အဆီပိုတွေ လောင်ကျွမ်းသွားဖို့

    ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အချိုးအစား အလွန်ခေတ်စားတဲ့ ယနေ့လို အချိန်အခါမျိုးမှာ အဆီတွေကို လောင်ကျွမ်းစေမယ့် အစားအစာများလို့ ဆိုလိုက်တာနဲ့ သင်စိတ်ဝင်စားသွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ အဲဒီအစားအစာများကပဲ သင့်ရဲ့ခန္ဓာကိုယ်ထဲက ပိုနေတဲ့အဆီများကို လောင်ကျွမ်းစေနိုင်တဲ့အပြင် ဇီဝကမ္မ ဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပြီး ၊ အဆီတွေ ထပ်တက်မလာအောင် တားဆီးပေးနိုင်သလို အဆိပ်အတောက်တွေကိုပါ ဖယ်ထုတ်သန့်စင်ပေးနိုင်တဲ့ အစွမ်းတွေရှိနေတဲ့ သဘာဝရဲ့ လက်ဆောင်များလို့ ဆိုလိုက်ရင်တော့ သင်အံ့သြသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အသင့်စားအစားအစာ များ၊ ဖျော်ရည်များကို မေ့ထားပြီးသဘာဝကပေးထားတဲ့ အံ့သြဖွယ် ဂုဏ်သတ္တိတွေရှိနေတဲ့ အောက်မှာဖော်ပြထားတဲ့ စားသောက်ဖွယ်ရာများကို ပြောင်းလဲစားသုံးကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

ကိုက်လန်
    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်းခံထားရတဲ့ ကိုက်လန်ရွက်က အာဟာရတန်ဖိုးတွေ စုပြုံပါဝင်နေရုံသာမက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်စွမ်းလည်းရှိပြီး ပြင်းပြင်းပြပြ အစားစားလိုစိတ်ကိုလည်း တားဆီးပေးနိုင်ပါတယ်။ ကိုက်လန် အရွက်သုပ်တစ်ပွဲစာ ပမာဏလောက် စားသုံးပေးခြင်းက အမျှင်ဓာတ် ၁၀ ဂရမ်လောက်ရရှိနိုင်သလို သင့်အသည်းရဲ့ ၄၈ နာရီစာ အဆိပ်အတောက် သန့်စင်ခြင်းလုပ်ငန်းအတွက် လုံလောက်တဲ့ အာဟာရအထောက်အပံ့ကိုလည်း ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ကင်းပြီး
သန့်စင်နေရင် အဆီတက်စေတဲ့ အဓိက တရားခံ သကြားနဲ့ အသင့်စားအစားအစာတွေကို စားသုံးလိုစိတ်လည်း နည်းသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အဆီတွေကို လောင်ကျွမ်းစေပြီးနောက် ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားလိုတယ်ဆိုရင် ကိုက်လန်ကို အားကိုးနိုင်ပါတယ်။

ကြက်ဥ
    ကြက်ဥရဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ လျှို့ဝှက်လက်နက်ဆိုရင်တော့ ပရိုတိန်းလို့ ပြောရမှာပါပဲ။ အစားအစာတွေထဲမှာ  ပရိုတိန်းတွေများများ ပါဝင်လေလေ အဲဒီပရိုတိန်းကို  ဖြိုခွဲပစ်ဖို့ ခန္ဓာကိုယ်က စွမ်းအင်များများ လိုအပ်လေလေပါပဲ။ အဲဒီလိုအပ်တဲ့ စွမ်းအင်က တစ်နည်းပြောရရင် ကယ်လိုရီများပဲ ဖြစ်ပါတယ်။ ပရိုတိန်းဟာ ကြွက်သားတွေအတွက် မရှိမဖြစ်လိုအပ်ပြီး သန်မာတဲ့ ကြွက်သားတွေက ကယ်လိုရီကို ဖြိုခွဲရာမှာအဆီက ဖြိုခွဲနိုင်တဲ့နှုန်းထက်သာပါတယ်။ ဒ့ါအပြင် ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေက ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့ အစားအစာတွေထက် အဆာပိုခံနိုင်တာကြောင့် အစာစားတဲ့ပမာဏ နည်းသွားစေပြီး ကိုယ်အလေးချိန် ကျဆင်းဖို့လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပရိုတိန်းကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥကအဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အစားအသောက်များစာရင်းမှာ ပါဝင်လာရခြင်း ဖြစ်ပါတယ်။

ထောပတ်သီး
    ထောပတ်သီးမှာ ပါဝင်တဲ့ အဆီဓာတ်က ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ စစ်မှန်တဲ့ Fat burner လို့တောင် ဆိုနိုင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ monounsaturated fat က အဆီတွေကို လောင်ကျွမ်းစေမယ့် ဟော်မုန်းကိုလှုံ့ဆော်ပေးနိုင်သလို  အဆီတွေကို သိုလှောင်ထားဖို့ လုပ်ဆောင်မယ့် ဟော်မုန်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင်ထောပတ်သီး စားပေးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝ ကမ္မ ဖြစ်စဉ်တွေ လုပ်ဆောင်ရာမှာ တိုးတက်မှုရှိစေပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို Free radical တွေက တိုက်ခိုက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Black Coffee
    ကော်ဖီနှစ်သက်သူများအတွက် နေ့စဉ် အနည်းဆုံးကော်ဖီတစ်ခွက် ပုံမှန်သောက်ဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ရရှိပြန်ပြီမို့ ၀မ်းသာစရာပါ။ ကော်ဖီမှာပါဝင်တဲ့ အာနိသင်က ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့အဆီတွေကို လောင်ကျွမ်းသွားစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ကော်ဖီကိုဖြစ်နိုင်ရင် နို့၊ သကြားမရောဘဲ သောက်သုံးခြင်းက အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်မယ့် အဓိက
သော့ချက်ဖြစ်ပါတယ်။  တစ်နေ့ကို ကော်ဖီတစ်ခွက်နဲ့ အထက်သောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်လည်ပတ်မှုကို နှောင့်နှေးစေပါတယ်။ အင်ဆူလင်က ခန္ဓာကိုယ်တွင်း အဆီတွေကို
သိုလှောင်ထားဖို့ လုပ်ဆောင်တဲ့  fat storage hormone ဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပေးခြင်းက ခန္ဓာကိုယ်တွင်းက အဆီတွေ လောင်ကျွမ်းစေနိုင်ရုံမက အဆီပိုတွေတက်မလာအောင်
တားဆီးပေးနိုင်တယ်လို့ လည်း ဆိုရမှာပါ။ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်ခင် မိနစ် (၂၀) ခန့်အလိုမှာ ကော်ဖီတစ်ခွက် ကြိုတင်သောက်သုံးထားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ပိုပြီး
ခံနိုင်ရည်ရှိဖို့ အကူအညီ ဖြစ်စေတာကို တွေ့ရမှာပါ။

သစ်ကြံပိုးခေါက်
    ဟင်းခတ် အမွှေးအကြိုင်တွေရဲ့ ဂုဏ်သတ္တိတစ်မျိုးကတော့ ဂလူးကို့စ်တွေ ဆဲလ်တွေထဲမြန်မြန် ရောက်ရှိနိုင်စေခြင်းပဲ ဖြစ်ပါတယ်။ ဂလူးကို့စ်တွေ မြန်မြန်ရောက်ရှိသွားလေ အဆီကို သိုလှောင်မယ့် ဟော်မုန်းတွေ ဆဲလ်တွေထဲရောက်ရှိနိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားလေ ဖြစ်ပါတယ်။  ဟင်းခတ် အမွှေးအကြိုင်များထဲမှာမှ နာမည်တပ်ပြီးပြောရမယ်ဆိုရင် သစ်ကြံပိုးခေါက်လို့ ဆိုရမှာပါ။ နေ့စဉ် သစ်ကြံပိုးခေါက် မှုန့်လက်ဖက်ရည် ဇွန်းတစ်ဝက်စာ ပမာဏလောက်ကို အစားအစာထဲ ထည့်သွင်းချက်ပြုတ်ပြီး ဖြစ်စေ၊ ပျားရည်နဲ့ ရောနှောပြီးပဲ ဖြစ်စေ စားသုံးပေးခြင်းက သင့်ခန္ဓာကိုယ်ထဲက ပိုနေတဲ့အဆီတွေကို လောင်ကျွမ်းသွားစေဖို့ အလွန်
အထောက်အကူပြုနိုင်ပါတယ်။

ပန်းသီး၊ သစ်တော်သီး
    Flavonoids ပါဝင်တဲ့ အစားအစာ၊ အသီးအနှံများဟာ သဘာဝအရအဆီကို ချေဖျက်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။ ဒါကြောင့် Flavonoids ပါဝင်တဲ့ ပန်းသီး၊ သစ်တော်သီးလိုမျိုး အသီးတွေစားသုံးပေးခြင်းက သင့်ရဲ့ပိုနေတဲ့ အဆီတွေကိုလောင်ကျွမ်းသွားစေဖို့ အထောက်အကူပြုနိုင်ပါတယ်။  ဒါ့အပြင် ပန်းသီး၊ သစ်တော်သီးလိုမျိုး Super Fruit စာရင်းဝင် အသီးတွေက ရေဓာတ်၊ ဗီတာမင် C တွေ ကြွယ်ဝစွာပါဝင်တာကြောင့်  ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အလှအပအတွက် အလွန်ကိုအကျိုးပြုနိုင်တဲ့ အသီးတွေ ဖြစ်ပါတယ်။ သဘာဝ သကြားဓာတ်လည်း ပါဝင်တာကြောင့် ပန်းသီးဖြစ်စေ သစ်တော်သီးဖြစ်စေ တစ်နေ့ကို တစ်လုံးလောက်
စားသုံးပေးမယ်ဆိုရင် အခြားအဆီတက်စေမယ့် သရေစာများ  မစားချင်တော့လောက်အောင် သင့်ကို ပြည့်ဝတင်းတိမ်နေစေပါလိမ့်မယ်။ ဒါကြောင့် ပန်းသီး၊ သစ်တော်သီးစားပေးခြင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်ရုံမက ကိုယ်အလေးချိန်နဲ့ အဆီပိုတွေပါ ထပ်တက်မလာအောင် တားဆီးပေးနိုင်ပါလိမ့်မယ်။

Ref;elle,Reader’s Digest