နေ့စဉ်ရေချိုးသင့်တဲ့ အကြောင်းအရင်း

    ပင်ပန်းတဲ့ အလုပ်တက်ရက်တွေကို ဖြတ်သန်းပြီးတဲ့ သောကြာနေ့ ညနေပိုင်း၊ ပျင်းစရာကောင်းပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ စနေနေ့၊ ဒီလိုရက်တွေမှာ သင့်မဖြစ်မနေ ပြုလုပ်ရတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့ကို မသိကျိုးကျွံ ပြုပြီး ရေမချိုးဘဲ နေလေ့ရှိပါသလား။ ရေချိုးခြင်းက သင့်ကိုလန်းဆန်းစေပြီး အနံ့အသက်ကင်းစင် စေရုံသက်သက် အရာတစ်ခုမဟုတ်ပါဘူး။ ရေချိုးခြင်းကို သင့်အားပိုမိုကျန်းမာစေဖို့ အထောက်အကူပြုနိုင်တဲ့ ရှေးဟောင်းကုထုံး တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ သင်ဘာကြောင့် နေ့စဉ်ရေချိုးသင့်ပါသလဲ။

ကိုယ်အလေးချိန်ကျဆင်းစေခြင်း
    ရေအေးနဲ့ရေချိုးခြင်းက သင့်ရဲ့ ကိုယ်အလေးချိန်ကို မမျှော်လင့်ထားတဲ့ နည်းလမ်းနဲ့ လျော့ကျစေနိုင်တယ်လို့ဆိုရင် သင်ဝမ်းသာပျော်ရွှင်သွားပါလိမ့်မယ်။ လူ့ခန္ဓာကိုယ်မှာ အဆီတစ်သျှူး နှစ်မျိုး နှစ်စား ပါဝင်ဖွဲ့စည်းထားပါတယ်။ White Fat နဲ့ Brown Fat နှစ်မျိုးမှာ White Fat က ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက်ပိုပြီး စားသုံးလိုက်မိတဲ့ ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်တော့ဘဲ စုပုံလာတဲ့ အဆီဖြစ်ပါတယ်။ Brown Fat ကတော့ ခန္ဓာကိုယ်အတွက် ကောင်းမွန်အကျိုးပြုတဲ့ အဆီတစ်မျိုးပါ။ အပူဓာတ်ကို ထုတ်လုပ်ပေးနိုင်ပြီး ခန္ဓာကိုယ်က အအေးဓာတ်နဲ့ ထိတွေ့တဲ့အချိန်မှာ Brown Fat က ပိုပြီးအလုပ်လုပ်ပါတယ်။ Harvard Medical
School ကပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရ ရေအေးနဲ့ရေချိုးပေးခြင်းက Brown Fat Activity ပိုမိုအသက်ဝင်စေပြီး တစ်နှစ်လျှင် ကိုယ်အလေးချိန် ကိုးပေါင်နဲ့ အထက်ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။

ကြွက်သားတွေကို ပျော့ပြောင်းစေခြင်း
    ရေခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်းက တင်းမာနေတဲ့ ကြွက်သားတွေကို ပျော့ပြောင်းသွားစေပြီး ကွေးနိုင်ဆန့်နိုင်အား ပိုကောင်းလာစေတာကို သင်ကိုယ်တိုင် ကြုံဖူး၊ သိဖူးပြီး ဖြစ်မှာပါ။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးပြုလုပ်ပြီးနောက် ရေအေးနဲ့ရေချိုးတာထက် ရေခပ်နွေးနွေးနဲ့ ရေချိုးပေးတာက ကြွက်သားတွေတင်းမာပြီး  နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း
    ရေချိုးတဲ့အခါ သင့်ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လာပြီး ခန္ဓာကိုယ်အနှံ့အပြားဆီသို့ သွေးများစီးဆင်း ရောက်ရှိသွားစေပါတယ်။ ရေချိုးလိုက်တဲ့အတွက် ထိုင်နေတဲ့အခါ အလွယ်တကူ သွေးမရောက်ရှိတဲ့ ခြေလက်အစွန်အဖျားက သွေးကြောများဆီသို့ သွေးများရောက်ရှိစေပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးနိုင် မှာ ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်လာတာနဲ့အမျှ သွေးဖိအားလည်း ပုံမှန်ဖြစ်လာတာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာများလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာစိမ်ပြီး ချိုးနိုင်ရင်တော့ အကောင်းဆုံးပါ။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း
    ရေအေးနဲ့ ပဲချိုးချိုး၊ ရေနွေးနဲ့ပဲချိုးချိုး ရေချိုးခြင်းက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေအေးနဲ့ ပုံမှန်ရေချိုးခြင်းက ကူးစက်မှုတွေကို တိုက်ထုတ်ပေးမယ့် Immune Cell တွေပိုမိုထုတ်လုပ်ပေးနိုင်မယ့် Lymph System နဲ့ သွေးကြောတွေကို လှုံ့ဆော်မှုဖြစ်စေတယ်လို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံရခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ ဖြစ်ပါတယ်။

စိတ်ကြည်လင် လန်းဆန်းစေခြင်း
    ရေအေးနဲ့ ရေချိုးပေးခြင်းကြောင့် နောက်ထပ်ရရှိမယ့် အကျိုးကျေးဇူးကတော့ စိတ်ဓာတ်ကျခြင်းကို ကုသနိုင်ခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုရေအေးနဲ့ ထိတွေ့လိုက်တဲ့အခါ အာရုံကြောစနစ်က သာမန်ထက် တက်ကြွပြီး အသက်ဝင်လာပါ တယ်။ ဒါ့အပြင် စိတ်ကျခြင်းကို လျှော့ချပေးမယ့် beta-endorphin နဲ့ noradrenaline ဓာတ်ပစ္စည်းတွေကိုလည်း ထွက်ရှိလာစေပါတယ်။ ရေအေးနဲ့ ရေချိုးနေတဲ့အချိန်မှာ အေးမြတဲ့အထိအတွေ့က ဦးနှောက်ကို စေ့ဆော်မှုဖြစ်စေပြီး စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးမယ့် anti-depressive effect ကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စိတ်မရွှင်မလန်းဖြစ်နေချိန်မှာ ရေအေးနဲ့ ရေချိုးပေးခြင်းက အကျိုးသက်ရောက် မှု ဖြစ်စေပါတယ်။

အဆိပ်အတောက် ကင်းစေခြင်း
    သင်ဘယ်လောက် ချွေးနံ့ပျောက်ဆေးတွေ၊ Body Spray တွေ၊ ရေမွှေးတွေ အသုံးပြုထားပါစေ ရေမချိုးထားရင် သင့်ခန္ဓာကိုယ်က မနှစ်မြို့စရာ အနံ့ထွက်နေပါလိမ့်မယ်။ သင်က ချွေးထွက်များတဲ့ လူတစ်ယောက်ဆိုရင်လည်း နေ့စဉ်မပျက်မကွက် ရေချိုးပေးရမှာပါ။ ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ချွေးအဖြစ်စွန့်ထုတ်တဲ့ သန့်စင်ခြင်း လုပ်ငန်းတစ်ရပ်
ဖြစ်ပါတယ်။ အဆိုပါ အဆိပ်အတောက်များသာမက အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားများကိုရော၊ ရောဂါဖြစ်စေနိုင်မယ့် ကူးစက်တတ်တဲ့ ပိုးမွှားများကိုပါ ရေချိုးပေးခြင်းအားဖြင့် သန့်စင်ပေးနိုင်ပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
    ရေချိုးပြီးမှ အိပ်ရာဝင်ခြင်းက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တာကို သင်ကိုယ်တိုင်သိထားပြီးဖြစ်မှာပါ။ ရေချိုးပြီးချိန်မှာ သင့်ရဲ့တင်းမာနေတဲ့ ကြွက်သားတွေက ပျော့ပြောင်းသွားတာကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်နေစေပြီး  ဒါက ညအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ဖို့ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။

အဆုတ်အားကောင်းစေခြင်း
    ရေအေးအေးကို ခေါင်းမှလောင်းပြီး ရေချိုးတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ ရေကိုခေါင်းမှ လောင်းချနေတဲ့ အခိုက်အတန့်အတွင်း အသက်အောင့်ထားမိ မှာဖြစ်ပြီး ရေကုန်သွားတာနဲ့ တစ်ပြိုင်နက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တဲ့ ဖြစ်စဉ်ကို သင့်ခန္ဓာကိုယ်က အလိုအလျောက် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒါက အဆုတ်ကို ပွင့်စေပြီး အောက်ဆီဂျင်ကို လည်း ပြည့်ပြည့်၀၀ ရရှိစေပါတယ်။ ဒါကြောင့် ရေပုံမှန်ချိုးခြင်းက သင့်အဆုတ်ကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။

သန့်ရှင်းလှပစေခြင်း
    ရေချိုးခြင်းက အလွန်ရှေးကျပြီး လက်ရှိအချိန်အထိ ခေတ်မီဆဲသဘာဝ ချေးချွတ်နည်း တစ်မျိုးဖြစ်ပါတယ်။ ပုံမှန်ရေချိုးပေးခြင်းက ချွေးပေါက်တွေကိုပွင့်စေပြီး ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်အတွင်းက ထွက်ရှိလာမယ့် အဆိပ်အတောက်တွေကို အရေပြားပေါ်မှ ဖယ်ရှားသန့်စင်ပေးပြီး သင့်အသားအရည်ကို စင်ကြယ်စေနိုင်သလို သင်အသုံးပြုတဲ့ ဆပ်ပြာအပေါ်မူတည်လို့ လှပစိုပြေတဲ့ အသားအရေကိုပါ ရရှိစေနိုင်ပါတယ်။
    အထက်မှာ ဖော်ပြထားသလိုပဲ သင်နေ့စဉ်ပြုလုပ်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေချိုးခြင်းမှာ သင့်အတွက်ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ ဒါ့အပြင် သင်သတိပြုရမယ့် အရာတစ်ချို့လည်း ရှိနေပါသေးတယ်။ အကြမ်းဖျင်း သိထားရမယ့် အရာတွေကတော့ ပြင်းထန်တဲ့အပူချိန်နဲ့ ထိတွေ့ပြီးနောက်ချက်ချင်း ရေမချိုးပါနဲ့။ ရေနွေးနဲ့ ရေချိုးမယ်ဆိုရင် အပူချိန်ကိုသတိထားဖို့လိုပြီး ရေနွေးကန်ထဲစိမ်မယ်ဆို ရင် ခေါင်းကိုရေပူနဲ့မထိဖို့ ဂရုစိုက်ရမှာပါ။ ရေနွေးနဲ့ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးသွားတာကြောင့် ရေဓာတ်ပြန်လည် ဖြည့်တင်းဖို့လည်း မမေ့ပါနဲ့လို့ သတိပေးချင်ပါ တယ်။ ရေအေးနဲ့ဖြစ်စေ၊ ရေနွေးနဲ့ဖြစ်စေ ရေမချိုးခင်ငါးမိနစ်လောက်အလိုမှာ ရေအေးတစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။ ရေချိုးပြီးနောက် အသားအရေ ခြောက်သွေ့သွားတယ်လို့ ခံစားရရင် Body Lotion တစ်မျိုးမျိုး လိမ်းပေးနိုင်ပါတယ်။