‘စတော်ဘယ်ရီနမ်းသူ’

‘စတော်ဘယ်ရီ... 
အနမ်းဖြင့် ဇာချဲ့လေသော သူ့ကဗျာတွင် ကိုယ်က ချိုလေသလား ချဉ်သလား။
နှုတ်ခမ်းနီဖြစ်ရုံ ရနံ့ယောင်နဲ့တော့
ဒီဆောင်းမှာ မဆိုးပါနဲ့ကွယ်…’

သို့ မမ နေကောင်းရဲ့လား။
စာ အစမှာတင် နေမကောင်းဖြစ်ချင်လာသော စာ ကိုပြပါဆိုလျှင် ဒီစာကို အရင်ဆုံးပြလိုပါသည်။ ဒီနေ့ခေတ်ကြီးမှာ စာတိုက်ကြီးမှ တံဆိပ်ခေါင်းဖြင့် ထူးထူးခြားခြားပို့တတ်သော ကောင်လေး  ၏စာကိုဖတ်ရလျှင် နေမကောင်းဖြစ်သည်ထက် ပိုသော ရင်မကောင်းဖြစ်စေသည်တော့အမှန်။ သည်စာတွေထဲမှာ ဟိုရောက်ဒီရောက် အကြောင်းအရာတွေပါမည်။ သတိရတာတွေပါမည်။ နောက်တောက်တောက် အပြောအဆိုတွေပါမည်။ ဟိုတုန်းကဆို အူရွှင်တတ်သော အဲဒီကောင်လေး၏ အဲဒီနောက်တောက်တောက် အပြောတွေထဲဝယ် ကိုယ်က သူ့ဖွင့်စရာခလုတ်တစ်ခုနှယ်။

‘မမမျက်ခုံးတွေ ဆွဲထားတာ လှလိုက်တာ ပျံချီနေတာပဲ

မမကြည့်ရတာ အံ့သြဘနန်း အမြဲလိုဖြစ်နေတဲ့ရုပ်နော် ဟားဟားဟား’ဆိုတာမျိုး။ ခံလေခံပေါ့။ ကိုယ်ကပျံချီနေအောင် မျက်ခုံးဆွဲမှားမိသူကိုး။

တကယ့်အမှားက ကျောင်းတော်ကစခဲ့ခြင်း ဖြစ်သည်။ သူသာ ကျောင်း fun fair နေ့မှာ မေတ္တာသက်ဝင်ချစ်ခင်သူကို ယဉ်ယဉ်ကျေးကျေး အနမ်းတံဆိပ်ရှာနှိပ်ပေးရသော ကစားနည်းကို မကစားခဲ့ဘူးဆိုလျှင်ကိုယ်က လွတ်မြောက်သူ ဖြစ် 
ဦးမည်။

ခုတော့ဖြင့် ကိုယ်ကလည်း အဲဒီကစားပွဲကို မျက်စိလည်လမ်းမှား ဝင်ကစားမိသော ပါးကွက်ကြား ကျေးတောသူမမဖြစ်ခဲ့ပြီး သူက အဲဒီပွဲ၏ ဂိမ်းကစားသူ အနမ်းရှာပုံတော်မင်းသားဖြစ်ခဲ့ခြင်း ရေစက်က ကိုယ်ရော သူ့ပါ ဆယ်နှစ် ဆယ်မိုး အကျဉ်းကျစေခဲ့သည်။

 

အဲဒီအကျဉ်းကျခြင်းနှင့်အတူ ကိုယ့်ပါးပြင်ကိုသူဖြူစင်စွာ ခံနမ်းခဲ့လေသော စတော်ဘယ်ရီသီးလေးသည်လည်း အမှတ်တရနှင့်အတူ နွေမိုးဆောင်း နွမ်းလျခဲ့ပြီ။

‘မမက အညာကလား’ဟု ပါးပေါ်က ပါးကွက်ကိုကြည့်ရင်း သူမေးတုန်းက ရင်ထဲကမြို့ကတုန်ကယင် ပျက်ဖူးသည်။

မုန်းလိုက်သည့်နှယ် ကိုယ့်ကိုကိုယ်။ အပြုံး အမုန်း အရှုံးနှင့် အရာအားလုံး သူနမ်းယောင်ပြု လေသော အသီးတစ်လုံးထဲ ခြွေမြုပ်ခဲ့ရသည်ကို ဒင်းကလေးသိပါလေစ။ မမက သိပ်ချစ်ဖို့ကောင်း တယ် အစချီသော သီချင်းတစ်ပိုဒ်ဖြင့် သူကြူကြောင်ခဲ့လေသမျှ ကိုယ်ရီမော ရှောင်ပြေး အပြေးကြီးပြေး အမောကြီးမောရတာ သူကလေး သိပါလေစ။။

အသဲသဏ္ဍာန်နှင့် အနီရောင်စိုလက်လက် စတော်ဘယ်ရီသည်ဗီးနပ်စ်၏ တံဆိပ်တော်မှန်း သူကလေး သိပါလေစ။ ခုတော့ဖြင့် ရောမရာဇဝင်ထဲကလို စတော်ဘယ်ရီတစ်ယောက် တစ်ခြမ်းစားမိလို့ တစ်ယောက်နှင့်တစ်ယောက် မေတ္တာသက်ဝင် ချစ်ခင်မိလေသလား မပြောတတ်။ သူ... နောက်တစ်ယောက်နဲ့ ခွဲခြမ်းလို့အတူ မစားသုံးဖို့ကလွဲရင် ကိုယ်ဘာများ မျှော်လင့်နိုင်ဦးမှာလဲ။ မျှော်လင့်မိလိုက်တာ။ ကိုယ့်ပါးပေါ် ဗီးနပ်စ်အသီးလေးခံလို့ အနမ်းယောင်လေးနဲ့ အရောင်မပါ တံဆိပ်ကပ်ပေးဖူးတာကို မျှော်လင့်မိလိုက်တာ။ Othello ပြဇာတ်ထဲကDesdemanda ရဲ့ လက်ကိုင်ပုဝါမှာ စတော်ဘယ်ရီလေးများရဲ့ တည်ရှိခြင်းအကြောင်း ရှိတ်စပီးယားက အကောင်းဆုံး မှတ်မိလိမ့်မယ်ကွဲ့။ မှတ်မိပါစေတော့ ကိုယ့်အတွက်တော့ သူဟာ စတော်ဘယ်ရီလိုချိုမြိန်ခဲ့ပြီး လီမွန်လိုချဉ်မြခဲ့တာ အမှန်ပဲဆိုတာ မှတ်မိပါစေ။ အချိုနဲ့အတူ ပါလာခဲ့တာ ချဉ်မြခြင်းအတွက်လည်း ကိုယ်ရောသူပါ ကျေးဇူးတင်ခဲ့တယ်ဆိုတာ မှတ်မိပါစေ။ အနည်းဆုံးတော့ ကိုယ်တို့မခါးခဲ့ကြဘူးဆိုတာ တစ်ဘဝစာ ထပ်ပိုမှတ်မိပါစေ။

ငေးကြည့်ချင်တယ်။ ဒီလိုလေးသာ ကိုယ်ပြောပြီး ဒီနှစ်တွေကိုကျော်ဖြတ်ခဲ့စဉ်က သူက မငြိုငြင်ခဲ့ပါ။ အချစ်သည် ပေးဆပ်ခြင်းဆိုသည်ကို အယုံအကြည်မရှိသူကိုယ်က အချစ်သည်ပိုင်ဆိုင်ခြင်းဟု ရဲရဲတင်းတင်း တံဆိပ်ကပ်လိုသော ကောင်လေး 
ဆီမှ ဖယ်ခွါလာရသော အကြောင်းရင်းကို သဲသဲက သိလိုသည်။ အမေကလည်း သိလိုလှသည်။ အိမ်ကရွှေဝါကလေးကလည်း သိလိုပြန်သည်။ ကိုယ်ကသာ ဘယ်သူ့ကိုမှမပြောပြလိုခဲ့တာ။ ငေးရုံပဲငေး။ အနီရောင်အသီးလေးကို ငေးရုံလောက်နဲ့တင် ရောင့်ရဲတင်းတိမ်နိုင်သူဆို ဟောဒီမိန်းမ သိပ်များကြီးကျယ်သွားလေမလားပဲ။ …. မမုန်းပါနဲ့။ ချစ်ပါ။ ပထမတစ်နှစ် သူစာတွေရေးတယ်။ ဒုတိယတစ်နှစ် သူမေးလ်တွေပို့တယ်။ တတိယတစ်နှစ် သူဖုန်းတွေဆက်သေးတယ်။ စတုတ္ထ... ပဉ္စမ…ဆဋ္ဌမ… သူဆိတ်ငြိမ်သွားခဲ့တာ။ သူ့နှလုံးသားဟာ သူ့ပြင်ဦးလွင်လိုပဲ အေးစက်လိုက်တာ။ မှုန်ပြာရီ မှိုင်းလွန်းလှပါပကော ကောင်လေးရယ်။ ကိုယ့် အခန်းဝရံတာမှာ စတော်ဘယ်ရီပင်တွေ ပျိုးတတ်လာခဲ့ပြီ။ သံယောဇဉ်ဟာ ရင့်သန်လာခဲ့ပြီ။ ခုမှသာ ဒီစာတစ်စောင်ပို့တော့ အတိတ်ဟာ တိုက်ဆွေးလိုပဲ ရနံ့လှိုင်ဆိတ်ငြိမ်ရင်း။

သူအေးစက်သွားပြီးကထဲက ဒီအခန်းလေးထဲ ကိုယ့်မှာ လှောင်ပိတ်ရင်း ကိုယ်နှင့်ကိုယ်သာ အခါခါ ထပ်မေးခဲ့ရင်း ရှည်လျားသောနှစ်တွေကို ဖြတ်သန်းရပြန်တယ်။ ငေးကြည့်ခွင့် ငေးကြည့်ခွင့်လေး မရှိတော့ပေဘူးလား။ အထပ်ထပ်အခါခါ မေးရင်းကျန်ခဲ့ရသူ... အို တကယ်ဆိုရင်လေ... ဒီထောင်က ကိုယ့်ဘာသာ ရံထားခဲ့တဲ့အကျဉ်းထောင်။ ပျော်ခွင့်မပြုတံဆိပ်နဲ့ ပျော်မှာရယ်စိုးပြီး အရည်ဖျော်ခံခဲ့လေတဲ့ အညှင်းထောင်။ 

ထားခဲ့ပေါ့ကွယ်။ ယောက်ျားတစ်ယောက်ရဲ့ အချစ်နဲ့ မိန်းမတယောက်ရဲ့မေတ္တာဟာ စတုဂံ နဲ့ စက်ဝိုင်းလို ဂျီသြမေတြီချင်း တူရင်တောင်မှ ဘယ်တော့မှထပ်တူမကျနိုင်ခဲ့ဘူး။ ကိုယ် ခေါင်းညွတ်ပါတယ်ကွယ်။ ကိုယ်အလေးပြုပါတယ်။ အရှုံး
လည်းပေးရင်း အဖြူရောင်လေး လွှင့်ပေးထားတယ်လေကွယ်။ ငေးရုံလေးတောင် မရပေဘူးလားလို့ စိုးရွံရင်းစိုးရွံ ရှိုက်ပြီးရင်းရှိုက် ရိုကျိုးခဲ့ရလေသော  ကိုယ့်နေ့တွေညတွေအကြောင်း ရီဟဟ ကောင်လေးတယောက်ကို ပြောပြချင်လိုက်တာ။ လွမ်းပြီးရင်း နမ်းမှာလားလို့ ထုံးစံအတိုင်း သူရွှတ်နောက်နောက်မေးတိုင်း ငေးပြီးရင် ဆွေးရမှာလားလို့ ကိုယ့်မှာ ရွံ့တွံ့တွံ့ ရေရွတ်နေခဲ့ရတာ။ ထပ်တူမကျခြင်းအတွက် ကိုယ်လည်း စိတ်အားငယ်ခဲ့ရတာပါ။

‘မမကို မေ့လို့မရခဲ့ဘူး။ မမကို ထင်ထားတာထက် ပိုစောင့်နိုင်ခဲ့တယ် ’
ဟော သူရေးပြန်ပြီ။ မစောင့်ဆိုင်းနဲ့ သွားပါလို့ တွန်းပေမဲ့ ခုလိုကိုယ့်အရပ်ဘက် သူမျက်နှာမူ ပွင့်လည်လာပြန်တော့ ကိုယ့်မှာ တမျှော်တခေါ်နဲ့ကို နှစ်သိမ့်ကြည်နူးရတာ အမှန်ပါ။ တကယ်ဆို ဒီပန်းက သူ့အတွက် ဘယ်ရွေ့ဘယ်မျှပွင့်ပေးခဲ့ပြီလဲ သူ သိစေချင်လိုက်တာ။  အလွမ်းက ပွင့်သီလိုက်တာ။ အဲဒီအလွမ်းကို အချစ်ထက်စွဲမက်ရင်း တစ်နေ့ထက်တစ်နေ့ သွေးကြောင်သူအဖြစ် ရဲရင့်လာလိုက်တာလေ။ နှစ်ပရိစ္ဆေဒကို အရည်ဖျော်စေတဲ့ လက်မရွံတစ်ယောက် ဖြစ်မှန်းမသိဖြစ်စေခဲ့သည်လား… ကောင်လေးကိုမေးချင်လိုက်တာ။ ကိုယ်ချစ်ပါရစေ လွမ်းပါရစေ ငေးပါရစေ။ ဆယ်နှစ်ဆယ်မိုးသူပျိုးခဲ့တဲ့ သူ့အခင်းမှာ စတော်ဘယ်ရီတွေ ဘယ်နှစ်ကြိမ်ခူးဆွတ်ပြီးပြီးလဲ။ ကိုယ်မေးချင်လိုက်တာ။

‘ဘယ်အချိန်ထိ ငေးနေမှာလဲမမ’
သူ့စာထဲမှာ မေးပုံရယ်လေ။ ကိုယ့်အဖြေကို ကမ္ဘာ ၁ သိန်းကြာအောင် အော်ပြောပြစ်လိုက်ချင်တာ။ ခွင့်ရသလောက်ပေါ့လေလို့။ ဒီလိုဆို ကိုယ်… အနည်းငယ် ပုရိသ ဆန်သွားလေမလား။  နောက်ဆုံးတော့လည်း...ဒီစာရဲ့ အဆုံးသတ်မှာ ငရဲမီးနဲ့ စာစီရွှေချထားခဲ့တာ ကိုယ်မသိလို့ ဖတ်မိခဲ့တာပါ။

‘ကျွန်တော့်မင်္ဂလာပွဲတော့ မမတက်စေချင်တယ်’
သူပြောလာတော့လည်း ကိုယ့်မှာ ငရဲကျရုံအပြင် ရွေးစရာ လမ်းမှမသာတာ။ ပန်းတွေမှာ ပိုင်ရှင်ရှိလည်း အရောင်မပါ ငေးသည်ဆိုရုံလေး  ကိုယ်ငေးကြည့်ရုံလေး ကြည့်ပါရစေတော့။ စောင့်ဆိုင်းခိုင်းခဲ့ပြီးပြီ။ သူလည်းပျိုးပြီး ကိုယ်လည်း ပွင့် 
ပြီးပြီ။ သူ့အရောင် ကိုယ့်အရောင် ထပ်တူမကျမှတော့ ကိုယ့်အခိုင် သူ့အခိုင်ဖြတ်ချပစ်ရုံပေါ့။ သည်လိုတဲ့လား။ သစ္စာပန်းတွေပွင့်နေသူမှ အခင်းလာဖျက်ပါဆိုတော့လည်း ကောင်လေးရယ် ကိုယ်က  ဓားတစ်စင်းနဲ့ စစ်တလင်းတော့မဟုတ်ဘူးကွယ်။ မင်းကိုယ်တိုင်ပျိုးတဲ့စိုက်ခင်း ကိုယ်တိုင်ပဲ လာဖျက်ချေလှည့်။

ဘယ်လိုပဲဖျက်ဖျက် ကိုယ့်စတော်ဘယ်ရီက ဘယ်တော့မှမချဉ်ပါဘူး။ ကိုယ့်အာရုံမှာ အမြဲချိုမြနေဦးမှာ။ ကိုယ်တို့ရဲ့အခင်းမှာ မင်းမရှိခဲ့ရင်တောင်ကိုယ်နီရဲစိုမြနေပေးဦးမှာ။ ကိုယ်တို့ရဲ့ လမ်းမှာ တောင်ပံမခတ်ရင်တောင်မှ ကိုယ့်ဝတ်မှုန်ကို မင်းအတွက် ကူးလူးလို့ပွင့်ကူ ကိုယ်ပွင့်လန်းနေပေးဦးမှာ။ ကိုယ့်အတွက်မငိုပါနဲ့ ချာတိတ်ရယ်။ ။

ခုတော့ ဘယ်တုန်းကမှ မျက်နှာချင်းမဆိုင်ခဲ့သည်နှယ် လမ်းတွေ့လျှင် ပြုံးပြရဦးမည်။ သို့သော် ကိုယ့်မှာ ပြောစရာတွေ ရှိနေဆဲ ရှိနေမြဲ။ ဝေ လွင့်နေသော ကြွေပွင့်များအကြောင်း သူ့ကိုတွေ့လျှင်ပြောပြရဦးမည်။ ရှိခဲ့သောအရာတွေထက် မရှိခဲ့သော အရာတွေကိုသာ အမျှော်ကြီးမျှော်လင့်ခဲ့ရကြောင်း သူသိအောင်ပြောပြရဦးမည်။ မောက် မာခြင်း အလျဉ်းမရှိပါဘဲ တစ်သံသရာစာ စောင့်ဆိုင်းဝံ့ကြောင်း သူသိပါအောင်ပြောပြရဦးမည်။ ဒီဘဝ ဒီတသက်ဖြင့် ညွှတ်ကိုင်းခဲ့လေသမျှ ကိုယ့် ရင်ဘတ်အကြောင်း သူမြူတစ်မှုန်လောက်မျှ သတိရဖူးလျှင် ကျေနပ်ပြီ။ အို အေးစက်လိုက်တဲ့ ဆောင်း။

ဒါပါပဲ ချာတိတ်ရယ်... ဒီဘဝမှာ ပြောစရာရှိတာဆိုလို့ မင်းမပါဘဲနဲ့တော့ ကိုယ့်ကောင်းကင် မပြာဘူးဆိုတာ ကိုယ်ပန်းခင်း မလန်းစွင့်ဘူးဆိုတာ ကိုယ့်နိုင်ငံတော် မတည်နိုင်ဘူးဆိုတာ မှတ်မိပါစေ။   တောင်ပံလည်းမပါဘဲ ကိုယ်ပျံရဲခဲ့တယ်ဆိုရင် သခင့်ကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ မှတ်မိပါစေ။ အပွင့်မညီတိုင်း အခက်မဖြာတာ မဟုတ်ဘူးဆိုတာ မှတ်မိပါစေ။ နွယ်ပုံနွယ်နည်း မတူညီတာနဲ့ ဘဲ ဒီအမိုးအောက် သခင်ချန်ထားရစ်တော့လည်း ဟောဒီနေရာမှာ ရပ်ကျန်လို့နေရစ်ခဲ့ရတာပဲဆိုတာ မှတ်မိပါစေ။

ရှေ့လျှောက်တော့ အပြုံးဖြင့် တည်ခင်းဧည့်ခံသော သူ့နေ့ ညစာတွေကို ကိုယ်က အလွမ်းဖြင့် သုံးဆောင်ရပေဦးမည်။ စာအဆုံးမှာ တစ်ချက်လေးတော့ သတိရပါ နေကောင်းအောင်နေပါ။ ဒါတွေပဲ သူကမှာဦးမည်။ ဘယ်လောက်နုံအလိုက်သော ဗီးနပ်စ်တံဆိပ်တော် ခိုးသူပါနည်း။ တိုင်ပေးကြပါ။ ပြောပေးကြပါ။ လွမ်းပေးကြပါ။ သူ့အတွက် ကိုယ့်အနက်မှာ စတော်ဘယ်ရီလမ်း မဖြစ်ခဲ့သည့်အဆုံး ညွှတ်နေအောင်ပွင့်ကူရဦးမည်။ ဒါသည်ပင် ကိုယ်လုပ်နိုင်တာ။

ခွဲခွာခြင်းတိုင်းအတွက် မှန်ကန်သော မိုးတိမ်များ ရွာချပါစေတော့။ သူ့အဖြူရောင်ကြောင့် ကိုယ့်အရောင်တွေ ခြွေလွင့်ရလည်း ဒီနောက်ဆုံး အရောင်လေးကိုတော့ ငြင်သာလို့တိုးတိတ် ခိုးချစ်ပါရစေတော့.။

ထားပါတော့။  အကြွေအလေချာတိတ်ဆီက အပေအတေရည်းစားစကားရဲ့ နောက်ဆုံးစာကြောင်း... သည်းသည်းမှုန်မှုန်ကွဲလျက်ကြားက ငြိနေအောင် ပြုံးမိပြန်သည်။ ဒီချာတိတ်နှယ်ရေးပုံကိုကြည့်။

‘စတော်ဘယ်ရီပင်အောက် နောက်ဆုံး ကိုယ်စောင့်နေမယ်’

ဒါနဲ့ သူ့တစ်တောလုံး ရဲရဲနီလေပြီလား။
ဒီဇင်ဘာ။ ပြင်ဦးလွင်။ အသည်းနှလုံးပါ ခဲမည့်ဆောင်းလေ၊ နီရဲရဲအချစ်သီးလေးများ ပြီးတော့ လူငယ်တစ်ဦးနှင့် သူ့မမ။ ဒီကဗျာဇာတ်သိမ်းကို ကိုယ်တိုင်ခပ်သိမ့်သိမ့် ပုံဖော်ရမည်ဆိုလျှင် ကောင်လေးက တကယ့်ကိုစတော်ဘယ်ရီပင်အောက် စောင့်ခဲ့ပါသည်။ အရောင်စိုစိုကောင်လေးတစ်ယောက်၏ ပြောင်ချောချော ဓါတ်ပုံသည် စတော်ဘယ်ရီစိမ်းပုပုလေးအောက်တွင် နေသားတကျ နေရာယူထားပြီး မမကိုစောင့်နေခဲ့သည်ကို မြင်လျှင် ငေးမောတတ်သူမမ ရီမောပျော်ရွှင်ရဦးမည်။ မမရီသံအဆုံးတွင်တော့ ရွှတ်နောက်တတ်သော ကောင်လေးသည် စကားတတ်သူပီပီ သူ့အနီရောင် ပျိုးခင်းကြား ပုံပြောပြပေဦးမည်။

‘ဒေါက် ဒေါက် ဒေါက်’

ကောင်လေး၏ နှုတ်ခမ်းပါးလေးမှ သဘာဝမဆန်စွာ ထွက်လာသော တံခါးခေါက်သံကို မမက ရီချင်စရာကောင်းပါလျက် အလိုက်မသိ တတ်လှစွာ ခပ်ငေးငေး လွမ်းကြည့်နေမိဦးမည်။ ပြီးတော့ ထုံးစံအတိုင်း မမတယောက်ခပ်တည်တည် ကြွေကျရဦးမည်။

‘ဘယ်သူလဲ’ ဟုလည်း အရောင်ပါးလေးဖြင့် သူမမေးလိုက်ဦးမည်။

‘မယ်ရီ (Marry) ပါ မမ’

ကောင်လေး ပြုံးသက်သက်ဖြေပြီး မမရှေ့ ဒူးထောက်ထိုင်ချလိုက်လျှင် မမ ဖြတ်ခနဲ ပြုံးဦးမည်။

‘Marry me မမ’

စတော်ဘယ်ရီခင်းကြား ဒူးထောက်ကာ စိမ်းရောင်ခြယ်သစ်ရွှက်ဝိုင်း လက်စွပ်လေးဖြင့် ငံ့လင့်နေသော ကောင်လေးမျက်နှာကို ဖယ်ခွာမရဲသော မမ မျက်နှာတွင် စတော်ဘယိရီတစ်ခင်း ပျိုးနေပေဦးမည်။ ပြောထားပြီပြီပဲလေ။ စတော်ဘယ်ရီတွေက အလွမ်းဖြင့် နမ်းချေသည်ဆိုတာ.....။ ။