောင်ခြည်ကို အံတုဖို့ အဓိက အားထားစရာက Sun block ၊ Sunscreen တွေဆိုတာ အားလုံးသိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ခရမ်းချဉ်သီး စားသုံးပေးခြင်းကလည်း Sun block ၊
Sunscreen တွေလိုပဲ အာနိသင်ရှိတယ်ဆိုရင် သင်အံ့သြသွားနိုင်ပါတယ်။ Lycopene ၊ Carotenoid စတဲ့ ရောင်ခြယ်ပစ္စည်းများဟာ ခရမ်းချဉ်သီးကို စွဲဆောင်မှုရှိတဲ့ အနီရောင်အသီးဖြစ်စေရုံသာမက Antioxidant အစွမ်းရှိတဲ့ Super Summer Fruit အဖြစ်သို့ပါ ပြောင်းလဲပေးလိုက်ပါတယ်။ Lycopene ၊ Carotenoid တွေနဲ့ ဖွဲ့စည်းထားတဲ့ခရမ်းချဉ်သီးက နေလောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ ကြာကြာထိတွေ့ရမယ့်နေ့တွေမှာ နေလောင်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခရမ်းချဉ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးသုပ် စတာတွေ စားသောက်ပေးပါလို့ အကြံပြုချင်ပါတယ်။

စတော်ဘယ်ရီ
    မတ်လလိုမျိုး ဆောင်းအကုန် နွေ အကူးကာလမှာ စတော်ဘယ်ရီးသီးကို ဈေးကွက်ထဲမှာ ရရှိနိုင်ပါသေးတယ်။ မကြာခင် ပူအိုက်လာမယ့် ရာသီဥတုနဲ့အတူ နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ ကူးစက်
ရောဂါတွေကို ကာကွယ်နိုင်ဖို့ သင့်ကိုယ်ခံစွမ်းအားကို ကြိုတင်မြှင့်တင်ထားရတော့မှာပါ။ စတော်ဘယ်ရီသီးက အမျှင်ဓာတ် ကြွယ်ဝပြီး ဗီတာမင် C ကြွယ်ဝတာကြောင့် သင့်ရဲ့ ကိုယ်ခံစွမ်းအားကို
ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant တွေက သင့်အသားအရေကို လှပစေပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

Iced Tea
    လက်ဖက်ရည်။ နို့နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ဖြစ်စေ၊ Green Tea လိုမျိုး အကျရည် သက်သက်ကိုဖြစ်စေ ပုံမှန် တစ်ရက်တစ်ခွက်လောက် သောက်သုံးပေးခြင်းက သင့်ကို လန်းဆန်း တက်ကြွစေနိုင်ပါတယ်။ လေ့လာမှုတွေမှာတော့ လက်ဖက်ရည် ပုံမှန်သောက်သုံးသူတွေမှာ Alzheimer နဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ချေနည်းကြောင်း တွေ့ရှိထားပါတယ်။ သွားဖုံးတွေကို ကျန်းမာစေပြီး နို့နဲ့ ဖျော်တဲ့ လက်ဖက်ရည်ဆိုရင်တော့ ပါဝင်တဲ့ ကယ်လဆီယမ်ကြောင့် သွားနဲ့ အရိုးတွေကိုပါ ကြံ့ခိုင်စေပါလိမ့်မယ်။ လက်ဖက်မှာ Flavonoid အမည်ရအစွမ်းထက် Antioxidant ကြွယ်ကြွယ်၀၀ကို
ပါဝင်ပါတယ်။ နွေရာသီမှာမှ မဟုတ်ဘဲ ဆယ့်နှစ်ရာသီလုံးသောက်နိုင်ပြီး ပူပြင်းတဲ့ ရာသီဥတုမှာဆိုရင်တော့ ရေခဲအနည်းငယ်ထည့်ထားတဲ့ လက်ဖက်ရည်အေးကို သင်ပိုနှစ်ခြိုက်ပါလိမ့်မယ်။

Iced Coffee
    သင်ဟာ ကော်ဖီချစ်သူတစ်ယောက်ဆိုရင် တော့ နွေရာသီရဲ့ မနက်ခင်းတွေကို အရင်လို ကော်ဖီပူပူတစ်ခွက်နဲ့ နိုးထမယ့်အစား ရေခဲအနည်းငယ် ထည့်ထားတဲ့ ကော်ဖီအေးလေးတစ်ခွက်
နဲ့ စတင်ကြည့်ပါ။ တစ်ရက်ကို ကော်ဖီတစ်ခွက်နှုန်း သောက်ပေးခြင်းက အရေပြားကင်ဆာဖြစ်နိုင်ချေ ကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုတစ်ခုတွေ့ရှိ ထားပါတယ်။ အဲဒီလေ့လာမှုကို အမျိုးသမီး ၉၃,၀၀၀ ဦးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်ရက်ကို ကော်ဖီ အနည်းဆုံးတစ်ခွက်သောက်သုံးလေ့ရှိတဲ့သူတွေကို အခြားသူများနဲ့ အရေပြားကင်ဆာ ဖြစ်လာနိုင်ချေ ၁၀ % ပိုမိုနည်းပါးကြောင်း တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့် နွေရာသီရဲ့ မနက်ခင်းတွေကို Antioxidant ကြွယ်ဝတဲ့ ကော်ဖီအေးတစ်ခွက်နဲ့ ဖြတ်ကျော်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Ref ;    EatingWell