အမျိုးသမီးတိုင်းရဲ့ ကျန်းမာရေးအတွက်

    လူတွေရဲ့ အခြေခံကျန်းမာရေးလို့ ဆိုတဲ့အခါ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အကုန်လုံးရဲ့ ယေဘူယျ ကျန်းမာရေးလို့ ခြုံငုံသုံးသပ်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးလို့ဆိုတဲ့အခါတော့သဘာဝ အနေအထားအရ ကွဲပြားမှုတွေ ရှိလာပါပြီ။ ဒါကြောင့် မိမိရဲ့ အသက်အရွယ်အပိုင်းအခြား တိုင်းကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြတ်သန်းသွားနိုင်ဖို့ အမျိုးသမီးတိုင်း လုပ်ဆောင်သင့်တဲ့၊ အခြေခံကျတဲ့ ကျန်းမာရေး အချက်အလက်တစ် ချို့ကို ဝေမျှပေးချင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ
    အမျိုးသမီးတွေ ကျန်းမာရေးအတွက် အဓိကကျတဲ့အရာက ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပေးဖို့ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝကတိုက်ရိုက်ရတဲ့ အစားအစာများကိုပဲ ရွေးချယ်စားသောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆိုလိုတာက လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အမျှင်ဓာတ်ရနိုင်တဲ့ အစားအစာတွေကို မျှတအောင် ရွေးချယ်စားသောက်ဖို့ ဖြစ်ပါတယ်။ အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊
အဆီနည်းတဲ့ အသားနဲ့ ငါး၊ အစေ့အဆန်များကိုလည်း မပါမဖြစ် ထည့်သွင်း စားသောက်ပေးသင့်ပါတယ်။ အဆီများတဲ့ အနီရောင် အသားတွေ၊ အသင့်စား အစားအစာတွေကတော့ ရေရည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တာကြောင့် တတ်နိုင်သလောက် လျှော့စားသင့်ပြီး ရှောင်နိုင်ရင်တော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကယ်လိုရီ၊ သကြား၊ ဆားနဲ့ အဆီများတဲ့ အစားအစာ၊ ဖျော်
ရည်တွေကလည်း ရှောင်သင့်တဲ့အရာများ ဖြစ်ပါတယ်။
    ကယ်လ်ဆီယမ်ဓာတ်လုံလောက်စွာ မရရှိထားဘူးဆိုရင် အသက်ရလာတဲ့အခါ အမျိုးသမီးတွေမှာ အရိုးပွရောဂါ ခံစားရနိုင်ချေ မြင့်မားပါတယ်။ ဒါကို ကြိုတင်ကာကွယ်နိုင်ဖို့ အသက်အရွယ်ပေါ်မူတည်ပြီး နေ့စဉ် ကယ်လ်ဆီယမ်ဓာတ် ၈၀၀ ကနေ ၁၅၀၀ မီလီဂရမ်ကြား ရရှိထားဖို့လည်း လိုအပ်ပါတယ်။
    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပေးခြင်းက သင့်ကို ခန္ဓာကိုယ်အလေးချိန် တိုးမလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အ၀လွန်ခြင်းကြောင့်က သင့်ကို ရေတွက်မရတဲ့ အပရိကဖျားနာမှုများဆီကိုရော၊ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများနဲ့ လေဖြတ်ခြင်းစတဲ့ ရောဂါများဆီသို့ပါ ခေါ်ဆောင်သွားနိုင်ပါတယ်။
    သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာများဆီ က ဗီတာမင်နဲ့ အဟာရဓာတ်တွေ လုံလောက်အောင်မရရှိနိုင်ဘူးဆိုရင် ဖြည့်စွက်အားဆေး တစ်မျိုးမျိုးနဲ့ ဖြည့်စွက်ကယ်လ်ဆီယမ်တွေကို သက်ဆိုင်ရာ ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
    အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါအဖြစ် ထိပ်ဆုံးမှာ ရှိနေတာက နှလုံးရောဂါ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးရုံနဲ့ အဆိုပါ အသက်အန္တရယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါကို ကာကွယ်ထားနိုင်တာကို သင်သိပါသလား။ နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ်ကို ငါးရက်၊ တစ်ရက်ကို မိနစ်သုံးဆယ်ဆိုတဲ့ အချိန်အတိုင်းအတာက အဆိုပါ အန္တရာယ်ကို ကာကွယ်ဖို့ လုံလောက်တဲ့အချိန် ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းနဲ့ ၀ါသနာအရ ကခြင်းကတောင် သင့်နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ ကိုယ်လက်လှုပ်ရှား မှုတွေ ဖြစ်ပါတယ်။ အဆိုပါ ကိုယ်လက်လှုပ်ရှားမှုတွေက အမျိုးသမီးများရဲ့ အလုံးစုံသော ကျန်းမာရေး အလွန်သင့်တော်တဲ့  လေ့ကျင့်ခန်းများဖြစ်ပြီး အထူးသဖြင့် နှလုံးကျန်းမာရေးအတွက်လည်း ပိုလို့သင့်တော်တဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။

အန္တရာယ်များကို မဖိတ်ခေါ်ပါနဲ့
    ဆေးလိပ်သောက်ခြင်းအလေ့က မြန်မာအမျိုးသမီးများအတွက် လူမှုရေးအမြင်အရရော ကျန်းမာရေး အမြင်အရပါ မသင့်တော်တဲ့ အလေ့ဖြစ်ပါတယ်။ မှန်ပါတယ်။ သင့်ရဲ့ကျန်းမာရေးကို ဒေါင်ဒေါင်မြည် အနေအထားမှာ အမြဲရှိချင်တယ်ဆိုရင်ဖြင့် ဆေးလိပ်ဆိုတဲ့ အရာကို ခပ်ဝေးဝေးတစ်နေရာမှာ ထားထားရမှာဖြစ်ပါတယ်။ အခြားသော မူးယစ်ဆေးဝါးများကိုလည်း အလားတူပါပဲ။ အယ်လ်ကိုဟော ပါဝင်တဲ့ ယမကာ ပမာဏ အ နည်းငယ် သောက်သုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုနိုင်တာမှန်ပေမယ့် အလွန် အကျွံသောက်သုံးခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်များကို ကိုယ်တိုင်ဖိတ်ခေါ်ဖို့မိသလို မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
    မိန်းမမှန်ရင် ဘယ်အသက်အရွယ်ရောက် ရောက် စိတ်ဖိစီးမှု ရှိကိုရှိတတ်ကြပါတယ်။ စိတ်ဖိစီးမှုက သောကနဲ့ စိုးရိမ်ပူပန်မှုတွေရဲ့ အစဖြစ်ပြီး သင့်ကျန်းမာရေးကို ဆုတ်ယုတ်စေရတဲ့ အကြောင်း
အရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကင်းရှင်းအောင် နေထိုင်ပါ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက သင့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိတာကြောင့် နေ့ရက်တိုင်းမှာ စိတ်ကို အနားပေးနိုင်ဖို့ အချိန်သီးသန့်အချိန် အနည်းငယ် ဖယ်ထားပြီး အဲဒီအချိန်ကို ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ လုံးဝအနားပေးထားပါလို့ ပညာရှင်တွေ အကြံပြုထားပါ တယ်။စိတ်ဖိစီးမှု ပြေပျောက်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းမျိုးလုပ်ပေးလို့ ရသလို တရားထိုင်ခြင်း နည်းလမ်းတစ်မျိုးမျိုးကိုလည်း ရွေးလို့ ရပါတယ်။

အရေပြားကင်ဆာကို ကြိုတင်ကာကွယ်ပါ
    လက်ရှိလူနေမှုဘ၀မှာ နေ့စဉ် အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ အမျိုးသမီးဦးရေ များသထက် များလာပါတယ်။ ဒါကြောင့် အပြင်ထွက်တိုင်းပြင်းထန်တဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အခါ အရေပြား နဲ့ ပတ်သတ်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ မြင့်တက်လာပါတယ်။ အရေပြားကင်ဆာက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး  နေရောင်ခြည်နဲ့ အလွန်အမင်း ထိတွေ့တဲ့အခါ ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါလည်းဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းသထက်နည်းအောင် နေထိုင်ပါ။ တတ်နိုင်သမျှ အကာအကွယ်ယူပါ။ SPF ပမာဏ များများပါတဲ့ Sun-screen အသုံးပြုသင့်ပြီး နေပူထဲမထွက်ခင် မိနစ်(၃၀) ခန့် ကြိုတင်လိမ်းထားဖို့လည်း လိုအပ်ပါတယ်။
    သင်ဟာ နေရောင်နဲ့ မကြာခဏ ထိတွေ့ဖြစ်တဲ့သူမျိုးဆိုရင်တော့ အရေပြားကင်ဆာ စမ်းသပ်စစ်ဆေးမှုတွေကို ပုံမှန် ပြုလုပ်သင့်ပါတယ်။ မှဲ့အသစ်တွေ ပေါ်လာတာ၊ မွေးရာပါ မှဲ့နဲ့ အမှတ်တွေ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရောင်အဆင်းပြောင်းလဲလာတာ၊ အရေပြားမှာ ပုံမှန်နည်းနဲ့ကုသလို့မရတဲ့ အကွက်တွေ ပေါ်လာတာ စတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ အရေပြားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်လာနိုင်တာကြောင့် ပညာ
ရှင်တွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

ရင်သားကင်ဆာရှိမရှိ ပုံမှန်စစ်ဆေးပါ
    အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာက ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း အသက် နှစ်ဆယ်ကျော်ပြီဆိုတာနဲ့ ရင်သားကင်ဆာ စစ်ဆေးမှုကို ကြိုတင်ပြုလုပ်ထားသင့်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အသက် လေးဆယ်ကျော်ပြီဆိုတာနဲ့ နှစ်စဉ် Mammogram ရုက်ပြီး စစ်ဆေးဖို့ လိုအပ်ပြီး မဖြစ်မနေလည်း လုပ်ဆောင်သင့်ပါတယ်။ Mammogram  က ရင်သားကင်ဆာရဲ့ ကနဦးအဆင့်မှာတင် ရောဂါကို ရှာဖွေတွေ့ရှိနိုင်တာကြောင့် အချိန်မီ ကုသနိုင် အလွန်အထောက်အကူပြုပါတယ်။
    အမျိုးသမီးတွေရဲ့ ကျန်းမာရေးဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အခြေခံ ကျန်းမာရေးကတော့ မပြောင်းမလဲရှိနေတာကြောင့် အထက်ဖော်ပြပါ အခြေခံ အချက်တွေက သင့်ရဲ့ကျန်းမာရေးကို လုံးဝဥသုံ အကောင်းအတိုင်း ဖြစ်နေစေဖို့ အာမခံချက်မပေးနိုင်ပေမဲ့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။
Ref;    everydayhealth