ချစ်ခြင်းပြဿ နာများကို ဖြေရှင်းနည်း

လူနှစ်ဦးရဲ့ ချစ်ခြင်းဟာ အင်မတန်ပြဿနာများတဲ့ အကြောင်းတရားတစ်ခုပါ။ ကိုယ်တွေရဲ့ ချစ်ခြင်းမှာမှဖြစ်နေတာ မဟုတ်ဘဲ လူတိုင်းရဲ့ချစ်ခြင်းမှာ ပြဿနာဆိုတာရှိတယ်လို့ သိထားဖို့လိုပါတယ်။

အခုဆောင်းပါးမှာတော့

ချစ်ခြင်းကို ပျက်စီးစေတဲ့ အကြောင်းရင်း (၄) ခုရယ်၊ အဲဒီ့ အကြောင်းရင်းတွေ မဖြစ်လာဖို့ ဖြေ ရှင်းနိုင်တဲ့ နည်းလမ်း (၃) ခုရယ်ကို ဖော်ပြပေးသွားမှာပါ။

ချစ်ခြင်းမှာ အောင်မြင်တဲ့သူဖြစ်ချင်လား ဒါမှမဟုတ် မအောင်မြင်တဲ့သူဖြစ်ချင်လားဆိုတာကတော့ သင့်ရွေးချယ်မှုနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။

ချစ်ခြင်းကို ပျက်စီးစေသော အကြောင်းရင်းများ…

၁။ ဝေဖန် အပြစ်ရှာခြင်း
တစ်ဖက်သားရဲ့ အကျင့်စရိုက်နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခြင်းဟာ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းကို ပျက်စီးစေတဲ့ ပြဿနာရဲ့ အစဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ အောင်မြင်သူတွေကတော့ ကိုယ့်ချစ်သူကို ဝေဖန်တယ်ဆိုတဲ့ လမ်းကြောင်းထက် ညင်ညင်သာသာ ပြောပြဆွေးနွေး ခြင်းဆိုတဲ့ လမ်းကြောင်းကိုရွေးချယ်သူတွေဖြစ် ပါတယ်။ ဒီလိုပြုမူလိုက်တာကြောင့် သူဘယ်လိုခံစားရကြောင်း၊ ဘယ်လိုလေးပြင်လိုက်ဖို့တော့လိုကြောင်း စသဖြင့်ကိုယ်လိုချင်တာကို ညင်ညင်သာသာဆွဲယူပြောဆိုခြင်းက ပြဿနာကို ပိုမို သေးငယ်သွားစေပါလိမ့်မယ်။ 

ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကိုယ့်ချစ်သူနဲ့ မကြာခဏပြဿနာဖြစ်တတ်တဲ့ ပျိုမေများအပေါ်ကစာပိုဒ်ကို ထပ်ဖတ်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီလို ပြစ်တင်ဝေဖန်ခြင်းတွေကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုလုပ်လေ့ရှိလို့ပါ။

၂။ ခုခံကာကွယ်ခြင်း
ဒါကတော့ ဝေဖန်အပြစ်ရှာခံရခြင်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ခုခံကာကွယ်တဲ့အခါ ပုံစံ (၂) မျိုးဖြစ်နိုင်ပါတယ်။ ပထမတစ်မျိုးက အပြစ်ကင်းသလို ဟန်ဆောင်နေခြင်းနဲ့ နောက်တစ်မျိုးကတော့ ညီးညူခြင်းပါ။ အချစ်ရေးမှာအောင်မြင်သူတွေကတော့ အထက်မှာဖော်ပြထားတဲ့ နည်း (၂) မျိုးကို မသုံးပါဘူး။ သူတို့က သူတို့ကို အပြစ်ရှာနေတာ သိသိကြီးနဲ့ အဲဒါကို လက်ခံပြီး ဘယ်နေရာမှာ ဘယ်လိုတော့ဖြစ်စေရမယ်၊ ဘယ်နေရာမှာတော့ ဘယ်လိုကြောင့် မှားသွားတယ်ဆိုတာကိုပြောဆိုပြီး တာဝန်ယူတဲ့ ပုံစံမျိုးဖြစ်စေပါတယ်။

သူတို့ပြောလေ့ရှိတာက “ကဲ.. ပြော.. ငါဒီလိုလုပ်လိုက်လို့ မင်းဘယ်လိုဖြစ်သွားလဲ။ ငါဘာလုပ်ပေးရမလဲ” ဆိုတဲ့ စကားပါပဲ။

၃။ အထင်သေးခြင်း
ကိုယ့်ချစ်သူကို အထင်သေးခြင်းဟာ လူနှစ်ဦးကြားကချစ်ခြင်းကို အဆုံးသတ်စေတဲ့ အစပျိုးမှုတစ်ခုဖြစ်ပါတယ်။

ချစ်သူကို အထင်သေးပြီး အထက်စီးက ဆက်ဆံမယ်ဆိုရင်တော့ ဒီလူနှစ်ဦးကြားက ပတ်သက်မှုကို ချစ်ခြင်းလို့တောင် အမည်မတပ်သင့်တော့ပါဘူး။ ဒီအထင်သေးမှုကို ဘယ်လိုမှ ပယ်ရှားမရနိုင်ဘူး၊ ဒါပေမဲ့ ကိုယ်ကသူ့ကိုမှချစ်ပါတယ်လို့ တွင်တွင်ပြောနေသူတွေအတွက် ရှင့်ချစ်ခြင်းဟာ (၄) နှစ်ထက်ပိုမခံဘူးလို့ ကြိုတင်ဟောကိန်းထုတ်မယ်ဆိုရင် လက်မခံနိုင်မဖြစ်ပါနဲ့။ စောင့်ကြည့်ပါ။ ဟောကိန်းက မှန်ကိုမှန်ပါလိမ့်မယ်။

၎။ ကဖျက်ကယက်လုပ်ခြင်း
ဘယ်လိုအခြေအနေကို ဆိုလိုတာလဲဆို တော့ အခြေအတင်ဖြစ်နေတဲ့အခြေအနေတစ်ခုကို လုံးလုံးလျားလျား ဥပက္ခာပြုလိုက်ခြင်း၊ ဒါမှမဟုတ် “မင်းဘာလုပ်လုပ်၊ ငါဂရုမစိုက်ဘူးကွာ” ဆိုတဲ့ စကားနဲ့ ပိတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးရဲ့ (၈၅) ရာခိုင်နှုန်းကိုတော့ အမျိုးသားတွေက ဖန်တီးလေ့ရှိပါတယ်။

အမျိုးသားများသိထားရမှာက ဒီလိုအခြေအနေဟာ ပြဿနာကို ပြီးဆုံးစေခြင်းမမည်ဘဲ ချစ်ခြင်းကိုပျက်စီးစေတဲ့ ပြဿနာကို စတင်ခြင်း မည်တယ်ဆိုတာပါပဲ။

ချစ်ခြင်းကို ပျက်စီးစေတဲ့အကြောင်းရင်း (၄) ခုကို ဖော်ပြပြီးသွားရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတာကိုလည်း လမ်းပြပေးသင့်တာပေါ့။ 

ကာကွယ်နိုင်မယ့် နည်းလမ်းများ…
၁။ ချစ်သူအကြောင်း နောကျေအောင်သိပါ
နောကျေအောင် သိဖို့ဆိုတာ ကိုယ့်ချစ်သူရဲ့ အပြင်ပန်းအပြင် အတွင်းစိတ်ကိုလည်း ၀င်ကြည့်တတ်ဖို့ပါ။ ဒါကို အချစ်မြေပုံ love map လို့ ခေါ်ကြပါစို့။ ချစ်ခြင်းမှာ အောင်မြင်သူတွေဟာ အချစ်မြေပုံကို အကောင်းဆုံးပုံထုတ်နိုင်သူတွေပါ။ ဘယ်လို သွားလိုက်ရင်ဖြင့် ဘယ်ကိုတော့ရောက်မယ် ဆိုတာ ကောင်းကောင်းမှန်းဆတတ်သူတွေပါ။

အချစ်မြေပုံကို ကောင်းကောင်းဆွဲနိုင်သူတွေဟာ သူတို့ချစ်သူနဲ့ ပတ်သက်ပြီး အတွင်းစိတ်ကိုသိဖို့ ချစ်သူ့အကြောင်း အချိန်တိုင်းစဉ်းစားပြီး မေးခွန်းတွေလည်း မေးတတ်သူတွေပါ။ ဒါအပြင် သူ့အကြောင်းကိုလည်း သူ့ချစ်သူကို အပွင့်လင်း ဆုံးပြောပြပြီး ကိုယ့်အကြောင်းအချစ်မြေပုံလေး ရဖို့ ချစ်သူကိုလည်း ကူညီပေးနိုင်သူတွေပါ။

အချစ်မြေပုံရဖို့ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ ဘာကြောင့်လဲ ??? အချိန်အင်မတန်ယူတဲ့အတွက် ကြောင့်ပါ။ အချစ်ရေးမှာ မအောင်မြင်သူတွေအတွက် အကြောင်းရင်း လည်းရှိပါတယ်။ သူတို့က အဲဒီ့အချစ်မြေပုံရဖို့အတွက် အချိန်မပေးကြလို့ပါ။ 

လေ့လာဆန်းစစ်မှုတစ်ခုရဲ့ ရလဒ်အရ ရင်သွေးရှိတဲ့ အိမ်ထောင်သည်တော်တော်များများဟာ ရက်သတ္တပတ် (၁) ပတ်ကို (၃၅) မိနစ်လောက်သာ စကားပြောကြလေ့ရှိပါတယ်တဲ့။ ပြောလေ့ရှိတဲ့စကားများကလည်း “ဘယ်ချိန်ပြန်ရောက်မှာလဲ” “အပြန်မှာ ကလေးနို့မှုန့်ဝယ်ဖို့ မမေ့နဲ့နော်” ဆိုတဲ့ အလုပ်သဘောဆန်ဆန်စကားတွေသာများပြီး “အလုပ်မှာ အဆင်ပြေရဲ့လား” “ဘယ်လိုဖိစီးမှုတွေရှိနေလဲ”ဆိုတဲ့ ခံစားမှုဆိုင်ရာပြောဆိုမှုတွေ မရှိသလောက်ပါပဲတဲ့။

၂။ တစ်ဖက်သားရဲ့ အားထုတ်မှုကို ကောင်းကောင်းမွန်မွန် တုံ့ပြန်ပါ
ကိုယ့်ချစ်သူရဲ့ အာရုံစိုက်မှုကိုရယူနိုင်ဖို့ လူတိုင်းနီးပါး အားထုတ်မှုတွေ လုပ်လေ့လုပ်ထရှိ ကြပါတယ်။ ဒီလို အားထုတ်မှုတွေရဲ့ နောက်ကွယ်မှာ တစ်ဖက်က ကိုယ့်ချစ်သူရဲ့ အသိအမှတ်ပြုမှုကိုလည်း မျှော်လင့်ကြတာ သဘာဝပါပဲ။ ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက်ကြားက သံယောဇဉ်ကြိုးလေးက ခိုင်ခံ့မှာပေါ့။ စကားလေးတစ်ခွန်းပြော ဖြစ်တယ်ဆိုရင်တောင် “ဒီနေ့ သာယာတယ်နော်။ ဟုတ်တယ်မဟုတ်လား” ဆိုပြီး တစ်ဖက်ရဲ့ တုံ့ပြန်မှုကို စကားခေါ်ပြီးပြောသလိုမျိုး။

တစ်ဖက်သားရဲ့ အားထုတ်မှုကို ကောင်းကောင်းမွန်မွန် တုံ့ပြန်ခြင်းဖြင့် တူနှစ်ကိုယ်ချစ်ခြင်းမှာ အမှတ်တွေတစ်မှတ်ပြီး တစ်မှတ်တက်လို့ ဂုဏ်ထူးမှတ်တွေ ရလာနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အဆိုးဘက်က တုံ့ပြန်မယ်ဆိုရင်တော့ ချစ်ခြင်း အမှတ်တွေကျဆင်းပြီး အောင်မှတ်ကနေ ဝေးကွာလာနိုင်ပါတယ်။

(၆) နှစ်ကြာ အိမ်ထောင်သက်ကြာပြီးနောက် ကွာရှင်းလိုက်ကြတဲ့ စုံတွဲတွေဟာ သူတို့ အိမ်ထောင်သက်အတွင်း တစ်ယောက်ရဲ့ အားထုတ်မှုကို တစ်ယောက်ကအသိအမှတ်ပြုတာ (၃၃) ရာခိုင်နှုန်း လောက်သာရှိပါတယ်တဲ့။ (၆) နှစ်ကြာ အိမ်ထောင်သက်ကြာသည့်တိုင် ဆက်လက်တည်မြဲနေတဲ့ စုံတွေတွဲကတော့ တစ်ယောက်ရဲ့အားထုတ်မှုကို တစ်ယောက်က အသိအမှတ်ပြုတာ (၆၈) ရာခိုင်နှုန်းရှိပါတယ်တဲ့။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ချစ်ခြင်းတစ်ခုမှာ အားထုတ်သူရော တုံ့ပြန်သူရော အရေးပါကြောင်းသိနိုင်ပါလိမ့်မယ်။

၃။ တစ်ဖက်သားကို လေးစားပါ။
တရားလွန်လေးစားခြင်းကို မဆိုလိုပါဘူး။ သူပြောသမျှကို အဆီးအတားမရှိ ယုံကြည်နားထောင်ဖို့လည်း ပြောတာမဟုတ်ပါဘူး။ လူနှစ်ယောက်ရဲ့ ချစ်ခြင်းမှာ တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုရှိခြင်းဟာ အဲဒီ့ချစ်ခြင်းကိုသာယာစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

လေ့လာဆန်းစစ်မှုတစ်ခုရဲ့ အဆိုအရကတော့ ချစ်ခြင်းမှာ အောင်မြင်သူတွေဟာ ကိုယ့်ချစ်သူကို သူတို့မှာ တကယ်ရှိတဲ့ ပိုင်ဆိုင်တဲ့အရာတွေထက် ပိုကောင်းတဲ့သူလို့ မြင်လေ့ရှိသူတွေဖြစ်ပြီး ချစ်ခြင်းမှာ မအောင်မြင်သူတွေကတော့ ကိုယ့်
ချစ်သူကို သူတို့မှာ တကယ်ရှိတဲ့ပိုင်ဆိုင်တဲ့ အရာတွေထက် ပိုပြီးဆိုးရွားတယ်လို့ မြင်တတ်သူတွေပါတဲ့။

သင်က သင့်ချစ်သူကို ဘယ်လိုလေးစားကြောင်း အလေးထားကြောင်းဆိုတာကို စေ့စေ့ငုံငုံပြောပြမယ်ဆို စာရေးသူကလည်း သင်တို့ချစ်ခြင်းက ဘယ်လောက်အတိုင်းအတာထိ ခိုင်မြဲမယ်၊ ဘယ်လိုတော့ဖြင့် ခရီးဆက်ရမယ်ဆိုတာကို မှန်းဆ 
ပေးနိုင်ပါတယ်။

အောင်မြင်တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်ကြပါ စေ…။
Ref: The 4 Most Common Relationship Problems - And How to Fix Them By Eric Barker