အိမ်ထောင်ရေး ပိုမိုသာယာခိုင်မြဲဖို့ အဖြေရှာကြရာဝယ်

အပြုသဘောဆောင်တဲ့ အိမ်ထောင်ရေး ပဋိပက္ခတွေဟာ သင်နဲ့ သင့်အိမ်ထောင်ဖက်ကို ပိုမိုနက်ရှိုင်းတဲ့ နားလည်စာနာမှုတွေ ဘယ်လို သယ်ဆောင်လာပေးသလဲဆိုတာ.....

အပြုသဘောဆောင်တဲ့  အိမ်ထောင်ရေး ပဋိပက္ခ တွေရဲ့ စွမ်းအား
အိမ်ထောင်ရေးတိုင်းမှာ ပဋိပက္ခဆိုတာ အနည်းနဲ့ အများရှိသလို လိုလည်းလိုအပ်ပါတယ်။ ပဋိပက္ခလို့ပြောလိုက်ရင် လူတိုင်းက စိတ်ပျက်စရာ အကြောင်းအရာတွေပါဆိုပြီး ရှောင်ဖယ်သွားတတ်ကြပါတယ်။ ဒါကလည်း စာဖတ်သူတို့ရဲ့ နှလုံးသား
ကို နာကျင်စေခဲ့တဲ့ အတိတ်က အဖြစ်အပျက်တွေကြောင့် ဒီလို ရှောင်ဖယ်သွားကြတာ ဖြစ်ပါတယ်။  တကယ်တော့  အိမ်ထောင်ရယ်လို့ ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူနဲ့ အငြင်းအခုန်တွေ၊ စကားနိုင်လု အနိုင်ယူမှုတွေ၊ ကိုယ်ဖြစ်ချင်သလို သူလိုက်လုပ်မပေးဘူးလားဆိုတဲ့ ဘဝင်မကျမှု အနည်းနဲ့အများ ဒွန်တွဲနေတတ်ပါတယ်။ 

ပဋိပက္ခ... အလှတရား သို့မဟုတ် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ
ဒီနေ့အချိန်အထိ စာဖတ်သူတို့ရဲ့ အိမ်ထောင်ရေးဟာ ကတောက်ကဆလေးတွေနဲ့ နပမ်းလုံးနေရတာဖြစ်နိုင်သလို တို့လင်မယားက တစ်ခါမှ  ရန်မဖြစ်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုတော့ အတိတ်နဲ့ လက်ရှိကာလ အတွေ့အကြုံတွေအရ စာဖတ်သူအနေနဲ့ အိမ်ထောင်ရေးမှာ ကတောက်ကဆ ပဋိပက္ခကို ဘယ်လိုရှုမြင် သုံးသပ်ပါသလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။

အနုတ် လက္ခဏာလည်းဖြစ်နိုင်သလို  အပေါင်း လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခဆိုတာ သာယာလှပတဲ့ အိမ်ထောင်ရေးအဖြစ် ဦးတည်သွားနိုင်သလို အကိုင်မတော်ရင် ကိုယ့်ကိုတစ်စစီ ကိုက်စားဝါးမျိုပစ်မယ့် သားရဲလည်း ဖြစ်သွားနိုင်ပါတယ်။

အနုတ်လက္ခဏာတွေကို ဖြစ်ပေါ်စေတာကတော့ အိမ်ထောင်ရေးမှာ စိတ်ထဲက မတင်မကျအရာတွေ ရှိနေပေမယ့် စာဖတ်သူတို့က ဒီအရာတွေကို မသိကျိုးကျွန်ပြုနေမယ်ဆိုရင် တစ်ဖြည်းဖြည်းနဲ့ အလုံးအကျိတ်အခဲတွေ ကြီးထွားလာနိုင်ပြီး အိမ်ထောင်ရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးက ထိရှ ပြတ်ရှ လွယ်ပါတယ်။

အိမ်ထောင်သည် အများစုဟာ စိတ်သဘောထား မတိုက်ဆိုင်မှုတွေကို ရင်ဆိုင်ဖြေရှင်းရမှာကို ကြောက်ရွံ့ပါတယ်။ စိတ်မောလူမော ဖြစ်စေတယ်ဆိုပြီး ရင်ထဲမှာပဲ မျိုသိပ်သိမ်းဆည်းထားပါတယ်။ ဒီလို သိမ်းဆည်းထားတာဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ပါဘူး။ သိမ်းဆည်းတာတွေ များလာတဲ့ ရင် မီးတောင်တစ်ခုလို ပွင့်အန်လာတဲ့အခါ အိမ်ထောင်ဖက် မိသားစုကို စွန့်ခွာခြင်းဆိုတဲ့ အပျက်ကိန်းကို ရောက်ရှိလာစေပါတယ်။

ပဋိပက္ခကို ကောင်းစွာကိုယ်တွယ် မဖြေရှင်းနိုင်ခြင်းဟာလည်း အိမ်ထောင်ဖက်အနေနဲ့ ချောက်ကမ်းပါးမေး လမ်းလျှောက်နေရသလို  မလုံခြုံတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်လုံခြုံမှု မရှိတဲ့အခါ နှလုံးသားကိုသော့ခတ် အိမ်ထောင်ဖက်နဲ့ ခပ်ခွာခွာနေတတ်လာကြပြီး မာကျောတဲ့ ကျောက်စိုင်ကျောက်ခဲ နှလုံးသားကို ပုံဖော်လာကြပါတယ်. ဒါကြောင့် ကမ္ဘာကျော် အိမ်ထောင်ရေး ကျွမ်းကျင်ပညာရှင်တွေက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကို အပြုသဘောဆောင်တဲ့ ကိုင်တွယ်ဖြေရှင်းခြင်းဟာ အိမ်ထောင်ရေး ဆက်လက်တည်မြဲဖို့ အဓိက သော့ချက်လို့ ပြောကြပါတယ်။

အိမ်ထောင်သည်တိုင်း သိထားရမယ့် လပ်ဖ်အကြောင်း 
စာဖတ်သူတို့အနေနဲ့ အိမ်ထောင်ရေး ပိုမိုသာယာခိုင်မြဲဖို့ အဖုအထစ်လေးတွေ ရှောင်ရှားနိုင်ဖို့ ကျင့်သုံးသင့်တဲ့ နောက်ဆင့် ခြေလှမ်းကတော့ L.U.V.E  လပ်ဖ် ဆိုတဲ့ စကားစုပါပဲ။

Listen (နားထောင်ခြင်း)
ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကိုပြောတော့ ပြောနေတာပဲ။ သူ့ပါးစပ်လှုပ်ပြီး ကိုယ့်ဘက်တော့ ကြည့်နေတာပဲ။ ကိုယ်ကလည်း သူ့ကိုကြည့်နေတာပဲ။ ဒါပေမယ့် ကိုယ့်အာရုံနဲ့ကို သူဘာတွေ ပြောမှန်းမသိ ခေါင်းထဲရောက်မသွားတဲ့အဖြစ်တွေ ခဏခဏ ရှိပါတယ်။ စာဖတ်သူတို့ ဆက်သွယ်စကားပြောဆိုမှုရဲ့ ၇ဝ ရာခိုင်နှုန်းလောက်ကတော့ အာရုံစိုက် နားမထောင်လိုက်ဖြစ်ခြင်းကြောင့်  ဖြစ်ပေါ်လာတဲ့ နားလည်မှုလွဲခြင်းပါပဲ။

အသေအချာ အာရုံစိုက်နားထောင်ခြင်းဆိုတာ တစ်စုံတစ်ယောက်ကို  ကိုယ်ပေးနိုင်တဲ့အကောင်းဆုံး လက်ဆောင်မွန်တစ်ခုပါပဲ။ ဒါ့ကြောင့် အတွေးအခေါ်ပညာရှင် ပေါလ် တီလစ်ခ်ျက “အချစ်ဆိုတဲ့ အရာရဲ့ ပထမဆုံး တာဝန်ကတော့ ကိုယ့်ချစ်တဲ့သူရဲ့ ပြောစကားကို နားစိုက်ထောင်ခြင်းပါပဲ”

Understand (နားလည်ခြင်း)
ကိုယ့်ခံစားချက်ကို သူနားလည်ပေးအောင်၊ သူ့ခံစားချက်ကို ကိုယ်နားလည်အောင် ကြိုးစားရပါမယ်။ သူ့နေရာကနေပြီး နားလည်နိုင်အောင် ကြိုးစားပါ။

စာဖတ်သူတို့ အိမ်ထောင်ရေးမှာ အများဆုံး ကြုံတွေ့ရတာကတော့ “သူ့ဖက် ကိုယ့်ဖက်ပါပဲ” မင်းကတော့ မင်းမိဘကို ဘယ်လောက် ကန်တော့တယ်။ ငါ့ကျတော့ ဘယ်လောက်ပဲ ကန်တော့ရ မယ်။ မင်းကတော့ မင်းညီမတွေကို ဒီလောက်တန်ဝယ်ပေးတယ်။ င့ါညီမတွေကျ ဒီလောက်ပဲလား။ သူ့နေရာကနေပြီး နားလည်ပေးပါ။ သူ့ဖက် ကိုယ့်ဖက် မျှတပါစေ။

Validate (လက်ခံခြင်း)
ကိုယ့်စိတ်နဲ့မတူ ကိုယ့်ရန်သူလို့ မှတ်ယူမယ့်အစား ကိုယ့်ဇနီး၊ ခင်ပွန်းပြောတာဟာလည်း ကိုယ့်အတွက် အရေးကြီးတယ်၊ သူတို့ပြောတာကိုလည်း အလေးထား စဉ်းစားနေတယ်ဆိုတာကို သိအောင်  ပြပါ။ ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့် အိမ်ထောင်ဖက်ရဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုကို အသိအမှတ်ပြုခြင်း၊ အလေးထားလိုက် ခြင်းပါပဲ။  
 
Empathy (စာနာခြင်း)
စာနာခြင်းဆိုတာ တစ်ပါးသူရဲ့နေရာကနေ သူ့ မျက်လုံးနဲ့ မြင်၊ သူရဲ့ နားနဲ့ ကြား၊ သူ့ရဲ့ နှလုံးသားနဲ့ ခံစားခြင်းပါပဲ။ 

ကိုယ့်အိမ်ထောင်သည် ခင်ပွန်း၊ အမျိုးသမီး နေရာကနေ နေပြီး စာနာပေးခြင်းပါပဲ။ အိမ်ထောင်ဖက်အနေနဲ့ စိတ်ဒုက္ခတစ်ခုခု ကြုံရတိုင်း မင်းခံစားနေရတာတွေကို ကိုယ်သိပါတယ်။ ကိုယ်တိုင်လည်း နာကျင်ရပါတယ်ဆိုပြီး စိတ်ဝန်ထုတ်ဝန်ပိုးကိုအတူတကွ သယ်ဆောင်ခြင်း ဆိုတာပါပဲ။

တကယ်တော့ အိမ်ထောင်ကောင်းတစ်ခုဟာ ခွင့်လွှတ်နားလည်သူနှစ်ဦး ပေါင်းစပ်ထားခြင်းပါပဲ။
Ref:    Fight You Way to a Better Marriage By Dr. Greg Smalle