"ချစ်ဇနီးတို့ FM"

"ဆုမြတ်မွန်မွန်"

“ရှင်ဆိုသည်မှာလည်းနော်... အိမ်သာတက်နေတာများ... မေ့တောင်မေ့တယ်။ ခါတိုင်းလို ရုံးသွားတယ်တောင်ထင်နေတာ... ပါစရာရှိတာ... မြန်မြန်ပါပါ့လား...။ အင်း... ဖုန်းလေးမှ ယူသွားပါ့မလားလို့။ အီးညှစ်ရင်း ဖေ့ဘုတ်ပွတ်ပေါ့... ဟုတ်လား”

စောစောစီးစီး မျက်နှာတောင်မသစ်ရသေးဘဲ ကြားလိုက်ရသောစကားသံကြောင့် သူ ရှုံ့မဲ့သွားရသည်။ တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်သောပါးစပ်ကို ကိုယ့်ဖာသာဘရိတ်အုပ်လိုက်ရင်း ကိုယ်မပြောရင်ရော ဒီမိန်းမဆီက ဘာများဆက်ထွက်လာဦးမလဲဟု မသိမသာနားစွင့်ထားလိုက်သေးသည်။ အင်း... နားစွင့်စရာတောင် မလိုပါဘူးလေ။ ရည်းစားဘ၀တုန်းက မပွင့်တပွင့်ပြောခဲ့ဖူးသော နှုတ်ခမ်းများတောင် ဟုတ်ပါလေစဟု အကြိမ်ကြိမ်အခါခါ ပြန်တွေးကြည့်ရသည်။ “ဇူး”ရဲ့ အသံမှာ တစ်အိမ်လုံး ဘယ်နားမှာပဲနေနေ ကြားနိုင်သည့် အာပြဲမှုမျိုးအဖြစ် ဘယ်အချိန်ဘယ်ကာလထဲက ပြောင်းလဲသွားခဲ့မှန်း သူပင် သတိမထားခဲ့မိပါ။

သူ သတိထားမိချိန်မှာတော့ “ဇူး”သည် ၀ါရင့်အိမ်ထောင်ရှင်မကြီးသဖွယ် အင်မတန်ပွစိပွစိ ပြောတတ်သော၊ ခေတ်စကားနှင့်ပြောရလျှင် အလွန်ပွားတတ်သော မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီ။

“ကဲ... ကဲ... မျက်နှာသစ်မှာဖြင့် အရင်သစ်လေ။ စာပွဲအုပ်ဆောင်းကို လာလှပ်ပြီး Breakfast ဘာရှိလဲလို့ လာချောင်းမနေနဲ့။ အဲဒီ့အစား မျက်နှာအရင်သွားသစ်လိုက်တာက ရှင့်အတွက် ဒီ Breakfast ကို အမြန်စားရဖို့ ပိုမနီးစပ်ပေဘူးလား။ ပြီးရင် အိမ်သာထဲက ထွက်လာပြီး မုန့်ကြွပ်ကြော်လေး တစ်ဖတ်လောက်က အသာကောက်ဝါးချင်နေဦးမယ်”

ကျွတ်... ဒီ မိန်းမတော့...။ ဒီနေ့ Super Sun-day ၊ သူ့ ရုံးပိတ်ရက်အတွက် သူ ကြိုက်တတ်သော မန္တလေးမုန့်တီကို သူစားနေကျဆိုင်က သူမကိုယ်တိုင် တကူးတက ထွက်ဝယ်ပေးထားရသည်ဆိုတာ သူသိသော်လည်း ကျေးဇူးမတင်နိုင်သော အဲဒီလို အပြောတွေလေ... ဒီမိန်းမအမြဲပြောတတ်တာ...။ တကယ်ဆို “ကိုရေ... မျက်နှာလေး မြန်မြန်သွားသစ်လိုက်။ ကို ကြိုက်တတ်တဲ့ ဦးကြည် မုန့်တီကို ကားပိတ်တဲ့ကြားထဲက “ဇူး” ထွက်ဝယ်ထားရတာ။ လတ်ဆတ်တုန်းလေး မြန်မြန်စားလိုက်”

ကဲ... အဲဒီလိုလေး ပြောလိုက်ရင် ဘယ်လောက် ချစ်စရာကောင်းပြီး ကျေးဇူးတင်လိုက်မလဲ။ ခုများတော့ ဒီ ဗျစ်တောက် ဗျစ်တောက် ပြောနေသည့် ပါးစပ်ကို ဘာနဲ့ သွားပိတ်ရမလဲဟု တွေးနေမိတာမျိုးလေ။
“ရှင် စားသောက်ပြီးရင် ဘောလုံးဂျာနယ်နဲ့ နှပ်ဖို့ မစဉ်းစားနဲ့ဦးနော်။ ဒီနေ့ ရှင့်ကားဘရိတ်ရှူးလဲရမယ် အဲဒါ ခုထဲက ၀ပ်ရှော့ကို ဖုန်းကြိုဆက်ပြီး ချိတ်ထားဦး။ တော်ကြာ ကိုယ်သွားမှ တစ်နေကုန်ထိုင်စောင့်နေရဦးမယ်။ အဲဒါ အပြင်ထွက်ရင်း တလက်စထဲ...”

“တော်ပြီကွာ”

ဟိုက အရှိန်ကောင်းကောင်းနှင့်ပြောနေချိန်မှာ သူက ဖြတ်အော်ချလိုက်လျှင် သူ့ အသံကြောင့် “ဇူး”ခမြာ ခေတ္တတော့ကြောင်သွားသည်။ သူ ဒီလို ဖြတ်အော်လိမ့်မည်ဟု ထင်ထားပုံမရသဖြင့် ဘာ ပြောရမှန်းမသိပဲ ရုတ်တရက်ကြောင်နေတုန်းမှာပဲ အရက်ရက် အလလက (အနှစ်နှစ် အလလတော့ မဟုတ်သေး) သူ့ စိတ်ထဲမှာ ဘယ်စဉ်ထဲက စီထားမှန်းမသိသော စကားလုံးတို့က ပွင့်အန်ထွက်ကျလာသည်။ “နေပါဦး မင်းကို ငါမေးပါရစေဦး။ ငါအိမ်သာတက်တာ ကြာတော့ရော ဘာဖြစ်သွားမှာလဲ။ ငါ မျက်နှာမသစ်ပဲ မုန့်နှိုက်စားတော့ရော ငရဲကြီးရှစ်ထပ်မှာ ချိုးကပ်မှာမို့လို့လား။ ကားဘရိတ်ရှူးလဲ ဖို့ကိစ္စကရော ငါ စားပြီးသောက်ပြီးမှ အေးအေးဆေး
ဆေး ပြောလို့မရဘူးလား။ ဘာလဲကွာ မနက်မိုးလင်းတာနဲ့ ပါးစပ်က ပေါက်ပေါက်ဖောက်သလို ရွတ်နေပြီ။ ကြာတော့ မိုးလင်းမှာတောင် ကြောက်လာတယ်။ နေ့တိုင်း အလုပ်လုပ်နေတဲ့သူပါကွ။ ရုံးပိတ်တုန်း တစ်ရက်တလေလေး အေးအေးဆေးဆေးနေတာ အသာကြည့်မနေနိုင်ဘူးလား။ သြော် ငါ့ ယောက်ျားတစ်ပတ်မှာ တစ်ရက်လောက် အေးဆေးနားနေတာ နေပါစေဆိုတဲ့ စိတ်စေတနာမျိုး မရှိဘူးလေ။ အမြဲတမ်း အပြစ်ရှာနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေမှတော့ အပြစ်ပဲ မြင်နေတော့မှာ ပေါ့ကွ”

သူ့ မိန်းမ “ဇူး”သည် သူ့ကို ရုတ်တရက်ပြန် မပြောနိုင်ပဲ ကြောင်ပြီးကြည့်နေသည်။ ခဏနေတော့မှ ရေခဲရေနှင့်ပက်ပြီး အနှိုးခံလိုက်ရသူလို ၀ူးဝူးဝါးဝါးကျုံးအော်တော့သည်။

“အောင်မယ်လေး... အောင်မယ်လေး... အိမ်မှာနေရင်း ငါးစိမ်းတန်းရောက်သွားသလိုပဲ ပြောနေလိုက်တာများ ယောက်ျားကြီးတန်မဲ့ ကက်ကက်လန်။ မှန်တာပြောလို့ နာနေတာလေ အနာပေါ်တုတ်ကျ”

“ဘာမှ အနာပေါ်တုတ်မကျဘူးဟေ့။ ပွစိ ပွစိကို သောက်မြင်ကတ်လို့ကိုပြောတာ”

“ဘာရယ်... ရှင်က ကျုပ်ကို သောက်မြင်ကတ်တယ်လို့ပြောတယ် ဟုတ်လား ရှင် ရှင်”

အဲဒီနောက် ဘာတွေဆက်ဖြစ်သလဲဆိုတာ သူ မသိတော့ သူလည်း အခန်းတံခါးပိတ်ကာ နားပါပိတ်ထားသောကြောင့် ဖြစ်လေသည်။ ရှေ့ရှေ့က သူ့မိန်းမ “ဇူး”တစ်ယောက် အမြဲတစေ ပွစိပွစိလုပ်ခဲ့သော အချိန်တွေကို နားအေးပြီးရော သည်းခံခဲ့ပေမဲ့ သူမဘက်က ရပ်သွားသည်မရှိဘဲ ရှေ့တိုးလာသောအခါ သူ့ဘက်ကလည်း မခံနိုင်သည့် အဆုံး ပေါက်ထွက်ခဲ့ပြီ။ ဒီ ပေါက်ကွဲသံစဉ်ဖြစ်ရပ်ဟာ ဘယ်ဘက်ကို ပြောင်းလဲသွားမလဲဆိုတာ သူ စိတ်တော့ဝင်စားသည်လေ။

x x​ x x x

“ဟား ဟား အဲဒါနဲ့ပဲ... မိန်းမနဲ့ ရန်ဖြစ်ထားတယ်ပေါ့”

ခါတိုင်း ရုံးကို ထမင်းဗူးထည့်တတ်သော သူက အခုထည့်မလာတော့ပဲ ကန်တင်းမှာ ထမင်းစားသောအခါ သူ့ရဲ့ စီနီယာလည်းဖြစ်၊ တွဲဖော် တွဲဖက်လည်းဖြစ်သော ကိုကြီးမော်က မေးလေသည်။ ကိုကြီးမော်တို့ကတော့ လင်မယားနှစ်ယောက်လုံး ၀န်ထမ်းတွေမို့ ရုံးကိုဘယ်တော့မှ ထမင်းဗူး မထည့်သူဖြစ်သည်။ ဇူးကတော့ အပြင်အလုပ်မလုပ်သူမို့ သူ့အတွက် ထမင်းချိုင့်ကို ဖွယ်ဖွယ်ရာရာ စီစဉ်ပေးနိုင်သည်။ အပူချိန်ထိန်းနိုင်သော ဂျပန်ထမင်းချိုင့်နှင့် ထည့်ပေးလိုက်သော ပေါ်ဆန်းဆန် ကော့မွှေးမွှေးနွေးနွေးလေးနှင့်အတူ ကြက်ပင်စိမ်း၊ ပဲကြာဇံသုပ်နှင့် တုန့်ယမ်းဟင်းချို နွေးနွေးတို့ကို လွမ်းမိသွားလျှင် ခေါင်းထဲက အမြန်ထုတ်ပစ်ရသည်။ အို ဒီဟင်းတွေများ အပြင်မှာ ၀ယ်စားလဲရတာပဲ ဒါပေမယ့် ကန်တင်းမှာ ရောင်းသော ထမင်းကြော်က နည်းနည်းငန်နေသောအခါ ထောပတ်နံ့လေး သင်းမွှေး၍ နေကြာဆီနှင့်ကြော်ထားသည်ဆိုသော ဇူးရဲ့ထမင်းကြော်ကို လွမ်းသွားသည်။ တော်စမ်းပါ ခုမှ တစ်ရက်ပဲရှိသေးတဲ့ဟာ။

“အရင်က ကျွန်တော့်မိန်းမမှာ ဒီလိုပွစိစတိုင် တွေ မရှိပါဘူးဗျာ။ အခုနောက်ပိုင်းမှ ဘယ်လိုဖြစ် ပြီး မရပ်မနားလွှတ်နိုင်သွားလဲ မသိပါဘူး။ မိန်းမ တွေက ယောက်ျားရတာကြာလာရင် ဒီလိုပဲပြောင်း လဲသွားတာပဲလား”

“အင်း... ဆိုပါတော့”

“ဟင် ဒါဆို ကျွန်တော်တို့က တစ်သက်လုံး ဒီ ပွစိ ပွစိဒဏ်ကိုခံရတော့မယ်ဆိုတဲ့ သဘောလား”

“အင်း ဒါကတော့”

ဒါကတော့ဟု အစချီကာ ကိုကြီးမော်က အအေးပုလင်းကို ကောက်မော့သည်။ ပြီးတော့ သူ့ကိုမျက်ခုံးတစ်ဖက်ပင့်ကြည့်ရင်း

“မင်းရဲ့ ရွေးချယ်မှုနဲ့ဆိုင်တယ်ကွ မင်းအနေ နဲ့ ဒီလို ပွစိပွစိဒဏ်ကို မခံနိုင်ဘူးဆိုရင် မင်းတို့ချင်းညှိကြည့်ရမယ်။ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရမယ်ကွ”

“တယ်မြင့်ပါလား။ ဘယ်သူက လက်နက်အပ်လို့ ဘယ်သူကငြိမ်းချမ်းရေးပေးမှာလဲ”

“မင်း စဉ်းစားကြည့်လေ။ အစိုးရနဲ့ သူပုန်မှာ ဘယ်သူက ဘယ်သူ့ကို လက်နက်အရင်အပ်ရလဲ။ အလင်းဝင်ရလဲ”

“ဟာ ကိုကြီးမော်ပြောပုံအရဆို ကျွန်တော်တို့က အလကားနေရင်း သူပုန်ဖြစ်နေမှာပေါ့”

“ဖြစ်လည်း ဂရုစိုက်စရာ မလိုပါဘူးကွာ။ အစိုးရဆိုတာ သူနဲ့ မတည့်သူမှန်သမျှ သူပုန်အဖြစ် သတ်မှတ်တာပဲဟာ”

“ထားပါတော့ဗျာ... အဲဒါဆို ကျွန်တော်တို့က လက်နက်အပ်ရမယ်ပေါ့ အဲလိုလား”

“ဒီလို အဆင်မပြေတဲ့ အခြေအနေမျိုးကို မလိုလားဘူးမလား။ ဒါဆို ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြည့်ပေါ့ကွာ”

“စဉ်းစားလိုက်ဦးမယ်”

သူက ပခုံးတွန့်ကာ ဟန်ပါပါပြောလိုက်လျှင် ကိုကြီးမော်က နှုတ်ခမ်းတစ်ဖက်တွန့်ရုံလေး ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ ဘာမှ ထပ်မပြောတော့။ ကိုကြီးမော်ရဲ့ မျက်လုံးထဲမှာ သူ့ရဲ့ ရှေ့ဖြစ်အရိပ်အယောင်တွေကို သိနေသလိုလို အဓိပ္ပါယ်တွေ ပါနေသလားဆိုတာကိုတော့ သူ နည်းနည်းလေး သံသယဖြစ်ခဲ့ရသည်။

x x x x x

ကိုကြီးမော်ကို စဉ်းစားလိုက်ဦးမယ်ဟု ဂရုမစိုက်လေဟန်ပြောခဲ့သော သူ့မှာ တကယ်တော့ စဉ်းစားစရာမလိုအောင် ညှိကြည့်ဖို့အတွေးက ထိုနေ့ညနေထဲက ၀င်ပြီးသားပင်။ ခါတိုင်းဆို ညနေဘက် သူရေချိုးပြီးလျှင် အ၀တ်အစားထုတ်ပေးတတ်သော၊ ရုံးက ပြန်လာလျှင် အဆင်သင့်ဖျော်ပြီးသားဖြစ်သော ပျားသံပုရာ၊ သူရုပ်ရှင်ကြည့်နေလျှင် သောက်ဖို့နှပ်ဖျော်ပေးတတ်သော ကော်ဖီနှင့် Snacks စသဖြင့် ဒါတွေကို မရလေသောအခါ လူက နေမထိုင် ထိုင်မသာဖြစ်လာသည်။ အဆိုးဆုံးကတော့ မနက် မနက်ဆိုလျှင် ဝေစည် ဝေစည် ကြားရတတ်သော သူ့မိန်းမ“ဇူး”ရဲ့ အသံကို မကြားရလေသောအခါ ဘာကြီးမှန်း မသိသော Feeling ကို ခံစားရသည်။ ဒီနေ့ ရုံးကပြန်သောအခါ ခါတိုင်းထက် ကားပိတ်ကာ နေကလည်းအတော်ပူသဖြင့် အိမ်ရောက်သောအခါ အတော်ပြိုင်းနေပြီ။ မိန်းမရဲ့လက်ရာ ပျားသံပုရာလေးကို အထူးမျှော်လင့်နေသော်လည်း မိန်းမကား သူ့ကိုအဖက်တောင်မလုပ်။ ဖုတ်လေသည့်ငါးပိ ရှိတယ်ဟုတောင် မထင်ချေ။

“မိန်းမ”

မိန်းမကား Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေရာမှ လှည့်တောင်မကြည့်။ သူ့မိန်းမ “ဇူး”ကား အိမ်မှာနေသည်ဆိုသော်ငြား Online Shopping လည်း လုပ်သေးလေရာ သူ့ဟာနှင့်သူ တစ်ဖက်တလမ်းက ၀င်ငွေဖြောင့်သူဖြစ်သည်။ စင်ကာပူနှင့် ဘန်ကောက်က သူငယ်ချင်းများနှင့် ချိတ်ဆက်ကာ Online Shopping နှင့်အတူ ဟွန်ဒီပါလုပ်သဖြင့် သူ့ဟာသူ ငွေရှာကောင်းသော မိန်းမဟုပြော၍ရသည်။

“မိန်းမ... ခေါ်နေတာ မကြားဘူးလား”

“ကြားသားပဲ”

ကြည့်စမ်း နဂါးမောက်သီးဖျော်ရည်ကို တစ်ကျိုက်ကောက်မော့ရင်း လှည့်တောင်မကြည့်ဘဲ ဖြေပုံက ပြေးပြီးရိုက်ချင်စရာ။ ဒါပေမဲ့ ရိုက်ချင်တာထက် သူမလက်ထဲက နဂါးမောက်ဖျော်ရည်ခွက် ကို လုသောက်ချင်စိတ်က ပိုနေသည်။ ဒီမိန်းမ တမင်ရွဲ့နေတာပဲနေမှာ။

“ခေါ်နေတာ ကြားရင်လဲ လှည့်ကြည့်လေကွာ”

“ဘာကိစ္စ လှည့်ကြည့်ရမှာလဲ။ ဘာပြောစရာ စကားရှိလို့ လှည်ကြည့်နေရမှာလဲ”

“ဟာ မင်း အဲဒီလိုလုပ်နေလို့ရမလား။ ဒီ လင်မယားနှစ်ယောက်ထဲရှိတာ စကားမပြောပဲနေလို့ဖြစ်မလား”

“ဟက် ဖြစ်တာပေါ့ သိပ်ဖြစ်တာပေါ့။ ဒီလို စကားမပြောပဲနေတာ ရှင့်အတွက် ဘယ်လောက်နားအေးလဲ။ ရှင်ပဲ ကျွန်မအသံကြားရင် နားထဲသံရည်ပူစီးသလိုပူတယ်မဟုတ်လား။ အခု ရှင် နားအေးတယ်လေ ဟုတ်ဖူးလား”

မဆိုင်ပါဘူး ကိုယ်က မင်းအသံကို နားပူတာမဟုတ်ဘူး။ မင်း ပွစိပွစိလုပ်တဲ့အသံကိုပဲ ပူတာ။ ပုံမှန်အေးအေးဆေးဆေး ပြောတဲ့စကားသံကို ဘာမှ နားဝင်ပူစရာအကြောင်း မရှိဘူး”

“ဟက် ဟက်... ဆုတောင်းလေ။ ကျွန်မ အာရုံနောက်အောင် လာလုပ်နေရင်တော့ ရှင့်ကို နားဝင်ပီယံ သူ့လက်သံစောင်းတီးနေသလို သာသာယာယာပြောမနေနိုင်ဘူး။ လူဆိုတာ ဒေါသထွက်တဲ့အချိန် ဒေါသထွက်သလို တုန့်ပြန်မှာပဲ။ ဒေါသကို မြိုသိပ်ချုပ်တည်းပြီးမှ ရှင် နားဝင်ချိုအောင် ပြောနေရအောင် တတ်နိုင်တဲ့အထိ ကျွန်မပါရမီမရင့်သေးဘူး”

“အဲဒီတော့”

“အဲဒီတော့ ရှင် စဉ်းစားပေါ့။ ကျွန်မကတော့ ကျွန်မပုံစံအတိုင်းဆက်သွားမှာပဲ”

“ဒါဆိုရင် မင်းက မယားဝတ္တရား မကျေပွန်တဲ့ မိန်းမဖြစ်သွားမှာပေါ့”

“စောင့်ကြည့်လိုက်လေ။ ကျွန်မရှိသင့်တဲ့ ဝတ္တရားတော့ ကျေစေရမယ်”

“ပြီးတာပဲ”

ပြီးတာပဲဟု ထင်ထားသမျှ တကယ်တမ်း သူ့စိတ်မှာ မပြီးသေးပါလားဟု ထပ်၍နားလည်ရပြန်သည်။ မိန်းမက သူ့ကို ဝတ္တရားမပျက် ထမင်းခူးကျွေး၊ ထမင်းချိုင့်ထည့်ပေး၊ ရုံးကအပြန် သံပုရာရည်ဖျော်ထားပေးဖော်ရသော်လည်း အရင်လို စည်စည်ကားကား သိုင်းဝိုင်းဖွဲ့ဆိုပြောသော စကားတို့က ဆိတ်သုဉ်းလျှက်ရှိသည်။ အရင်ဆို သူ မနက်အိပ်ယာထဖို့ နှိုးချိန်မှစ၍ ဒီနေ့ Breakfast ကို ဘယ်လိုပြင်ဆင်ထားကြောင်း နေ့လည်စာကတော့ ဘာလေးကို ဘယ်လိုချက်ပြုတ်ထားကြောင်း၊ ဈေးထဲမှာ ဘယ်အသားငါးတွေပေါကြောင်း၊ ရပ်ကွက်ထဲက သတင်းတွေအကြောင်း စသဖြင့် စီကာပတ်ကုံး ပြောသွားသည်မှာ သူ့အစီအစဉ်နှင့်သူ အပိုင်းလိုက်  ကဏ္ဍအလိုက်လာနေသော FM Radio တစ်လုံးနှယ်။ ညနေပိုင်းကနေ ညဘက်အထိလည်း ဒီလိုပဲ ခေါင်းစဉ်အမျိုးမျိုးနှင့် မရိုးစေရချေ။ ခုကျတော့ ဒီအသံတွေ လုံးဝဆိတ်သုဉ်းသွားသောအခါ တစ်ပတ်ကျော်လောက်ကြာလျှင် တကယ်ပဲမနေတတ် မထိုင်တတ် ဖြစ်လာရတော့သည်။ နောက်ဆုံးတော့ သောကြာနေ့ရောက်လာလျှင် TGIF ခေါင်းစဉ်တပ်ကာ အပြင်ထွက်မုန့်စားဖို့အကြောင်းပြရင်း မိန်းမကို ချော့ရတော့သည်။

“မိန်းမရေ... ဇူး”

“ဘာတုံး”

“ပြန်ထူးတာကြီးကလဲကွာ။ ဒီမှာ အကောင်းပြောမလိုပါ။ ညနေကျရင် ကိုယ့်ရုံးကို လိုက်လာခဲ့”

“အောင်မာ ဘာကိစ္စလိုက်လာရမှာလဲ”

“ရုံးကအပြန် မင်းကြိုက်တဲ့ Hop Pot သွားစားမလို့လေကွာ”

“မစားချင်ပါဘူး။ ကိုယ့်ဟာကိုယ်စားကြ”

“ကိုယ့်ဟာကိုယ် ဘယ်လိုစားလို့ဝင်မှာလဲကွာ။ မိန်းမနဲ့အတူ စားချင်လို့ဟာကို”

“နားငြီးဒဏ်ကို ခံနိုင်ရင်စားလေ”

“ကဲ ငြီးပစေကွာ.. ကြိုက်သလောက်ပွား ချစ်လို့ပွားတယ်မှတ်မယ် ဟုတ်ပလား အိုခေ ?”

သူ အလံဖြူပြပြီး လက်နက်ချအလင်းဝင်လာတာကို သဘောပေါက်သွားဟန်တူသော မိန်းမက နှုတ်ခမ်းတစ်ဖက်တွန့်၍ မဲ့ပြုံးပြုံးကာ “ရှင် စာတတ်လာပြီပေါ့”ဟု အနိုင်နဲ့ပိုင်းသွားသေးသည်။ ရင်ထဲမှာ ကလိကလိဖြစ်ရသော်လည်း ငြိမ်းချမ်းရေးလိုချင်သူမို့ ဘာတစ်ခွန်းမှ မဟတော့ပြီ။

x x x x x

“တယ်ဟုတ်ပါလားကွ။ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲပွဲက ဒီနေ့ လက်မှတ်ထိုးအတည်ပြုတယ်နဲ့ တူတယ်”

ကိုကြီးမော်က သူ့ ထမင်းချိုင့်ထဲက စားချင်စဖွယ်ဟင်းတို့ကိုကြည့်ကာ အတပ်သိသလို ဗေဒင်ဟောသည်။ ငါးကြင်းကြော်နှပ်၊ ချဉ်ပေါင်ဟင်းချို နှင့် ကညွှတ်ကြော်၊ ဘာလချောင်ကြော်တို့ဖြင့် ဝေဆာနေသော သူ့ထမင်းချိုင့်သည် သူရဲ့အိမ်တွင်း ရေးအခြေအနေကို ဖော်ပြလျက်ရှိနေသည်လေ။ ခါတိုင်းက ကြက်ဥကြော်နှင့် ပညာပြလွှတ်လိုက်သောနေ့ရက်တွေ မဟုတ်လား။

“စား ကိုကြီးမော်... ခင်ဗျားအတွက်ပါ မိန်းမက ပိုထည့်ပေးလိုက်သေးတယ်”

“အဲလို လုပ်စားပါကွာ။ မိန်းမနဲ့တည့်အောင် သာပေါင်းကြစမ်းပါ”

“ကိုကြီးမော်ကတော့ လုပ်ပြီ။ စီနီယာက မိန်းမနိုင်နည်းပေးမယ် မရှိဘူး”

“ဟ ငါတောင် မ.ယ.က ပဲဟာ”

“ဖွီး တော်ပါဗျာ”

“ကောင်လေးရာ ငါကမဟုတ်တာကို ဘာလို့ မြှောက်ပေးနေရမှာတုန်းကွ။ မင်းမိန်းမလေးက တော်ရှာပါတယ်။ မင်းသိထားဖို့က မိန်းမတစ်ယောက်ဟာ အရမ်း perfect ဖြစ်ရင် ပျင်းစရာကောင်းသလို perfect ဆိုတာလဲမရှိဘူးကွ။ အခု မင်းမိန်းမပဲကြည့်... ရုပ်ချောတယ်... ဟင်းချက်ကောင်းတယ်... သူ့ဖာသာလဲ ပိုက်ဆံရှာနိုင်သေးတယ်... ယောက်ျားရှာသမျှ စုတတ်ဆောင်းတတ်သေးတယ်... အသုံးအဖြုန်းလည်း မကြီးဘူး။ အဲ... သူ့အားနည်းချက်က ဘာဖြစ်မလဲ။ ယောက်ျားကို ပွစိ ပွစိ ပြောတာပဲရှိတော့တာမလား။ ဒီတော့ ဒါကို နားလည်ပြီး ထိန်းထိန်းသိမ်းသိမ်းနေနိုင်မှ အဆင်ပြေတော့မှာပေါ့ကွာ”

“ကဲ... မင်းမိန်းမကမပွားဘဲ ငြိမ်နေတော့လဲ မင်း မနေတတ်ဘူးမလား”

“အင်း အဲဒါလဲ ဟုတ်တာပဲ”

“ဟား ဟား သဘောပေါက်လိုက်ပေါ့ကွာ။ တကယ်တော့ မင်းက မိန်းမရဲ့ ပွစိ ပွစိ FM ကို သုံးနှစ်လောက် နားဆင်လာပြီးမှတော့ မင်းရဲ့ မသိစိတ်မှာ စွဲလမ်းနေပြီကွ။ အဲဒီ အသံလေးတွေ မကြားရရင်ကို မင်း ဟာတာတာကြီးဖြစ်နေလိမ့်မယ်။ မရတော့ဘူး ငါ့ကောင်ရေ မရတော့ဘူးကွ”

“အင်း ဒါဆိုလည်း ပွစိ ပွစိ FM ကြီးကို တစ်သက်လုံး ဆက်နားဆင်ရတော့မယ့် သဘောပေါ့”

“ဒါပေါ့ အံမယ် သူ့တို့ FM က ပွစိ ပွစိကဏ္ဍပဲ အမြဲလွှင့်နေတာတော့ မဟုတ်ပါဘူးကွာ။ သာယာကြည်နူးစရာလေးတွေ လွှင့်တဲ့အချိန်၊ သတင်း သုတ ရသလေးတွေ လွှင့်တဲ့အချိန်၊ စသဖြင့်... ကဏ္ဍအမျိုးမျိုးနဲ့ မပျင်းရအောင် လွှင့်နေတာပါကွ ဟုတ်ဖူးလား”

“ဟုတ်ပါတယ်ဗျာ... မိန်းမတို့ FM ပေါ့”

“မင်းကွာ လူသာငယ်တာ ငါ့လောက်တောင် ကဗျာမဆန်ဘူး။ ချစ်ဇနီးတို့ FM လောက်တော့ လုပ်ပါကွ”

သူက သဘောတကျနှင့် ဟက်ဟက်ပက်ပက်ရယ်မိတော့သည်။ အင်း ဟုတ်ပါတယ်လေ။ သူ့ ချစ်ဇနီးလေးရဲ့ FM က မြိုင်မြိုင်ဆိုင်ဆိုင် မလွှင့်တဲ့အချိန်ကျ သူမနေတတ် မထိုင်တတ်ဖြစ်ရသည်ဆိုတာ တကယ်ပဲ သူလက်တွေ့သိမြင်ခဲ့ရပြီ မဟုတ်ပါလား။ ရေဒီယိုနှင့်တူသော မိန်းမတစ်ယောက်ကို ရယူပိုင်ဆိုင်ထားပြီးမှတော့ ထိုမိန်းမလွှင့်သော ကဏ္ဍအလိုက် အစီအစဉ်များကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ရပ်နားဖို့တော့ အမိန့်ပေး၍ရမည်မဟုတ်ဘဲ မကြိုက်တဲ့အချိန်မှာတော့ ရေဒီယိုနှင့် ခပ်ဝေေ၀းနေရရုံသာ။

အင်း အချိန်တန်တော့လည်း ချစ်ဇနီးရဲ့ တေးသံသာကိုပဲ ပြန်နားဆင်ချင်ကြတာ သူတစ်ယောက်တည်းတော့ ဟုတ်မည်မထင်ပါချေ။