ကိုယ့်အိမ် ဘယ်မှမပြေးပါဘူး

“အိမ်ပြန်ချင်တယ်”

အဲဒီတုန်းက အဲဒီစိတ်ပဲရှိနေပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော်က လူပျိုလူလွတ်တစ်ယောက်ပါ။ ဘာသံယောဇဉ်များရှိလို့ အိမ်ပြန်ချင်ရတာလဲ မေးစရာရှိလာမှာပါ။

ဖြေရရင်တော့ ကိုယ်ဝယ်ခဲ့တဲ့ အိမ်၊ ကိုယ် အသားကျနေတဲ့ နေရာတစ်ခုကို ဘယ်သူက မမက်မောပဲနေပါ့မလဲ။

ဒီတစ်ခေါက်ကလည်း ခါတိုင်းနဲ့မတူပါဘူး။ ကချင်ပြည်နယ်ဘက်ကို ခရီးထွက်လိုက်တာ၊ တစ်လနီးပါးကြာသွားပါတယ်။

ဆယ်စုနှစ်တစ်ခုစာလောက်မှာ အခုလောက် ကြာကြာခရီးမထွက်ဖူးတာကြာပြီမို့ စိတ်ထဲမှာ အိမ်ကိုမြန်မြန်ပြန်ရောက်ချင်စိတ်ပဲ ရှိပါတယ်။ စိတ်ထဲမှာလည်း အလုပ်တွေ မြန်မြန်ပြီးပါတော့လို့ပဲ ဆုတောင်းနေမိပါတယ်။ 

ကိုယ့်အိပ်ရာအစုတ်ကလေး ကိုယ်လွမ်းနေမိပါတယ်။

အလုပ်တွေအားလုံးပြီးဆုံးသွားလို့ အဝေးပြေးကားကြီးစီးလာတုန်း အိမ်ရောက်ချင်စိတ်က သိပ်ပြင်းပြင်းပြပြ မဟုတ်သေးပါဘူး။ အဝေးပြေးကားပေါ်က ဆင်း၍ ဤမြေခြေချလိုက်တဲ့အခါမှာတော့ အိမ်ကိုအမြန်ရောက်ချင်စိတ် ပိုပြီးပြင်းပြသွားပါတယ်။

“တက္ကစီ၊ တက္ကစီ ငှားမလား”

အနားကို စုပြုံလာတဲ့ ရန်ကုန်တက္ကစီသမားတွေ။ စကားပြန်မပြောအားသေးဘူး။ ပါလာတဲ့ တစ်လစာလက်ဆောင်ပစ္စည်းတွေ သိမ်းဆည်းနေရသေးတာကိုး။

“တက္ကစီ၊ တက္ကစီ ငှားမလား”

အားလုံးစုံမှ...

“တောင်ဒဂုံကို တစ်ယောက်ထဲသွားမယ်။ တခြားလူမတင်ဘူး ဘယ်လောက်လဲ”

သွားနေကျ အတွေ့အကြုံအရသိတယ်။ အဝေးပြေးဂိတ်မှာ တက္ကစီငှားရင်၊ တစ်ခါတည်း ထွက်တယ်ဆိုတာမရှိဘူး။ ကားပေါ်မှာ ခရီးသည်တွေ စုတင်၊ ခရီးသည်အားလုံးပြည့်မှ ကားကထွက်တတ်တာမျိုး။ ဥပမာ ကျွန်တော်က တောင်ဒဂုံဆို၊ သုဝဏ္ဏ၊ သာကေတ စသည်ဖြင့် ခရီးသည်တွေ စောင့်သေးတာ။ အဲဒီလိုမျိုးဆို ကားကတော်ယုံမထွက်။ ကိုယ်လည်း ငုတ်တုတ်။ ထွက်ပြန်တော့လည်း ခရီးသည်ပတ်ပို့နေတာနဲ့တင် ကိုယ့်အိမ်ကိုတော်ရုံမရောက်နိုင်တော့ဘူး။

အခုက မိုးလည်းချုပ်နေပြီ။ ကိုယ်တိုင်ကလည်း အိမ်အမြန်ပြန်ချင်နေတာမို့ ကားကိုတစ်ယောက်ထဲငှားဖို့ ဆုံးဖြတ်လိုက်တယ်။ ပါလာတဲ့ ပစ္စည်းကလည်း များတာကိုး။

“ရှစ်ထောင်တော့ပေးရမယ် ညီလေး”

“ရှစ်ထောင်”

အမှန်တော့ ဒီခရီးနဲ့ ဒီခရီးကို ရှစ်ထောင် တောင်းလွန်းတာ အလွန်များပါတယ်။ သွားနေကျဆို ခြောက်ထောင်ပါပဲ။ စုပေါင်းတင်ရင် လေးထောင်လောက်နဲ့လည်း ရပါတယ်။ ဒါပေမဲ့ အိမ် လွမ်းစိတ် ဖိသိပ်နေတာနဲ့ပဲ။

“ကျွန်တော် ဈေးမဆစ်ဘူး၊ ဒါပေမဲ့ လမ်းမှာတော့ တစ်ယောက်မှမတင်နဲ့”

“အိုကေ၊ အိုကေ... ဘယ်ကားအလှည့်လဲ ဟေ့”

သူတို့ဆီမှာလည်း ကိုယ်စီးချင်တဲ့ကားစီးလို့ မရဘူး။ အလှည့်ကျကားကို တင်ပေးတာ။

“ဒီမှာ... ဒီမှာ ဒီကိုလာ”

ကျွန်တော် စီးရတဲ့ကားသမားကို ကြည့်လိုက်တော့ အခြေအနေက သိပ်မဟန်ဘူး။ အနည်းငယ် မူးနေပုံရပါတယ်။

စိတ်ထဲမှာထင့်ခနဲဖြစ်သွားပါတယ်။ အမှန်တော့ မူးနေတဲ့သူမောင်းတဲ့ကားကို မစီးရဲတာ အမှန်ပါပဲ။ ဒါပေမဲ့

“ဘာမှ မဖြစ်ပါဘူးလေ”

ဆိုတဲ့ စိတ်နဲ့ကားပေါ်ပစ္စည်းတွေ တင်လိုက်ပါတယ်။ ပစ္စည်းတွေတင်ပြီးတော့

“အရှေ့ခန်းကထိုင် ညီလေး”

ဒီမှာ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးခံစားရပါတယ်။ ကျွန်တော်က ကားစီးရင် ဘယ်တော့မှ အရှေ့ခန်းက စီးလေ့မရှိပါဘူး။ ကျွန်တော်နဲ့ ခရီးသွားနေကျ “ညီမင်းညို”ဆို အမြဲပြောလေ့ရှိပါ တယ်။

“ကိုကြည်က ကားစီးရင် အနောက်ခန်းကပဲ စီးတယ်။ ဘာလို့လဲသိလား။ အရှေ့ကစီးတာ သက်တော်စောင့်တွေပဲ စီးတာလေ”

ဟုတ်ပါတယ်။ ကျွန်တော်က ကားစီးရင် ဘယ်တော့မှ အရှေ့မှာ ထိုင်စီးလေ့မရှိပါဘူး။ အန္တရာယ်များတာတစ်ကြောင်း ထိုင်ရတာမလွတ်လပ်တာတစ်ကြောင်းကြောင့် ရှေ့ခန်းကစီးလေ့ မရှိပါဘူး။

ဒါပေမဲ့ အိမ်ပြန်ချင်စိတ် စိုးမိုးနေတာနဲ့ပဲ၊ ကားရှေ့ခန်းက ထိုင်လိုက်ပါတယ်။ ကားမောင်းထွက်လိုက်တာနဲ့ အခြေအနေမကောင်းဘူးဆိုတာ သိလိုက်ရပါတယ်။ ကားကို ကျွမ်းကျင်စွာမောင်းတတ်သူမဟုတ်မှန်း အတွေ့အကြုံအရသိပါတယ်။ ဒီကြားထဲ မူးနေတော့ပိုဆိုးပေါ့။ ယိုင်ထိုးယိုင်ထိုးနဲ့ ထွက်လာပါတယ်။

နောက်ပိုဆိုးတာက သူမောင်းတာ ကျွန်တော် မသိတဲ့လမ်းဖြစ်နေတာပါပဲ။ ဒါနဲ့ပဲ... 

“ဟေ့လူ၊ ဘယ်လမ်းက မောင်းနေတာလဲ”

ကျွန်တော့်အမေးက ကားဆရာ

“ရေဝေးသုဿန်လမ်းဗျ၊ ဟိုဘက်က ကားပိတ်လို့”

ခပ်ရှင်းရှင်းပြောရင် ကျွန်တော်အတော်လန့်ေ နပါပြီ။ ဒါကို ကားဆရာက ကားမောင်းရင်း ဖုန်းထုတ်ဆက်ပါတယ်။

“ပါလာတယ်၊ လိုက်မလား”

ဆိုတာနဲ့ ကျွန်တော်က

“ဟေ့လူ၊ ကျုပ်ငှားခဲ့ကတည်းက တခြားလူ မတင်နဲ့လို့ပြောပြီး ငှားထားပြီးသား တခြားလူတင်   ရင် ကျုပ်ဆင်းမှ”

ကျွန်တော့်စကားကို ကားဆရာက

“တခြားလူမဟုတ်ပါဘူး။ ကျွန်တော့်ဦးလေး ပါ။ အဖော်ရအောင်ခေါ်တာပါ”

ဒီမှာ ကျွန်တော်အတော်လန့်နေပါပြီ။

ဘာလို့လဲဆိုတော့ ကျွန်တော်ထိုင်နေရတာ ရှေ့ခန်း။ နောက်လူတစ်ယောက်ခေါ်တင်ပြီဆို၊ အဲ့ဒီလူက သေချာပေါက် ကျွန်တော့်အနောက်က ထိုင်မှာပဲ။ သူသာ အနောက်ကထိုင်ရင် ကျွန်တော့်လုံခြုံရေးအတွက် စိတ်မချရတော့ဘူးလေ။ အနောက် က ဓါးနဲ့ထိုးသွားရင် ဘယ်လိုလုပ်မလဲ။

“ဟေ့လူ ဘယ်သူ့မှမတင်နဲ့နော်။ တင်ရင် ကျုပ်ဆင်းမှာ”

ကားဆရာက ကျွန်တော်ဘက်လှည့်ကြည့်ပြီး...

“ဦးလေးလည်း မအားလို့ မလိုက်ပါဘူးတဲ့ဗျာ။ ညီလေးက စိတ်မပူပါနဲ့”

ဒီတော့မှ ကျွန်တော်လည်း သက်ပြင်းချမိတယ်။ ဟုတ်တယ်လေ၊ တစ်ယောက်တစ်ယောက်ချင်းက သိပ်ကိစ္စမရှိဘူး၊ ရှင်းလို့ရတယ်။ ရှင်းလို့ ရဲတယ်လေ။ နှစ်ယောက်တစ်ယောက်မှသာ ကိုယ်ခံရမှာ။

သက်ပြင်းချလို့ မဆုံးခင် ကားဆရာက ဖုန်းထပ်ဆက်တယ်။

“အေး မိန်းမရေ။ ကိုယ် တောင်ဒဂုံဘက် ပါစင်ဂျာရလို့၊ အဲဒါကြုံတုန်း မင်းအမေတို့ဆီ ဝင်လည်မလားလို့ ကိုယ်လာဝင်ခေါ်မယ်”

သွားပြီမှန်း ကျွန်တော်သိလိုက်တယ်။ ဒီခရီးက ကျွန်တော်သက်တောင့်သက်သာ အိမ်ပြန်ရောက်မယ့် ခရီးမဟုတ်မှန်း သိလိုက်တယ်။

“ဒါပဲနော်၊ လမ်းထိပ်မှာစောင့်နေ၊ ကိုယ် အခု ဝင်လာမယ်”

ဆိုပြီး ဖုန်းချသွားတယ်။ ပြီးတော့ ကျွန်တော့် ဖက်လှည့်ပြီး..

“တစ်ယောက်ထဲ ကားမောင်းရမှာ ပျင်းလို့ ပါဗျာ။ မိန်းမ မိဘတွေကလည်း တောင်ဒဂုံလေး ဆယ့်ခြောက်မှာ သူလည်းမရောက်တာကြာပြီ။ အဲဒါကြုံတုန်း မိန်းမကို ယောက္ခမအိမ်ပို့ပေးချင် လို့”

ကျွန်တော်ဘာမှကို မပြောချင်တော့ဘူး။ အတော်ကလေးကို စိတ်ပျက်သွားမိတာတော့ အ မှန်ပဲ။ စဉ်းစားကြည့်လေ အမြန်လည်းလိုချင် အေးဆေးလည်းသွားချင်လို့ ကားစီးလုံးငှားစီးတာ ဦးလေးခေါ်လိုက်၊ မိန်းမခေါ်လိုက် လုပ်နေတာ။

“ခင်ဗျား မိန်းမလာရင် ကျုပ်အနောက်ကပဲ စီးမယ်ဗျာ”

“ရပါတယ်။ အရှေ့ကပဲ အေးဆေးလိုက်ပါ”

“အင်”

မိန်းမခေါ်ထားပြီး မိန်းမကိုရှေ့ခုံမှာ မထားဘူးဆိုတော့ စဉ်းစားစရာ။ နောက်တကယ် သူထိုးဆိုက်ရာကြည့်လိုက်တော့...

“ဟာ”

“ယောက်ျားရေ အဖိုးအိမ်သွားမယ်ဆိုတော့ ကလေးတွေကပါ လိုက်ချင်လို့တဲ့”

“ဟာ... ဒါ ဒါတွေက”

ကြည့်လိုက်တော့ မိန်းမတစ်ယောက်၊ ကလေးက လေးယောက်၊ ခါးထစ်ခွင်တောင်ပါသေး။ ကားဆရာကတော့ အေးဆေးပဲ။

“အေးလေ။ သူတို့အဖိုး မတွေ့တာကြာတော့ တွေ့ချင်မှာပေါ့၊ လာကားပေါ်တက်ကြ”

ဝရုန်းသုန်းကားနဲ့ ကားပေါ်တက်လာကြတယ်။ ကားပေါ်ရောက်တော့...

“ဟာ... မုန့်တွေ မုန့်တွေ ဖေကြီးမုန့်တွေလား”

ကျွန်တော် လက်ဆောင်ရထားတဲ့ မုန့်တွေ မြင်တော့ ပြဿနာစတာပဲ။ မူးသာမူးနေတာ ကားဆရာကပြောတယ်။

“အာ၊ အဲ့ဒါက ငါဝယ်ထားတာ မဟုတ်ဘူး။ ပါဆင်ဂျာက ပါလာတာ”

“မရဘူး၊ မရဘူး သားတစ်ထုပ်စားမယ်”

“သားကိုလည်း တစ်ထုပ်”

“သမီးလည်း ယူပေး”

“ဝါး”
စသည်ဖြင့် လက်ဆောင်ရတဲ့ မုန့်တွေနဲ့ ပွဲတော်ကျကုန်တာ။ ဒီကြားထဲ ရင်ခွင်ပိုက်ကလေးက ကျွန်တော့်ဆံပင် လှမ်းလှမ်းဆွဲပြီး မဆွဲရရင် သံကုန်ခြစ်ငိုတော့တာ။

“မေမေ သားရှူးပေါက်ချင်တယ်”

“အာ၊ ကားမောင်းနေတာ ဘယ်လိုပေါက်လို့ ဖြစ်မှာလဲ”

“မိန်းမရယ်၊ ဘောင်းဘီချွတ်ပေးလိုက်၊ ကားပေါ်မှာပဲ ပေါက်ပါစေ... ကလေးပဲ”

ဒါတော့ ကျွန်တော်လက်မခံနိုင်ဘူး။

“ဟေ့လူ ကားပေါ်မှာပေါက်လို့ ဖြစ်မလားဗျ။ လမ်းဘေးရပ်ပေးလိုက်ပေါ့”

ကားဆရာက ခပ်တည်တည်ပဲ ကားကိုဘေး ထိုးချလိုက်တယ်။

“ကဲကဲ... မြန်မြန်ပေါက် မှောင်နေပြီ”

“ဟေး”

ကလေးအားလုံး ကားပေါ်ကဆင်းပြီး သေးပွဲတော်တည်ကြတာ။

“တွေ့လား၊ ငါပေါက်တာ ပိုဝေးတယ်”

“ခုနက ငါဝေးပါတယ်”

အောင်မာ သေးပေါက်တာတောင် အဝေးပြိုင်နေသေး။

“ဟေ့ကောင်တွေ မပြီးသေးဘူးလား”

“ပြီးပြီ ဖေဖေ”

ကားပေါ် ဝရုန်းသုန်းကားနဲ့ ပြန်ပြေးတက်လာတယ်။ ကားလေးက ကျွန်တော်အပါအ၀င် မိသားစုတစ်စုတင်ပြီး ယိုင်ထိုးယိုင်ထိုးနဲ့ မောင်းထွက်လာပြန်တယ်။

ငိုသံတွေ၊ ဆူညံသံတွေ ငေါက်ငမ်းသံတွေနဲ့ ဝေဆာနေတာပေါ့။

တစ်ယောက်ဆို ကျွန်တော့်ဆံပင်ကိုဆွဲပြီး

“ယောက်ျားလေးဖြစ်ပြီး ဆံပင်ရှည်ကြီးနဲ့”

ဆိုလို့ ဒက်ရှ်ဘုတ်ပေါ် ခေါင်းငုံ့ထားရတယ်။ အဲဒီအချိန်မှာပဲ။ 

“ဟေ... အရှေ့ကဘာလဲ”

ကားဆရာအသံကြောင့် ကြည့်လိုက်တော့

“ဟင်”

လမ်းပေါ်မှာ လူတွေ ရှုပ်နေတယ်။ လမ်းဘေးမှာလည်း ဆိုင်တွေအပြည့်။

“ဘုရားပွဲဈေးဟ”

ဖြစ်ချင်တော့ မြောက်ဒဂုံ အဖြတ်လမ်းမှာ ဘုရားပွဲဈေးကြီးနဲ့ တည့်တည့်ကိုကြုံတာ။

အဲဒီမှာတင် သေချင်းဆိုးလေးတွေက တစ်စခန်းထပြန်ရော။

“ဟေး... ဘုရားပွဲဈေးလည်မယ်၊ လည်မယ်”

“ရေမုန့်စားချင်တယ်၊ ရေမုန့်စားချင်တယ်”

“သားက မုန့်ပြားသလက်”

စသည်ဖြင့် ဖြစ်ကုန်ရော။ ဒါကို ကားဆရာ မိန်းမက

“ယောက်ျား ကလေးတွေက ဘုရားပွဲဈေး မုန့်စားချင်လို့”

မိသားစုအတွက် အင်မတန်စိတ်ကောင်းတဲ့ ကားဆရာက

“အာ၊ ဒီကလေးတွေက တစ်မှောင့်၊ ပါဆင်ဂျာပါလာတယ်ဆိုမှ ကဲ... ကဲ... သွားသွား မုန့်ဝယ်ပြီး အမြန်ပြန်လာ”

“ဟေး”

ဝရုန်းသုန်းကားနဲ့ ကလေးတစ်သိုက် ပြေးဆင်းသွားကြတယ်။

“ယောက်ျား၊ ကလေးတွေ မုန့်စားဖို့မုန့်ဖိုး”

ကားဆရာက သူ့အိပ်သူစမ်းပြီး

“အာ၊ အခုမှ ဈေးဦးပေါက်တာ။ ညီလေး ကားခလေးနည်းနည်းလောက်”

ဆိုပြီး တောင်းတော့ ကျွန်တော်လည်း ယောင်ယောင်ကမ်းကမ်းနဲ့ နှိုက်လိုက်တာ ငါးထောင်တန် တစ်ရွက်ထွက်လာတယ်။ ထပ်ရှာတယ်၊ ငါးထောင်တန်တွေချည်း ဖြစ်နေတယ်။ ထောင်တန်မတွေ့ဘူး၊ ဒါနဲ့ပဲ

“ယူသွားဗျာ”

ဆိုပြီး ငါးထောင်တန်ပဲ ထိုးပေးလိုက်ရတယ်

“ဟေး”

“ရေမုန့်စားမယ်ကွ”

“မုန့်ပြားသလက်ကွ”

ဆိုပြီး ကလေးတစ်သိုက် ဘုရားပွဲဈေးထဲ ပြေးဝင်သွားတယ်။

“ဟေ့၊ မြန်မြန်ပြန်လာနော်၊ ပါဆင်ဂျာပါတယ်”

ကားဆရာရဲ့အော်သံ၊ သူ့မိန်းမနဲ့ ကလေးကတော့ လှည့်တောင်မကြည့်ဘူး။ ကားလေးက ဘုရားပွဲဈေးမှာ ငုတ်တုတ်။ အနောက်ကို ပြန်ကြည့်တော့ လက်ဆောင်ရထားတာတွေလည်း ပွ ပြဲနေပြီ။

ကားခကလည်း ငါးထောင်ပေးပြီးသွားပြီ။

“ဒီမိန်းမ အမြန်ပြန်လာပါဆိုကွာ။ ပါဆင်ဂျာပါတာသိရဲ့သားနဲ့”

ကားဆရာရဲ့ “ညည်းတွားသံ”

စိတ်ကို လျှော့ထားလိုက်ပါတယ်။

“အေးလေ... ငါ့အိမ်က ထွက်မပြေးတတ်ပါဘူး။ ဘယ်အချိန်ရောက်ရောက်ပေါ့”

ဘုရားပွဲဈေးက ပျော်ရွှင်စွာအော်ဟစ်သံများ အမှတ်မထင်ကြည့်လိုက်တော့ ဘုရားပွဲဈေး ခြား ရဟတ်ပေါ်မှာ ပျော်နေတဲ့ ကားဆရာမိသားစု...။