ဣတ္ထိယတို့ရဲ့ နာကျင်မှုကင်းတဲ့ ရက်စွဲများ

အရွယ်ရောက်ပြီး မိန်းမသားတိုင်း ရှောင်လွဲလို့မရဘဲ ပြက္ခဒိန်ပေါ်က အနီရောင်ရက်စွဲများကို လစဉ်ကြုံတွေ့ ဖြတ်သန်းရတာက မိန်းမသားတို့ရဲ့ ဓမ္မတာဖြစ်ပါတယ်။ ကျောင်းတက်၊ လုပ်ငန်းခွင်
ဝင် ၊ အိမ်ထောင်ရှင် စတဲ့ ဘ၀နေထိုင်မှု ပုံစံအမျိုးမျိုးမှာ နေ့စဉ်အလုပ်များနေတဲ့ မိန်းမတိုင်းအတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ အချိန်အခါသမယဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်ရဲ့
ဟော်မုန်း အပြောင်းအလဲကြောင့် အဲဒီကာလတွေဟာ စိတ်မကြည်မလင်နဲ့ အလိုမကျမှုတွေများတဲ့ အချိန်လည်း ဖြစ်နေပြန်ပါတယ်။  ဘာအလုပ်မှ မလုပ်နိုင်တော့လောက်အောင် ကိုက်ခဲနာကျင်
တဲ့ ဝေဒနာကိုပါ ထပ်ဆင့်ခံစားရပြီဆိုရင်ဖြင့် အိပ်ရာထဲမှာ အကိုက်အခဲ ပျောက်ဆေးအကူအညီနဲ့ အချိန်တွေကို ဖြတ်သန်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတဲ့ ကာလတွေကိုလည်း အမျိုးသမီးတိုင်း
တစ်ကြိမ်တစ်ခါတော့ ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဒါကြောင့် အဆိုပါနေ့ရက်တွေကို သက်သက်သာသာနဲ့ ဖြတ်သန်းနိုင်ဖို့ ပညာရှင်တွေ အကြံပေးထားတဲ့ အချက်အလက် အနည်းငယ်ကို People ရဲ့
စာဖတ်သူ အမျိုးသမီးများအတွက် ဝေမျှပေးချင်ပါတယ်။

အကြို လက္ခဏာများ (Premenstrual syndrome (PMS) )
Premenstrual syndrome (PMS) ဆိုတာကို ရာသီမပေါ်ခင် အကြိုလက္ခဏာများလို့ ဆိုပါစို့။ ယေဘူယျ လက္ခဏာများကတော့  အလွယ်တကူဒေါသထွက်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်သားတွေတင်းပြီး နာလာခြင်း၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပုံမှန်ထက် အစားစားချင်စိတ် ဖြစ်လာခြင်း၊ မောပန်းခြင်း၊ ၀က်ခြံတွေ ထွက်လာခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။ ရာသီချိန်မတိုင်ခင် တစ်ပတ်လောက် အလိုမှာ ၀မ်းဗိုက်နေရာ တစ်ဝိုက်တင်းပြီး ဖောင်းလာတာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် Premenstrual syndrome (PMS) တွေ တူညီလေ့ မရှိသော်လည်း အထက်ဖော်ပြပါ လက္ခဏာတွေက  သင့်ရဲ့ ရာသီစက်ဝန်းလည်ပတ်ပုံကို ခြေရာခံနိုင်မယ့် ယေဘူယျလက္ခဏာတွေဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ သတိပေးချက်တွေလည်း ဖြစ်ပါတယ်။

 

နာကျင်မှု သက်သာစေဖို့

လေ့ကျင့်ခန်း 

လေ့ကျင့်ခန်းလုပ်ဖို့ဆိုတဲ့ အကြောင်းအရာက ဒီအချိန်ကာလမှာ မကြားချင်ဆုံးအရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ သင်ခံစားရမယ့် ၀မ်းဗိုက်နားတစ်ဝိုက် ကိုက်ခဲနာကျင်မှုကို သက်သာစေနိုင်တဲ့ လေ့ကျင့်ခန်းမျိုးဆိုရင်တော့ စိတ်ဝင်စားကောင်း စိတ်ဝင်စားသွားနိုင်ပါတယ်။ ပုံမှာ ပြထားသလို နံရံတွေပေါ်မှာ ခြေထောက်တွေကို ထောင်ထားတဲ့ ယောဂပုံစံတစ်မျိုးက အမျိုးသမီးတိုင်း ရှောင်လွဲလို့မရတဲ့ လစဉ်ဓမ္မတာပေါ်စဉ် ခံစားရတဲ့ ၀မ်းဗိုက်ကိုက်ခဲနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကပ်ပေးခြင်း
    မခံမရပ်နိုင်အောင် ဗိုက်နာနေတယ်ဆိုရင် တော့ ရေနွေးပုလင်း (သို့) ရေနွေးအိတ်ကို ၀မ်းဗိုက်နေရာမှာ ကပ်ထားပေးနိုင်ပါတယ်။ အပူနဲ့ ထိတွေ့လိုက်တာကြောင့် နာကျင်နေတဲ့ သင့်ရဲ့ ကြွက်သားတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။ အပူကြောင့် နာကျင်နေတဲ့ ကြွက်သားတွေဆီကို သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေပြီး  နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးပုလင်း (သို့) ရေနွေးအိတ် အ
လွယ်တကူ မရနိုင်ဘူး၊ နာကျင်တဲ့ ဝေဒနာက လည်း အရမ်းမဆိုးဝါးဘူးဆိုရင် ဗိုက်ကို သင့်ရဲ့ လက်ဖ၀ါးနဲ့ အသာအယာ ပွတ်ပေးခြင်းကလည်း အပူငွေ့ငွေ့ ရစေတာကြောင့် နာကျင်မှုကို အတော်အတန် သက်သာစေနိုင်ပါတယ်။

ရာသီပေါ်ချိန်ကာလမှာ စားသင့်တဲ့ အစားအစာနဲ့ မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ ရှောင်သင့်တဲ့ အစားအစာများကတော့ အဆီနဲ့ ဆိုဒီယမ်(ဆား) ပါဝင်မှုများပြားတဲ့ အစားအစာ၊ အေးလွန်းတဲ့ ဖျော်ရည်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

 


စားသုံးပေးသင့်တဲ့ အစားအစာ များကတော့..

ပူနွေးတဲ့ အစားအသောက်များ
 ဒီလိုအချိန်မှာ ရှောင်သင့်တဲ့ အရာက အအေးဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲရေ၊ အခြားအေးခဲတဲ့ အစားအစာတွေနေရာမှာ ရေနွေးနွေး၊ ဟင်းရည်ပူပူ စတဲ့ အရာတွေကို အစားထိုး စားသောက်ပေးပါ။ ဒါက ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကို နွေးထွေးစေဖို့ ဖြစ်ပြီး ၀မ်းဗိုက်ကို ရေနွေးအိတ်ကပ်ပေးသလိုပဲ တူညီတဲ့ဂုဏ်သတ္တိ ရှိပါတယ်။ အပူဓာတ်က ရာသီပေါ်စဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

ကာဘိုဟိုက်ဒြိတ် ကြွယ်ဝတဲ့ အစားအစာများ
ဗီတာမင် B1 နဲ့ B2 ပါဝင်တဲ့ အစားအစာတွေ ဥပမာ ပေါင်မုန့်၊ Cereal စတာတွေ စားပေးသင့်ပါတယ်။  ဓမ္မတာပေါ်စဉ် စိတ်မကြည်မလင်ဖြစ်တာ၊ အလွယ်တကူ စိတ်တို ဒေါသထွက်လေ့ရှိတတ်တာကို အမျိုးသမီးတိုင်း ကြုံဖူးမှာပါ။  ပေါင်မုန့်၊ Cereal  လိုမျိုး အစားအစာတွေက ကာဘိုဟိုက်ဒြိတ် ကြွယ်ဝတဲ့ အစားအစာအုပ်စုထဲမှာပါဝင်ပြီး ခန္ဓာကိုယ်ထဲက Serotonin ဟော်မုန်း ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ Sero-
tonin ဟော်မုန်းများလာတာနဲ့ စိတ်ကို တက်ကြွလာစေတာကြောင့် ကာဘိုဟိုက်ဒြိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးခြင်းက ဓမ္မတာပေါ်စဉ် စိတ်မကြည်မလင်ဖြစ်ခြင်းကိုလည်း တားဆီးပြီးသား ဖြစ်သွားစေပါတယ်။

မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာများ
မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို ရွေးချယ်စားသုံးပေးရမှာ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားတဲ့ အစိမ်းရောင် အရွက်များ၊ အစေ့အဆန်များ၊ ငါး၊ ပဲနီကလေးနဲ့ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ငှက်ပျောသီး ၊ ဒိန်ချဉ်၊ အာလူးမီးဖုတ် စတဲ့ အစားအစာများကို စားပေးပါ။ မဂ္ဂနီဆီယမ်က ကြွက်သားတွေပျော့ပြောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ရာသီပေါ်စဉ် ကိုက်ခဲနာကျင်မှုကိုဖြစ်စေတဲ့ ဟော်မုန်း Prostaglandin ကိုလည်း လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
 ပိုတက်ဆီယမ်က ကြွက်သားတွေ  ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး  အထူးသဖြင့် ရာသီပေါ်ချိန်မှာ သားအိမ်ကြွက်သားတွေကျုံ့ပြီး နာကျင်ကိုက်ခဲခြင်းကို ပိုတက်ဆီယမ် ပါဝင်တဲ့ အစားအစာများ စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ချောကလက်
ဒီလို အချိန်အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရာနောက်တစ်မျိုးကတော့ Dark Chocolate ဖြစ်ပါတယ်။ ချောကလက်မှာပါတဲ့ ဂုဏ်သတ္တိက စားသုံးပြီးနောက် သင့်ဦးနှောက်က Endorphin ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးနိုင်ပြီး Endorphin ကတော့ ခန္ဓာကိုယ်ထဲက သဘာဝ Painkiller ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတာကြောင့် ရာသီပေါ်ချိန် နာကျင်ကိုက်ခဲပြီး စိတ်မကြည်မလင် ဖြစ်တတ်တာ
ကြောင့် အိပ်ရာထဲမှာ တစ်နေကုန် တစ်ညလုံး အချိန်ဖြုန်းမယ့် အစီအစဉ်ကို အမည်းရောင်ချောကလက်တစ်တောင့်နဲ့ ဖျက်သိမ်းလိုက်နိုင်ပါလိမ့်မယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး
တစ်ကိုယ်ရေ သန့်ရှင်းရေးက အချိန်ကာလမရွေး ဂရုစိုက်သင့်တဲ့ အရာဖြစ်ပါတယ်။ ရာသီပေါ်နေစဉ် ကာလကတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ သင့်ရဲ့ လစဉ်သုံး ပစ္စည်းများဟာ သန့်ရှင်းနေဖို့ အရေးကြီးပြီး အနည်းဆုံး ငါးနာရီတစ်ကြိမ် အသစ်လဲလှယ်ပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေ အကြံပြုထားပါတယ်။
Ref;Mayo Clinic and Women’s Health