ပိန်စေမယ့် အမူအကျင့်များ

    အဆီပို မရှိ ၊ပိန်သွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတယ်ဆိုရင်ဖြင့် အစားလျှော့စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ နည်းလမ်းက အထိရောက်ဆုံးဖြစ်တာကို သင်သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီလို အစားလျှော့စားရင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ရင်း ကိုယ်အလေးချိန်ကို လျှော့ချနေတဲ့ အချိန်မှာ သင့်ရဲ့ပေါင်ချိန်စက်ကပြနေတဲ့ ကိန်းဂဏန်းတွေကို မြန်မြန်ဆန်ဆန် လျော့ကျသွားစေဖို့ အထောက်အကူပြုနိုင်မယ့် အခြေခံစည်းမျဉ်းတစ်ချို့ရှိနေပါတယ်။ ၀ိတ်ကျစေမယ့် အမူအကျင့်များလို့ပဲ ဆိုကြပါစို့။ ခဲရာခက်ဆစ် တမင်တကာလုပ်ယူရမယ့် ကိစ္စမျိုးမဟုတ်ဘဲ သင်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများထဲက တစ်ချို့ကို အနည်းငယ် အာရုံစိုက်ပြီး လိုက်နာကျင့်သုံးပေးရုံနဲ့ အကျိုးသက်ရောက်မှု ရှိနိုင်မှာဖြစ်တဲ့ အမူအကျင့်များလည်း ဖြစ်ပါတယ်။

ရေများများ သောက်ပါ
    ရေဆိုတာက အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာမှန်း လူတိုင်းသိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ အဆိုပါ မရှိမဖြစ်တဲ့ ရေကိုကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ပမာဏ ဘယ်လောက်အထိ လိုအပ်မှန်း တိတိကျကျ သိထားတဲ့သူ အရေအတွက်ကတော့ နည်းကောင်း နည်းနေနိုင်ပါတယ်။ လေ့လာမှုတွေ ပြုလုပ်အပြီးမှာ လူအများဟာ ရေဓာတ်အပြည့်အ၀ မရရှိခြင်း၊ ကာလကြာရှည် ရေဓာတ်ချို့တဲ့ခြင်း စတဲ့အခြေအနေနဲ့  အသက်ရှင်နေကြပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ စွမ်းအင်လျော့ကျလာခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း စတဲ့ ပြဿနာများနဲ့ ရင်ဆိုင်နေရတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
    ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ကိုယ်အလေးချိန် ကျဆင်းဖို့အတွက်ဆိုရင် တစ်ရက်ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းလိုတယ်ဆိုရင်တော့ အဓိကအားဖြင့်  အစားမစားခင်တိုင်းမှာ ရေဖန်ခွက် နှစ်ခွက်လောက်သောက်ပေးဖို့ လိုအပ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ သင့်ခန္ဓာကိုယ်က ရေဓာတ်လိုအပ်လာပြီလို့ အချက်ပြလာတဲ့ အချိန်တိုင်း (ရေဆာလာတဲ့ အချိန်တိုင်း) မှာရေသောက်ပေးဖို့ပဲ ဖြစ်ပါတယ်။  
    ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို ရေတစ်မျိုးတည်းက မဟုတ်ဘဲ ရေဓာတ်ပါတဲ့ အသီးအနှံ၊ အစားအစာများ၊ ကော်ဖီနဲ့အချိုရည် စတဲ့ အရာများမှတစ်ဆင့် ရရှိနိုင်တယ်ဆိုတာ မှန်ပေမယ့် ကိုယ်အလေးချိန်ကျဆင်းဖို့ ဆိုရင်တော့ ရေချည်း သက်သက် သောက်သုံးမှသာ သိသာတဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ရေရဲ့အရသာကို ငြီးငွေ့ပြီးရေများများသောက်ဖို့ အခက်အခဲ ရှိသူတွေအနေနဲ့ သံပရာသီး သို့မဟုတ် အခြားသီးနှံတွေရဲ့ အရသာ အနည်းငယ် ဖြည့်စွက်ပြီး သောက်ကြည့်ပါလို့ အားပေးချင်ပါတယ်။

အစားအစာများကို ကြေညက်အောင်ဝါးပါ
    ကိုယ်အလေးချိန် ကျဆင်းစေဖို့ နောက်ထပ်သင်လုပ်ဆောင်ရမယ့် အမူအကျင့်တစ်ခုကတော့ အစားစားချိန်မှာ ကြာကြာဝါးဖို့ပဲဖြစ်ပါတယ်။ အစားအစာများကို အချိန်ကြာကြာဝါးပြီး စားသောက်ခြင်းက ကိုယ်အလေးချိန်ကျဆင်းစေနိုင်တဲ့ နည်းလမ်းများထဲမှာ ရေပန်းအစားဆုံးနဲ့ ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
    သီအိုရီ အရလည်း မှန်နိုင်ပါတယ်။ အစားစားနေစဉ်အတွင်းမှာ အစားအစာများကို မြိုချပြီးတာနဲ့ တစ်ပြိုင်နက် သင့်ဦးနှောက်က ထုတ်လွှတ်နေတဲ့ ဆာလောင်မှု အာရုံကလည်း တဖြည်းဖြည်း လျော့နည်းလာပါတယ်။ အစားအစာများကို ဖြည်းဖြည်းနဲ့ ကြေညက်အောင်ဝါးပြီး အချိန်ယူမယ်ဆိုရင် အစားအစာပမာဏ နည်းနည်းစားသုံးပြီးရုံနဲ့ သင့်ဦးနှောက်က သင့်ကို ပြည့်ဝတင်းတိမ်သွားပြီ ဖြစ်ကြောင်း အချက်ပြလာပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့  အစားကိုဖြည်းဖြည်းနဲ့ ကြေညက်အောင်ဝါးပြီး စားပေးခြင်းက သင်အများကြီး မစားဘဲနဲ့လည်း ဗိုက်ပြည့်သွားတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။
    ဒါကြောင့် သင့်ရဲ့ ကိုယ်အလေးချိန်ကို ရှိသင့်တာထက် မပိုလာအောင်၊ ပိုနေတဲ့ ကိုယ်အလေးချိန်တွေ လျော့ကျသွားအောင် အစားကို ဖြည်းဖြည်းနဲ့ ကျေညက်အောင်ဝါးပြီးမှ စားတဲ့ အကျင့်ကို ဂရုတစိုက် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

အစားစားပြီး လမ်းလျှောက်ပါ
    အစားစားပြီးပြီးချင်း လမ်းလျှောက်သင့်၊ မသင့်က  အငြင်းပွားဖွယ် ကိစ္စတစ်ရပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ အစားစားပြီးပြီးချင်း လမ်းလျှောက်တာက  ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိနိုင်ကြောင်း  သက်သေပြချက် တစ်စုံတရာကိုလည်း  တွေ့ရှိထားခြင်း  မရှိသေးပါဘူး။ လမ်းလျှောက်ခြင်းက ကိုယ်အလေးချိန် ကျဆင်းစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်သလို အခြားပြင်းထန်တဲ့ လေ့ကျင့်ခန်းများနဲ့ နှိုင်းယှဉ်တဲ့ ကျေနပ်လောက်စရာ ရလဒ်မရနိုင်တာလည်း အသေအချာပါပဲ။ ဒါပေမယ့် Gym သွားပြီး လေ့ကျင့်ခန်းလုပ်ရမှာထက် ဟိုနားဒီနား လမ်းလျှောက်လိုက်တာက သင့်အတွက် ပိုပြီးလွယ်ကူကောင်း လွယ်ကူပါလိမ့်မယ်။ အထက်မှာ ပြောခဲ့သလိုပါပဲ။ အစားစားပြီးပြီးချင်း လမ်းလျှောက်သင့်မသင့် အငြင်းပွားဖွယ်ကိစ္စတွေ ရှိနေတာမှန်သော်လည်း သင့်မှာ ကိုယ်အလေးချိန်ကို လျှော့ချလိုတဲ့ ဆန္ဒရှိမယ်ဆိုရင် အစားစားပြီးနောက် လမ်းလျှောက်ပေးပါ။ အစားစားပြီးနောက် ခန္ဓာကိုယ်ကိုအပြင်းအထန်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားပေးတာက GLUT-4 လက်ခံတဲ့ နေရာကို လှုံ့ဆော်ပေးနိုင်တာကြောင့် သင်စားသောက်လိုက်တဲ့ အစားအစာများမှာ ပါဝင်တဲ့ ဂလူးကို့စ် အားလုံးကို စုပ်ယူနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အစားစားပြီးတိုင်း ဆယ်မိနစ်ခန့် လမ်းလျှောက်တဲ့ အမူအကျင့်ကို စတင်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။

အေးအောင်နေပါ
    ပိန်နည်းအားလုံးထဲမှာ ဒီနည်းလမ်းက သင့်အတွက် အထူးဆန်းဆုံး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာတယ်ဆိုတာက ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက် အဆီတွေပိုပြီး ပိုနေတဲ့အဆီတွေ စုပုံလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုဆိုလိုက်လို့ အဆီတိုင်း ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် မကောင်းဘူးလို့ တထစ်ချသတ်မှတ်လိုက်လို့လည်းမရပြန်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို အဆီတစ်သျှူးများ
က တစ်ဆင့်ရရှိပြီး အဆိုပါ အဆီအမျိုးအစားကို White Fat လို့ သတ်မှတ်ပါတယ်။ အဲဒီ White Fat အမျိုးအစား အဆီတစ်သျှူးတွေ ပိုလျှံလာတဲ့အချိန်က သင့်ရဲ့ “၀ပြီး အဆီတွေ တက်လာပြီ”ဆိုတဲ့ အချိန် ဖြစ်ပါတယ်။
    Brown Fat လို့ သတ်မှတ်ထားတဲ့ နောက်ထပ်အဆီတစ်မျိုးလည်း ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုထဲမှာ ပါဝင်ပါတယ်။ အဲဒီ အဆီဓာတ်က ခန္ဓာကိုယ်ထဲမှာ ပမာဏ အနည်းငယ်သာ ရှိပေမဲ့ကောင်းကျိုးပြုတဲ့ အဆီတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ Brown Fat တွေ လောင်ကျွမ်းခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အပူဓာတ်ကို ထုတ်ပေးပြီး အအေးဓာတ်နဲ့ ထိတွေ့တဲ့အချိန်မှာ Brown Fat က ပိုပြီး အလုပ်လုပ်ပါတယ်။
    ဒါကြောင့် အအေးဓာတ်နဲ့ ထိတွေ့ပြီး သင့်ရဲ့ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းသွားအောင် ပြုလုပ်နိုင်ပါတယ်။ နည်းလမ်းတွေကတော့Air-con နဲ့ နေလေ့ရှိတယ်ဆိုရင် ပုံမှန်ထက် နည်းနည်း ပိုအေးအောင် ထားတာမျိုး၊ အေးတဲ့ရာသီဥတုမှာ အင်္ကျီခပ်ပါးပါး ၀တ်ဆင်တာမျိုး ပြုလုပ်နိုင်သလို အပူချိန် မပြင်းထန်တဲ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာ ရေခဲရေ သောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အကယ်၍ Brown Fat တွေကို တိုက်ရိုက် လှုံ့ဆော်မှုပေးလိုတယ်ဆိုရင်ဖြင့် လည်ပင်း၊ ရင်ဘတ်နဲ့ကျောကုန်းတွေမှာ Brown Fat တွေ စုဝေးတည်ရှိလေ့ရှိတာကြောင့် အဲဒီနေရာတွေကို ရေခဲကပ်ပေးတာမျိုး၊ ရေအေးနဲ့ ရေချိုးတာမျိုးလည်း ပြုလုပ်နိုင်ပါ တယ်။ Harvard Medical School က ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရ ရေအေးနဲ့ရေချိုးပေးခြင်းက Brown Fat Activity ပိုမိုအသက်ဝင်စေပြီး တစ်နှစ်လျှင် ကိုယ်အလေးချိန်ကိုးပေါင်နဲ့ အထက်ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခပ်အေးအေး နေတာကလည်း ကိုယ်အလေးချိန် ကျဆင်းစေနိုင်မယ့် အမူအကျင့်တစ်ခုလို့ ဆိုကြပါစို့။
    ခက်ခက်ခဲခဲနဲ့ တကူးတကန့် အချိန်ပိုပေး၊ အလုပ်ပိုရှုပ်စေတဲ့ ကိစ္စမျိုးမပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူများ အထက်ဖော်ပြပါ အမူအကျင့်များကို လုပ်ဆောင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
Ref;Lifehack