ကျန်းမာအောင် ရယ်ပါ

    “ရယ်မောခြင်းက အကောင်းဆုံးဆေး”ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ဒါက သာမန်ဆိုရိုး စကားတစ်ခုမဟုတ်ဘဲ ရယ်မောခြင်းမှာ ဆေးဝါး တစ်မျိုးလိုပဲ အစွမ်းထက်တဲ့ အာနိသင်တွေရှိတာကို သိပ္ပံပညာက လေ့လာပြီး သက်သေပြနိုင်ခဲ့ပါတယ်။ တကယ်ပါပဲ။ ရယ်မောခြင်းက သင့်ရဲ့ ကျန်းမာရေးကိုရော လူမှုဆက်ဆံရေးအပေါ်မှာပါ ကောင်းကျိုးပြုနိုင်ပါတယ်။

ရယ်မောခြင်းက သွေးကြောတွေကို ကျန်းမာစေပါတယ်
    ရယ်မောလိုက်တဲ့အချိန်မှာ သွေးကြောတွေ အတွင်းပိုင်းက လိုင်နင်သဘောဖြစ်နေတဲ့ ကြွက်သားတွေကို ပြန့်ကားစေတာကြောင့် သွေးစီးဆင်းမှုကို ပိုမိုအားကောင်းစေပါတယ်။ ဒါကြောင့် ရယ်မောခြင်းက သွေးကြောတွေရဲ့ အတွင်းပိုင်း နံရံသဖွယ်ဖြစ်နေတဲ့ ကြွက်သားတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်စွမ်း ရှိတယ်ဆိုတာက စိတ်ကူးယဉ်မှု သက်သက်သာမဟုတ်ဘဲ တစ်ကယ်ဖြစ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပါလက်ပါ ရယ်မောပါ။

စိတ်ခံစားမှုကို ကောင်းမွန်လာစေပါတယ်
    ရယ်မောခြင်း၊ ဟာသဉာဏ်ရှိခြင်းစတဲ့ အရည်အသွေးတွေဟာ ဦးနှောက်အတွက် အလွန်အကျိုးပြုတဲ့ ဆုလာဘ်များဖြစ်ပါတယ်။ သင်ရယ်မောလိုက်တဲ့အခါတိုင်း ဦးနှောက်ရဲ့ စိတ်ခံစားမှုကို တုံ့ပြန်တဲ့ဖြစ်စဉ်ကို ကူညီလှုံ့ဆော်ပေးနိုင်မယ့် Dopamine အမည်ရ Neurotransmitter တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် ရယ်မောခြင်းက ပျော်ရွှင်မှုခံစားနိုင်စွမ်းကို မြှင့်တက်စေပြီး စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့ Serotonin ဟော်မုန်း၊ စိတ်ဖိစီးမှုနဲ့ နာကျင်မှုကို ထိန်းညှိပေးပြီး ရွှင်လန်းဝမ်းမြောက်တဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ Endorphins ဟော်မုန်းစတဲ့ ဟော်မုန်းတွေ ထွက်ရှိနှုန်းကိုလည်း တိုးမြှင့်စေပါတယ်။
    မြူးကြွတဲ့ သီချင်းသံကြားရင် အလိုလို ကချင်ခုန်ချင်စိတ် (အနည်းဆုံးတော့ ခေါင်းကလေး ခြေကလေး လှုပ်မိတာမျိုး) အလိုလို ဖြစ်ပေါ်လာသလိုပဲ ရယ်မောပြီးတာနဲ့ စိတ်ထဲမှာအလိုလို ၀မ်းသာပျော်ရွှင်မှုကို ခံစားလာရလေ့ရှိတာကို သင်ကိုယ်တိုင်လည်း သိထားပြီးဖြစ်မှာပါ။ တွေ့ရှိချက်အရတော့ ရယ်မောပြီးနောက် ထွက်ရှိလာတဲ့ Endorphins ဟော်မုန်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်
    သင်ရယ်မောလိုက်တဲ့အခါတိုင်း နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတွေအတွက် စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကျမှုနဲ့ ပူပန်မှုတွေ သက်သာလျော့ပါး သွားနိုင်တာကို သိပါသလား။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေအပေါ် ဆန့်ကျင်ဘက်သဘော အကျိုးသက်ရောက်မှုရှိပြီး သင့်ရဲ့စိတ်ကို ရွှင်လန်းတက်ကြွလာစေနိုင်ပါတယ်။ ၉၉ % သော ရောဂါဘယများရဲ့အစက  စိတ်ဖိစီးမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သင်ရယ်မောလိုက်တိုင်း စိတ်ဖိစီးမှု
ဖြစ်စေတဲ့ ဟော်မုန်းတွေ လျော့နည်းသွားတာကြောင့် ရယ်မောခြင်းက  သင့်ရဲ့ ကျန်းမာရေးအပေါ် အကြီးအကျယ် ကောင်းကျိုးပြုနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် ရယ်ရယ်မောမော ပြုံးပြုံး ရွှင်ရွှင်နေနိုင်အောင် ကြိုးစားသင့်သလို ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်ခင်အလေးထားရတဲ့သူတွေ ရယ်မောနိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်
    သင့်ရဲ့ ကိုယ်ခံအားက သင့်ကျန်းမာရေး အတွက် အဓိကအကျဆုံး အရာဖြစ်ပါတယ်။ ပြင်ပက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုတွေ က သင့်ရဲ့ခန္ဓာကိုယ်ကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လျက်ရှိပြီး သင့်ရဲ့ ကိုယ်ခံအားစနစ်က အဆိုပါ ရောဂါဖြစ်ပွားစေမယ့် ပိုးမွှားတွေကို အချိန်တိုင်း တွန်းလှန် တိုက်ထုတ်နေရတာပါ။ အကယ်၍ သင့်ရဲ့ကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ သင်ရောဂါ ကူးစက်ခံပြီး နာမကျန်းဖြစ်ပါပြီ။ နေ့စဉ် စိတ်ဖိစီးမှု ခံစားရခြင်းက သင့်ရဲ့ ကိုယ်ခံစွမ်းအားကို ချိနဲ့သွားအောင်လုပ်ဆောင်ပစ်မယ့် အရာဖြစ်ပါတယ်။ ရေရှည်စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ ခံစားရခြင်းက နာတာရှည်ရောဂါများ ဖြစ်လာစေပြီး နှလုံးရဲ့ကျန်း
မာရေးကိုပါ ထိခိုက်စေနိင်ပါတယ်။ ရယ်မောခြင်းက စိတ်ဖိစီးမှုကို  တားဆီးပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်လာစေပါတယ်။ တစ်နည်းအားဖြင့် ရယ်မောခြင်းက သင့်ကို ရောဂါဘယများ ဖြစ်ပွားခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

အဆုတ်ကို အားကောင်းစေနိုင်ပါတယ်
    ရယ်လိုက်ရတာ ဖတ်ဖတ်ကို မောနေတာပဲ ဆိုတဲ့ အဖြစ်မျိုးကြုံဖူးမှာပါ။ အားရပါးရ ရယ်ခြင်းက အမြန်ဆုံးနဲ့ အလွယ်ကူဆုံး အသက်ရှုလေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။  လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းက နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းကို မြန်ဆန်စေတာကြောင့် အောက်ဆီဂျင် အသုံးပြုမှုလည်း တိုးလာစေပါတယ်။ ဒါအပြင် အချိန်ကြာကြာ ရယ်လိုက်တဲ့အခါ အဆုတ်ထဲမှာ ခိုအောင်းနေတဲ့ လေအဟောင်းတွေကို ထွက်သွားစေပြီး လတ်ဆတ် ပြီး အောက်ဆီဂျင်အပြည့်ပါတဲ့ လေအသစ်တွေကို ၀င်ရောက်လာစေပါတယ်။ ဒါကြောင့် ရယ်မောခြင်းက သင့်ရဲ့ အဆုတ်ကို ကျန်းမာအားကောင်းစေနိုင်ပါတယ်။

လူမှုဆက်ဆံရေး ရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်
    လူသားတွေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာမှာ စကားပြောခြင်းနည်းလမ်းကို အသုံးမပြုခင် အပြုံးကို ရှေးဦးစွာ အသုံးပြုခဲ့ကြပုံရတယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် လူသားတွေ အချင်းချင်းဆက်ဆံရေးမှာ အပြုံးက စကားပြောချင်းထက်ပိုပြီး အရေးပါခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ပြုံးပြ၊ ရယ်ပြခြင်းက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုကို ပိုခိုင်မာစေပြီး လူမှုဆက်ဆံရေး တိုးတက်စေဖို့ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
    ပြုံးပြ ရယ်မောခြင်းက လူသားတွေရဲ့ ဆက်သွယ်ပြောဆိုရေး ကဏ္ဍမှာ အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပတ်သက်နေပြီး ဟာသဉာဏ်ရွှင်ခြင်းကတော့ လူတစ်ဦးတစ်ယောက်ချင်းစီက သီးသန့်ပိုင်ဆိုင်တဲ့ အရည်အသွေးလို့တောင်ပြောလို့ ရတဲ့အရာတစ်ခုပါ။ အကြောင်းအရာ တစ်ခုခုအပေါ် အလွယ်တကူ အကောင်းမြင်၊ ပျော်ရွှင်ရယ်မောနိုင်တဲ့ စိတ်ပိုင်ဆိုင်ထားတဲ့သူကို  ကျန်းမာရေး ဟာသအမြင် ရှိသူလို့တောင် သတ်မှတ်ထားနိုင်လောက်အောင်ကို ရယ်မောခြင်းက လူသားတွေရဲ့ ကျန်းမာရေးအပေါ်ကောင်းကျိုးသက်ရောက်မှု ရှိပါတယ်။ လက်ရှိအချိန်မှာ အငြင်းပွားဖွယ် ယူဆချက် တစ်ခုဖြစ်ချင် ဖြစ်နေနိုင်ပေမဲ့ ရယ်မောခြင်းဖြင့် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်တယ်လို့ အချို့ပညာရှင်တွေ သတ်မှတ်ယူဆထားကြပါတယ်။

ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်
    အမျိုးသမီးတွေအတွက် ခပ်ပြုံးပြုံးနဲ့ ဟာဒယဉာဏ်ရွှင်တဲ့ အမျိုးသားတွေက ပိုပြီးဆွဲဆောင်မှု ရှိတက်ကြတယ်လို့ စစ်တမ်းတွေ အရသိရပါတယ်။ အမျိုးသားမှ မဟုတ်ဘဲ ကလေး၊ လူကြီး၊ ကျား ၊ မ မရွေးအတွက် ရယ်မောလိုက်ခြင်းက လူကို သက်တောင့်သက်သာ ဖြစ်သွားစေပြီး သင့်ရဲ့လုပ်ငန်းခွင်နဲ့ လုပ်ငန်းခွင်ပြင်ပ လူတွေနဲ့ဆက်ဆံရေးကို  အလွယ်တကူ ကျယ်ပြန့်စေပြီး ပြုံးနေတဲ့ သင့်ကိုလူတိုင်းက အလွယ်တကူ သတိထားမိပြီး နှစ်လိုစိတ် ဖြစ်ပေါ်လာစေပါတယ်။ နောက်ထပ် အငြင်းပွားဖွယ် ယူဆချက်တစ်ခုပါ။ ဟာသအမြင် ထက်မြက်စူးရှပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်ပုံရတဲ့ လူတွေဟာ အလုပ်အင်တာဗျူး အောင်နိုင်ချေ ပိုများ
ပါတယ်တဲ့။
    ရယ်မောခြင်းက ရရှိမယ့် ကျန်းမာရေး၊ လူမှုရေး ကောင်းကျိုးတွေကို သင်သိပြီးနောက် အကောင်းမြင်စိတ်ကို မွေးမြူပြီး သင့်ရဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ သူများနဲ့အတူ စိတ်ပါလက်ပါ ရယ်မောပါလို့ တိုက်တွန်းချင် ပါတယ်။

Ref;Lifehack