ကလေးငယ်တွေ အဖျားတက်လာတဲ့အခါ

    မွေးကင်းစ ကလေးငယ်တွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ ကိုယ်ပူပြီး အဖျားတက်လာတဲ့အခါ လျင်လျင်မြန်မြန် ပြုစုကုသမှု ပေးနိုင်ဖို့က အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာ သာမန်ရှိသင့်တဲ့ ကိုယ်အပူချိန်ကတော့ ၃၆ - ၃၆.၈ ဒီဂရီ စင်တီဂရိတ် (၉၆.၈-၉၈.၂ ဒီဂရီ ဖာရင်ဟိုက်) အတွင်းသာ ဖြစ်ပါတယ်။ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်) ထက်ကျော်သွားပြီ ဆိုရင်တော့ သင့်ကလေး အဖျားတက်နေပါပြီ။

    ဒီအချိန်မှာ ကလေးဟာ နေထိုင်ရမအီမသာဖြစ်နေတဲ့ပုံပေါ်ပြီး မျက်နှာတွေလည်း နီရဲနေပါလိမ့်မယ်။ ဒါက မိဘတိုင်း ကြုံတွေ့ရမယ့် ပြဿနာဖြစ်ပါတယ်။ ဒီလိုပြဿနာကြုံလာတဲ့အခါ သင်ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် အရာတစ်ချို့ ရှိနေပါတယ်။ ကလေးတွေ ဘာကြောင့် အဖျားတက်လာနိုင်သလဲဆိုတာ သင်အကြမ်းဖျင်းသိထားဖို့ လိုအပ်ပါတယ်။ စိုးရိမ်ရတဲ့ အဖျားတက်ခြင်းမျိုးလား(သို့) သာမန် အဖျားတက်ခြင်းမျိုးလား ၊ ဒါက ပထမဆုံး
သင်ဆုံးဖြတ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဖျားတက်ပြီး ကိုယ်ပူလာတဲ့ ကလေးငယ်ကို ကိုယ်တိုင်ဘယ်လို ပြုစုနိုင်မလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး UK အခြေစိုက် မိသားစုကျန်းမာရေး အကြံပေး Website တစ်ခုမှာ ဖော်ပြထားတဲ့အချက်အလက် တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ပူစေရတဲ့ အကြောင်းများ
    ကလေးငယ်တွေ ကိုယ်အပူချိန် တက်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ ဗိုင်းရပ်စ်ပိုးမွှား ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ နားပိုးဝင်ခြင်း၊ တုပ်ကွေး၊ ၀မ်းပျက်ဝမ်းလျှော စတဲ့ရောဂါတွေက ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်လေ့ရှိပြီး ကိုယ်အပူချိန်တက်စေတဲ့ အကြောင်းအရင်းတွေလည်း ဖြစ်ပါတယ်။ တစ်ခါတရံမှာတော့ ဗိုင်းရပ်၊ ဘက်တီးရီးယား ကူးစက်ခံရခြင်းက ကလေးရဲ့ ကျန်းမာရေးကိုဆိုးဆိုးဝါးဝါး အန္တရာယ်ပြုနိုင်တဲ့ အနေအထား လည်း ဖြစ်သွားလေ့ရှိပါတယ်။
    များသောအားဖြင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကလေးတွေခံစားရတဲ့ ဝေဒနာကပိုပြင်းထန်လေ့ရှိပြီး အပူလည်း ပိုကြီးနိုင်ပါတယ်။ ဒါပေမဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ဦးနှောက်အမြှေးရောင် ရောဂါတွေကတော့ ကလေးငယ်တွေအတွက် အလွန့်အလွန်ကို ပြင်းထန်တဲ့ ရောဂါများလို့ဆိုနိုင်ပြီး အိမ်မှာ ကုသမှုပေးရုံနဲ့ မလုံလောက်ဘဲ သိလျှင်သိခြင်း ဆေးဘက်ဆိုင်ရာ ကုသမှုခံယူသင့်တဲ့ ကျန်းမာရေး အခြေအနေတွေလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေ ကိုယ်အပူချိန် အရမ်းတက်လာရင် အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ကုသမှုပေးရုံနဲ့ မလုံလောက်တော့ဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ တက်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ပြသမှုခံယူတာကတော့ အကောင်းဆုံးနဲ့ စိတ်အချရဆုံး ဖြစ်ပါတယ်။

စိုးရိမ်ဖို့မလိုတဲ့ အခြေအနေ
    များသောအားဖြင့် ကလေးတွေ ကိုယ်ပူလာတာက သိပ်ကြီးစိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘဲ သာမန် အပရိကဖျားနာမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုကုသမျိုးမှ ထူးထူးခြားခြား မလုပ်လိုက်ရပါဘဲ ကိုယ်အပူချိန် ပြန်ကျသွားပြီး ရွှင်ရွှင်လန်းလန်း ဖြစ်လာတဲ့ သင့်ရဲ့ကလေးကို မြင်တဲ့အခါ သင်အံ့သြကောင်း အံ့သြနေနိုင်ပါတယ်။ ရောဂါလုံးဝ ပျောက်ကင်းသွားတာမျိုး မဟုတ်ရင်တောင် ကလေးမှာ ပြုစုကုသမှုကို တုံ့ပြန်နိုင်စွမ်းကောင်းကောင်း ရှိနေတာကြောင့် ကောင်းမွန်တဲ့ လက္ခဏာ လို့ ဆိုနိုင်ပါတယ်။

စိုးရိမ်ရမယ့် အခြေအနေ
    ယေဘူယျအားဖြင့် ဦးနှောက်အမှေးရောင် ရောဂါလိုမျိုး ပြင်းထန်တဲ့ ကူးစက်ရောဂါက သင့်တင့် လျောက်ပတ်စွာ ပြုစုကုသနေပါလျက်နဲ့ ကလေးရဲ့ အခြေအနေက ပိုပြီးဆိုးလာတတ်ပါတယ်။ အဖျားတက်မြဲတက်လျက်ရှိပြီး အသက်ရှုရခက်ခဲလာတာ၊ ခေါင်းကိုက်တာ၊ အိပ်ချင်းမူးတူးဖြစ်နေတာ၊ တက်ပြီး အကြောဆွဲလာတာ၊ အဖုအပိမ့်တွေ ထွက်လာတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင်တော့ အန္တရာယ်ရှိနိုင်တယ်လို့ ဆုံးဖြတ်ပြီး ကလေးကို ဆရာဝန်နဲ့ ပြသရတော့မှာပါ။

အဖျားတက်လာတဲ့အခါ
-    သင့်ရဲ့ ကလေး အဖျားတက်နေပြီဆိုရင် သင်ချက်ချင်းလုပ်ဆောင်ရမယ့် အချက်တွေ ရှိနေပါတယ်။ ကလေးဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တာကြောင့် ရေမကြာမကြာ တိုက်ပေးရပါမယ်။
-    ကလေးရဲ့ အ၀တ်အစားကို ကြည့်ပါ။ ဖျားနေလို့ဆိုပြီး ကလေးကို ခေါင်းအစခြေအဆုံး အ၀တ်ထူထူဝတ်ပြီး စောင်အထပ်ထပ် ခြုံပေးထားတာက အင်မတန်မှားတဲ့ နည်းလမ်းလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ချွေးစုပ်နိုင်ပြီး ချောင်ချောင်ချိချိ ရှိမယ့် အ၀တ်အစားပါးပါးကို လုံလုံခြုံခြုံ ၀တ်ပေးထားရင် လုံလောက်ပါပြီ။
-    ကလေးကိုထားမယ့် အခန်းဟာ လေ၀င်လေထွက်ကောင်းပြီး သာမန်အခန်းအပူချိန်(20 -22 °C ၊ 68 - 72 °F ) သာရှိတဲ့ အခန်းဖြစ်ဖို့လည်း  လိုအပ်ပါတယ်။ ကလေးကို ပန်ကာလေ တိုက်ရိုက်ရောက်တဲ့နေရာမှာ ထားတာမျိုး၊ အဲကွန်းနဲ့နီးနီးမှာ ထားတာမျိုး ရှောင်ကြဉ်သင့်ပြီး ပန်ကာကိုကလေးနဲ့ ခပ်ဝေးဝေး၊ ဆန့်ကျင်ဘက်နေရာကို မျက်နှာမူထားတာမျိုး၊ အဲကွန်းဖွင့်ထားမယ်ဆိုရင်လည်း တံခါးနည်းနည်း ဟထားတာမျိုး လုပ်နိုင်ပါတယ်။
-    နောက်ထပ် သတိပြုရမယ့် အချက်တစ်ချက်ရှိပါတယ်။ ရေခဲဝတ်ကို ဘယ်တော့မှ ကလေးပေါ်မတင်ပါနဲ့။ ဒီနည်းလမ်းဟာ လက်ရှိ အလွန်လူကြိုက်များတဲ့ အပူကျစေတဲ့ ပြုစုနည်းဖြစ်ပေမဲ့ ကလေးတွေမှာ အသုံးမပြုဖို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။ ရေခဲဝတ်က ခန္ဓာကိုယ်ရဲ့ ပြင်ပအပူချိန်ကို ကျဆင်းစေနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အအေးဓာတ်ကြောင့်  အရေပြားအောက်က သွေးကြောတွေ ကျုံ့သွားတာကြောင့် ခန္ဓာကိုယ်အတွင်း ပိုင်းထဲကအပူတွေ အပြင်ကိုထွက်မလာနိုင်အောင် ပိတ်မိနေပြီး အပူချိန်ပို တက်လာနိုင်တယ်လို့ သိရပါတယ်။
-    ကလေးတစ်ယောက်မို့ ဘာမှမလုပ်ရလို့အချိန်ပြည့် အနားယူနေရတယ်လို့ မထင်ပါနဲ့။ သင်စကားပြောတိုင်း၊ သူ့ကိုချော့မြူတိုင်း၊ အစားအသောက်ကျွေးတိုင်း သူအလုပ်လုပ်ရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုလည်း နားချိန်အပြည့်အ၀ပေးဖို့ လိုအပ်ပါတယ်။
-    များသောအားဖြင့် အဖျားဝင်တဲ့ အချိန်ကနှစ်ရက်က သုံးရက်အတွင်း ကြာလေ့ရှိပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ကို အချိန်မှန်မှန် တိုင်းတာနေဖို့ လိုအပ်ပြီး အခြေအနေ ပိုဆိုးလာလား၊တည်ငြိမ်လား ဆိုတာကို စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ နှစ်ရက်သုံးရက် ကြာပြီးနောက် ကလေးရဲ့ အခြေအနေ တိုးတက်မှုရှိမရှိ သိရှိထားဖို့လည်း လိုအပ်ပါတယ်။
-    ဒီလို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်လို့မှ မသက်သာဘူးဆိုရင်တော့ တက်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ကုသမှုလိုအပ်တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ သုံးရက်ထက်ပိုပြီး ဆက်တိုက်ကိုယ်ပူနေရင်တော့ ကလေးကိုအိမ်မှာဆက်ပြီး ကုသဖို့ မသင့်တော့ဘူးလို့ ဆိုပါတယ်။  သင့်ကလေးအဖျားတက်ပြီး ကိုယ်ပူနေတဲ့အခါ အလိုလိုဖြစ်ပေါ်လာတဲ့ ပင်ကိုယ်စိတ်ရဲ့ လှုံ့ဆော်မှုကိုလည်း ယုံကြည်ပါဆိုပြီးပညာရှင်တွေ အကြံပြုထားပါတယ်။ မိခင်တွေဟာ ကိုယ့်ရင်သွေးရဲ့ အနေအထားနဲ့ ခံစားရတဲ့ဝေဒနာကိုကြည့်ပြီး အခြေအနေကို အကဲခတ်နိုင်ကြပါတယ်လို့ ဆိုထားပါတယ်။
Ref;Netmums