မေတို့အိမ်လေးသာယာစေမယ့် နည်းလမ်း (၉)သွယ်…

မိခင်ဘ၀နဲ့ တစ်ဖက်ကလည်း အလုပ်ထွက်လုပ်ရတဲ့ အိမ်သူသက်ထားတွေဟာ အချိန်ပြည့် လှုပ်ရှားနေရတဲ့ စက်ရုပ်လိုပါပဲ။ အလုပ်အတွက်၊ ကိုယ့်ကလေးတွေအတွက် ရှိရှိသမျှ စွမ်းအင်တွေ အကုန်လုံး ညှစ်ထုတ်သုံးစွဲပြီးတဲ့အခါ ကိုယ့်ခင်ပွန်း
သည်အတွက် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ မစဉ်းစားနိုင်အောင် ဖြစ်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုဖြစ်နေတဲ့ အိမ်သူတွေအတွက် အကြံဉာဏ်လေးတွေ နည်းပေးလမ်းပြသွားမှာပါ။ 
နည်းလမ်းကတော့ (၉) ခုတည်းပါ။

၁။ ပွစိတာတွေရပ်ပြီး နားထောင်ပေးပါ…
အလုပ်များတဲ့ အိမ်ရှင်မတွေဟာ စကားလည်းများလာတတ်ပါတယ်။ ဘာကြောင့် နားထောင်ခြင်းအနုပညာကို မခံစားနိုင်တာလဲဆိုတာ စဉ်းစားစရာပါ။ ကိုယ်ကချည်း ပြောမနေပါနဲ့။ ခင်ပွန်းဖြစ်သူက သူ့အလုပ်အကြောင်းပြောတဲ့အခါ ဖန်တစ်ရာတေနေသည့်တိုင် နားထောင်ပေးပါ။ ပျင်းစရာကောင်းနေလည်း နားထောင်ပေးပါ။ သူ့အလုပ်ဟာ သူ့ကမ္ဘာဖြစ်တဲ့အတွက် လေးလေးနက်နက်ကို နားထောင်ပေးလိုက်ပါ။ ကိုယ်ကချည်း ပြောနေတာမဟုတ်ဘဲ သူ့ကိုလည်း ပြောခွင့်ပေး
လိုက်တဲ့အခါ အိမ်လေးထဲက အပြန်အလှန် စကားသံတွေဟာ သာသာယာယာဖြစ်လာပါလိမ့်မယ်။ 

၂။ သူစိတ်ဝင်စားရာကို ကိုယ်လည်းဝင်စားနိုင် ဖို့ ကြိုးစားပါ…
နှာခေါင်း မရှုံ့လိုက်ပါနဲ့။ ဘယ်နှယ်... မိန်းမနဲ့ ယောက်ျား စိတ်ဝင်စားရာ တူမလားလို့လည်း မေးခွန်းမထုတ်လိုက်ပါနဲ့။ ဆိုကြပါစို့။ ယောက်ျားက ကားအကြောင်းစိတ်ဝင်စားလို့ ဒါကိုပြောနေလည်း သင်က စိတ်မဝင်စားလို့ အင်းလည်းမလုပ်၊ အဲလည်းမလုပ်တဲ့အခါ ပြောတဲ့သူမှာရော၊ နားထောင် တဲ့သူမှာပါ သောကတွေများလာတတ်ပါတယ်။ ဒီတော့ ဘာလုပ်သင့်လဲ။ သူပြောတဲ့အကြောင်း အရာပေါ်မှာ မေးခွန်းလေးတွေ ပြန်မေးကြည့်လိုက်ပါ။ ကိုယ်နားမလည်တာတွေက ဘာဆို
တာကို ပြောလိုက်ပါ။ ဒါဟာ သူ့စိတ်ဝင်စားရာကို ကိုယ်လည်း စိတ်ဝင်စားကြောင်းပြလိုက်တာပါ။ ဒီလိုဆိုရင် မေတို့အိမ်လေး အရင်ကထက် နွေးထွေးလာမှာပါ။

၃။ အိမ်ထောင်ရေးဟာ ပြိုင်ပွဲပါ… (တိုက်ခိုက် စရာတော့မဟုတ်ပါ) 
အိမ်ထောင်ရေးဟာ သမီးရည်းစားဘ၀တုန်းက ပန်းခြံထဲလမ်းချင်းတွဲပြီး လမ်းလျှောက်နေရတာလို့ သာသာယာယာမဟုတ်တာတော့ အသေအချာပါပဲ။ သူဟာ ကိုယ့်ခင်ပွန်းဖြစ်သွားတာကြောင့် ကိုယ်ကသူ့ကို ပိုင်ပြီ။ ရည်းစားဘဝတုန်းကလို ဟို ကောင်မလေး မကြည့်ရ၊ ဒီ ကောင်မလေးကို မငေးရဆိုတာတွေ မလုပ်တော့ဘူး ကြည့်ချင်ရာကြည့်၊ ငေးချင်ရာငေးလို့ မတွေးလိုက်ပါနဲ့။ အဲဒီလိုတွေးမယ့်အစား သူလိုအပ်နေတာက ဘာတွေလဲဆိုတာကိုလေ့လာပါ။ ဘယ်လိုအချိန်မျိုးက ပုံစံအတိုင်းလဲဆိုရင်တော့ ရည်းစားဘဝတုန်းက ကိုယ်ဘယ်လိုလေး ပြောဆိုပြုမူလိုက်ရင် သူ့အချစ်တွေ တိုးသွားမလဲလို့ စဉ်းစားပြီး ကိုယ်ပြုမူပြောဆိုသလိုမျိုးပဲ နေထိုင်ပါ။ ဒါဆိုရင် မေတို့အိမ်လေး ပျင်းစရာမကောင်းမှာ အသေအချာပါ။

၎။ အချိန်ကလေးနည်းနည်းပေးပါ…
ဘယ်လောက်ပဲ အလုပ်များများ ဖုန်းကနေ စာတိုလေးတစ်စောင်ပို့ဖို့တော့ အချိန်ရှိမှာပါ။ အလုပ်ချိန်အတွင်း တစ်နေ့မှာ တစ်ကြိမ်လောက်တော့ ကိုယ့် အမျိုးသားဆီ စာတိုလေးတစ်စောင် ပို့ဖြစ်အောင်ပို့ပါ။ စက္ကန့်ပိုင်းလောက်ပဲ အချိန်ပေးရမှာပါ။ ဘယ်လိုစာမျိုး ပို့ရမလဲဆိုရင်တော့ ချိုချိုသာသာလေး၊ ဖတ်လိုက်တာနဲ့ ပြုံးမိသွားစေမယ့် စာမျိုးလေးပါပဲ။ အကျိုးကျေးဇူးက ဘာဖြစ်မလဲဆိုရင်တော့ သူ့စိတ်ထဲမှာ မိန်းမက အလုပ်များနေတာတောင် ငါ့အကြောင်းတော့ ခေါင်းထဲရှိသားပဲ ဆိုတာမျိုးခံစားသွားစေဖို့ပါ။ ရည်းစားဘဝတုန်းက တီတီတာတာစကားလေးတွေ ပြန်ပြောင်း စဉ်းစားကြည့်ပေါ့။ ဒီလိုဆိုရင် မေတို့ အိမ်လေးမှာ ကြည်နူးအပြုံးလေးတွေ ဝေနေမှာပါ။ တစ်ခု သတိချပ်ရမှာက စာတိုမပို့ခင်မှာ ကိုယ့်ပို့မယ့်သူဟာ ကိုယ့်ခင်ပွန်းရဲ့ ဖုန်းနံပါတ်ဖြစ်ရဲ့လားဆိုတာ ပါပဲ။

၅။ သူ့အကြောင်း မကောင်းမပြောနဲ့…
သူ့မကောင်းကြောင်း သူ့ကိုလည်းမပြောနဲ့။ သင့်သူငယ်ချင်းတွေကိုလည်း မပြောနဲ့။ နောက်သလိုပြောင်သလိုတောင် မပြောမိစေနဲ့။ အစိုင်    အခဲကြီးကြီးမားမားတွေဟာ သဲမှုန်သဲပွင့်လေးတွေကနေ စတင်ဖြစ်ပေါ်လာတတ်တာပါ။ သူ့အိမ်သူ
က သူ့အပေါ် မကောင်းမြင်နေတယ်ဆိုတာ သူ့မသိစိတ်ထဲကိုတောင် ထည့်မပေးမိပါစေနဲ့။ ဒီလိုဆိုရင် မေတို့အိမ်လေး ရယ်မောသံလေးတွေနဲ့ ဝေစည်နေမှာပါ။

၆။ အိမ်ထောင်ရေးဟာ လမ်းဆုံဖြစ်ပေမဲ့ သင့်ကိုသင်သာ ပြောင်းလဲရမှာပါ…
ဒီအောင်ထောင်ရေးအောင်မြင်ဖို့ ကိုယ်ကစပြီးပြောင်းပစ်နိုင်တဲ့ အိမ်သူသက်ထားဟာ စူပါအိမ်သူတစ်ယောက်ပါ။ ကိုယ့်ပုံစံကို ပြောင်းလဲပစ်ဖို့ဆိုတာ နည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ ဒီ  တော့ ကိုယ့်ရဲ့ ပျောင့်ပျောင်းတဲ့သဘောထားကို ကိုယ့်ခင်ပွန်းက သိလာပြီး မေတို့အိမ်လေးမှာ နားလည်မှုတွေ နဲ့ ပျော်စရာကောင်းလာမှာပါ။

၇။ မှားခွင့်ပေးလိုက်ပါ…
ကြီးမားတဲ့အမှားမဟုတ်ရင် မှားခွင့်ပေးလိုက်ပါ။ မှားခွင့်ပေးခြင်းဟာ သင့်သတ္တိကို ဖော်ပြခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ထပ်ပြောပါရစေ။ အိမ်ထောင်ရေးဟာ ပြိုင်ပွဲမဟုတ်ပါဘူး။ အဲဒီတော့ ဘယ်သူက ဘယ်လောက်မှန်လို့ အမှတ်များများရပြီး ဘယ်သူကတော့ ဘယ်လောက်မှားလို့ အမှတ်နည်းနေတယ်ဆိုတာမျိုး မရှိပါဘူး။ မေတို့ အိမ်လေးမှာ အမှတ်အနည်းအများတွေ မရှိကြေးပေါ့။

၈။ ဆံပင်ပုံအသစ်၊ အ၀တ်အစားအသစ်တွေအတွက် အောပစ်လိုက်ပါ…
အိမ်ရှင်မတွေ သိပ်ကပ်စေးမနဲပါနဲ့တဲ့။ ဆံပင်ပုံစံအသစ်၊ အ၀တ်အစားအသစ်တွေကို တစ်ခါတရံဈေးကြီးပေးပြီး ကောင်းကောင်းလုပ်လိုက်ပါ။ ကိုယ့်ခင်ပွန်းက ငါ့အိမ်သူလေးက အလှတွေ ကျန်ပါသေးလားဆိုတာ သတိရအောင် ပိုက်ဆံအောသင့်ရင် အောချလိုက်ပါ။ ဒီလိုလုပ်လိုက်လို့ ကိုယ်တိုင်မှာလည်း ယုံကြည်မှုတွေ တိုးလာနိုင်တာကတော့ အပိုဆုပေါ့။ မှန်တွေကို လှည့်မကြည့်ချင်ဖြစ်မနေပါနဲ့။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုကြည့်ရင်း ယုံယုံကြည်ကြည်ပဲ ပြုံးပြလိုက်ပါ။ အဲဒီ့ ယုံကြည်မှုရှိတဲ့ အပြုံးကြောင့် သင့်ခင်ပွန်းက သင့်ကို ပိုကြည့်ကောင်းတယ်လို့ ထင်မှတ်စေပါတယ်။ ဒါမှလည်း မေတို့အိမ်လေး သွေ့ခြောက် မနေတော့မှာ။

၉။ အိပ်မက်အတူမက်ပါ…
အိပ်နေရင်းမက်တဲ့ အိပ်မက်မဟုတ်တာတော့သိကြမှာပါ။ ဆိုလိုတာက ရည်မှန်းချက်ကို တူတူသွားကြည့်ပါတဲ့။ အတူတူထားကြတဲ့ ရည်မှန်းချက်တွေဟာ အိမ်ထောင်ရေးမှာ ဖြစ်လာတတ်တဲ့ မုန်တိုင်းထန်တဲ့ နေ့ရက်တွေကို လက်တွဲကျော်ဖြတ်နိုင်တဲ့ အင်အားကိုဖြစ်စေပါတယ်။ ဒီနေရာမှာ နှစ်တိုရည်မှန်းချက်ထက် နှစ်ရှည်ရည်မှန်းချက်လို၊ နှစ်ပေါင်းများစွာ အစီအစဉ်ချပြီး အကောင်အထည်ဖော်ရတဲ့ ရည်မှန်းချက်လိုမျိုးက (ဥပမာ- ကမ္ဘာပတ်မယ်) ပိုကောင်းတဲ့ အိပ်မက်ပါ။ အိပ်မက်တွေနဲ့ မေတို့အိမ်လေး ပိုပြီး ချိုမြနေတော့မှာ အမှန်ပါ။