စင်ပေါ်က အပျိုကြီး

လမင်းမိုမို

(၁)

သီတင်းမကျွတ်ခင်ကနေ ဝါမဝင်ခင်ကြား ကာလတွေမှာ ကျွန်မစိတ်ကို အနှောင့်အယှက်အပေးဆုံး စကားလုံးကတော့ “အပျိုကြီး”ဆိုတဲ့ စကားလုံးပဲ။ အဲဒီ အပျိုကြီးရဲ့နောက်မှာ “ဒီနှစ်လည်း မစွံသေးဘူးလား” ဆိုတာမျိုး “ဘယ်တော့မှ စား
ရမှာလဲ” ဆိုတာမျိုး ကပ်ပါလာပြီဆိုရင်တော့ ပိုဆိုးပြီ။ ဒေါသတွေထွက်တာ ထွက်တာ...။

အပျိုကြီး၊ လူပျိုကြီးဆိုတာ လူတကာ ပါးစပ်သရမ်းစရာ လူတန်းစားများ မှတ်နေကြသလား မသိပါဘူး။ အပျိုကြီးဖြစ်ရလို့ ဘယ်တုန်းကမှ ဝမ်းမနည်းခဲ့ဖူးပေမဲ့ အပျိုကြီးဖြစ်ရတာတော့ ရှေးဘဝဝဋ်ကြွေးပဲလို့ ကျွန်မထင်လာမိတယ်။ လူတကာရဲ့ အလှောင်အပြောင် အစနောက်ခံနေရတာ နည်းတဲ့ ဝဋ်ကြွေးလား။ အရင်ဘဝက ဘယ်သူ့ကိုများ သရော်လှောင်ပြင်ခဲ့မိလို့ပါလိမ့်။ ဆတ်ဆတ်ထိမခံ နှုတ်လှန်ထိုးလို့ မနိုင်တဲ့အခါမှာတော့ ကိုယ်ထိတွေ့ကိုင်တွယ်လို့မရတဲ့ “ဝဋ်ကြွေး”ဆိုတာကြီးကိုပဲ တရားခံတပ်ရတယ်။

“ဟဲ့... ရတာမလို၊ လိုတာမရလို့ အပျိုကြီး ဖြစ်နေတာမဟုတ်ဘူး သိရဲ့လား၊ လူလူချင်းတူတူ ယောက်ျားဆိုတဲ့ အမျိုးအစားကို သခင်လုပ်ပြီး ရေပူရေချမ်းကမ်းလှမ်း ဝတ်ကြီးဝတ်ငယ်ပြုမနေနိုင်လို့ ငါယောက်ျားမယူတာ နားလည်လား”

အဲသလို အနိုင်ပိုင်း ပြန်ပြောဖြစ်ပေမဲ့ စိတ် ထဲ ဘယ်သူမှ မသိအောင်ကြိတ်ပြီး အားငယ်သလို ဝမ်းနည်းသလို ဖြစ်မိတာကိုလည်း တစ်ကိုယ်တည်းတော့ ဝန်ခံရပေလိမ့်ဦးမယ်။ ယောက်ျားဆို စိတ်ကို မဝင်စားတာမျိုးတော့ မဟုတ်ခဲ့ဘူးပဲ။ ငယ်တုန်းက ကျောင်းတုန်းကတော့ ချစ်သူရယ်လို့ တစ်ယောက်တော့ ထားခဲ့ဖူးသားပဲ။ နှစ်ဦးကြား ဆက်ဆံရေးလည်း အဖုအထစ်ပြဿနာ ကြီးကြီးမားမားမရှိ၊ ပြေပြေလည်လည်ပါပဲ။

ဘာအပြစ်မှ မလုပ်မိပါဘဲ ဗြုန်းဆို ကိုယ့်ကိုထားသွားပြီး ဒင်းက နောက်တစ်ယောက် အသစ်ရှာသွားတာလေ။ ကိုယ့်ပျက်ကွက်မှုကြောင့် ဖြစ်ရတဲ့ အပျိုကြီးလည်း မဟုတ်။ ဒင်းကိုသာ နာနာ စိတ်နာတယ်။ ယူသွားတာကလည်း ဝေးဝေးလံလံက မဟုတ်။ ဆွေမျိုးထဲက ကောင်မလေးတစ်ယောက်နဲ့။ သူနဲ့ကြိုက်နေစဉ်က တစ်ဆွေတစ်မျိုးလုံးကို ကြေငြာမထားရသေးပေမဲ့ ပေါ်ပေါ်ထင်ထင် တွဲနေ ခဲ့တာမို့ သိတဲ့သူတွေသိနေကြတာပဲလေ။

အဲဒီ ဝမ်းကွဲလေးကမှ မသိလို့ဆိုရင်လည်း ထားလိုက်ပါတော့။ သူတို့ချင်းကြိုက်လို့ ယူကြတာပဲမို့ သစ္စာမရှိတဲ့ ရည်းစားဟောင်းကိုသာ အပြစ်တင်ရမှာပါ။ ဒါပေမဲ့လည်း ကိုယ်နဲ့ပြတ်ပြီးမှ မကြာခင် မိန်းမယူတာ အမျိုးထဲကဖြစ်နေတော့ အသည်းတွေတနုံ့နုံ့နာ ကိုယ်ကပဲ မျက်နှာပြန်ပူရမလိုလိုဖြစ် အဲဒီမင်္ဂလာဆောင်လည်း ဖိတ်စာရပြီး မသွားဖြစ်တော့ပါဘူးလေ။ ဆွေတွေ မျိုးတွေတောင် ဟိုဖက် ဒီဖက် ခပ်ပြတ်ပြတ် ခပ်တန်းတန်းတွေ ဖြစ်သွားသေး။

ရံဖန်ရံခါတောင် သတိမရပါဘူးလို့တော့ မညာချင်ဘူး။ အပေါင်းအသင်းတွေက အပျိုကြီး တစ်ကြိမ်ခေါ်တိုင်း ဘယ်တော့စားရလဲ တစ်ခါမေးတိုင်း “နင်တို့ သိပ်ငတ်နေရင် အခုပဲကျွေးမယ်ဟယ်” လို့ အရှုံးမပေးပြန်ပြောရင်း ဒင်းမျက်နှာကိုပဲ  ပြန်မြန်ယောင် တစ်စစီဆွဲဖြဲချင်စိတ်ပေါက် နှလုံးသားထဲက မသိမသာ အောင့်မျက်မျက်လေး နာကျင်မိသေးတာပေါ့။ 

ပြောရမယ်ဆိုရင် သူက ချောလည်း ချောတယ်လေ။ နာမည်ကြီး မင်းသားတစ်ယောက်နဲ့လည်း အတော်ဆင်တာ။ မေ့မေ့ပျောက်ပျောက်ပါဆိုပေမဲ့ အဲဒီမင်းသားပါတဲ့ ဘာဇာတ်ကားမှ မကြည့်ဖြစ်တော့တာဟာ အဲဒီတုန်းကထဲကနေ ခုထိ။ မင်းသားပါရော စိတ်နာပစ်လိုက်တာမျိုး။ ယောက်ျားတစ်ယောက်ယောက်ရဲ့ အချစ်ကို နောက်ထပ်လက်ခံဖို့လည်း စိတ်ကုန်သွားခဲ့တာ။

x x x x​ x

(၂)

အသက်လေးဆယ်ထဲရောက်လာတော့ တနုံ့နုံ့နာကျင်ခံစားရခြင်းတွေလည်း အဟုတ်ကိုမရှိတော့ပါဘူး။ အသည်းကွဲချိန်တုန်းက ဖိတက်ခဲ့တဲ့ သင်တန်းတွေ ဒီပလိုမာတွေ အောင်လက်မှတ်တွေနဲ့ အလုပ်အကိုင်ကောင်းကောင်း တစ်ခုကလည်း လခကောင်းကောင်းနဲ့ ပိုင်ဆိုင်ထားလေတော့ ကိုယ့် အလုပ်အကိုင်၊ ပွဲလမ်း၊ အခမ်းအနားတွေနဲ့ အချိန်အားရယ်လို့လည်း မရှိလှတော့ပါဘူး...။

မန်းဒေးတူ ဖရိုက်ဒေးက ရုံးတက်၊ ပိတ်ရက် နှစ်ရက်မှာ တစ်ရက်ကိုတော့ ကိုယ့်အလှအပအတွက် ပြင်ဆင်ကျော့သ၊ ရတဲ့အချိန်အတွက် သုံးရတယ်။ Spa သွားပြီး ခြေဆုံးခေါင်းဖျား လိုအပ်သလို ပြုပြင်ပေါင်းတင်ဆေးထိုးဖြတ်ညှပ် ကောက် ခြယ်သ။ နောက်တစ်ရက်တော့ သာရေးနာရေးနဲ့ ရှော့ပင်အတွက်ပေါ့။ အသက် ၃၀ ကျော်လာချိန် မှာ အပျိုကြီးဖြစ်ရတာ ဂုဏ်ပဲ ငယ်သလိုလိုဖြစ်ခဲ့ပေမဲ့ ၄၀ လည်းကျော်ရော အပျိုကြီးဆိုတာ ဂုဏ်သရေကြီးမားသလို တင့်တင့်တယ်တယ်ရှိတယ်လို့ ပြန်မြင်လာပြန်တယ်။

အပျိုကြီးလို့ ခေါ်ခံရတာကို အောင့်သက်သက် ဖြစ်မိတုန်းပေမဲ့ ကိုယ့်ကိုကိုယ် အအိုကြီးတွေနဲ့ယှဉ်ပြီး အကျေနပ်ကြီး ကျေနပ်လာတာဆိုတာလေ။ ၃၀ ကျော်တုန်းကတော့ အပျိုကြီးဆိုတာ ယောက်ျားတစ်ယောက်ယောက်က လက်ထပ်ယူ ချင်လောက်အောင် တန်ဖိုးအထားမခံရသလိုလို ဖြစ်ခဲ့ပေမဲ့ ၄၀ ကျော်လာတော့ ကျွန်မကိုယ်တိုင်က ယောက်ျားတွေကို တန်ဖိုးထားလို့ မရတော့တာ။ ယောက်ျားဆိုတာကြီးတွေဟာ မျက်စိထဲ အမြီးအမောက်ကို မတည့်တော့တာ။

ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို မခံရတာများ ဘာအရေးလဲ။ သူတို့ရဲ့အချစ်ဆိုတာကရော ဘယ်လောက်များပေးဆပ်သိတတ်ခြင်းတွေ ပါဝင်နေလို့လဲ။ ဥပမာပြောရင် ကျွန်မခုနေ ကော်ဖီ သောက်ချင်ရင် ကိုယ်သောက်ဖို့တစ်ခွက်ပဲ ကျွန်မ ဖျော်ရတယ်။ ကျွန်မသူငယ်ချင်း အိမ်ထောင်ရှင်မ  အအိုတွေမှာ သူတို့ကော်ဖီသောက်တော့မယ်ဆိုရင်တောင် ယောက်ျားသောက်ဦးမလား၊ သားသောက်ဦးမလား ပူတောင့်ပူပင်ရှိရတယ်။ တစ်ခွက်အစား သုံးခွက်လောက်ဖျော်ရတယ်။ တစ်ခါတစ်လေများ ကိုယ်မသောက်ချင်ပဲနဲ့တောင် လင်ဖို့သားဖို့ ထဖျော်ရတယ်။ အဟက်ဟက်။

အစားအစာဆိုလည်း ကိုယ်စားချင်တာလေး ကိုယ့်ဘာသာတစ်ယောက်တည်း ရွေးချယ်ဝယ်စားလို့ရတယ်။ မိဘနဲ့ဆိုရင်တောင် မိဘက ခုထိသမီးအပျိုကြီးကို ကလေးတစ်ယောက်လို အဖူးအညွန့် ဦးစားပေးတာခံရတုန်း။ သူငယ်ချင်း အအိုကြီးတွေ ခမျာ ဘာလေး ဝယ်လာလာ ခြမ်းလာလာ ချက်စားစား အကောင်းဆုံးဆိုတာတွေကို ယောက်ျားဖို့၊ သားဖို့၊ သမီးဖို့ စသည်ဖြင့် အဆင့်ဆင့်ဦးစားပေးပြီးမှ အားလုံးမစားချင်တဲ့ အကျန်အညံ့လေးကိုသာ စားရတယ်။ သနားချက်...။

အားရက် ပိတ်ရက်လေး သူငယ်ချင်းတွေနဲ့ ချိန်းချက် အလည်ထွက်ဈေးဝယ်ထွက်ရပါမယ့်အရေး ယောက်ျားခွင့်ပြုချက် ယူရတဲ့သူနဲ့၊ သူအပြင်ရောက်တုန်း အိမ်မှာ နောက်ကြောင်းအေးအောင် တစ်ရက်လောက် ကြိုတင်စီမံပြင်ဆင်ခဲ့ရတဲ့သူနဲ့၊ သွား မသွားရသေးဘူး နောက်က ဖုန်းလိုက်လာတဲ့သူနဲ့၊ အပြန်နောက်ကျ မရတဲ့သူနဲ့၊ အမျိုးကို စုံနေတာပဲ။

အိမ်ရှင်မဆိုတာ မိသားစုရဲ့ ခိုင်းဖတ်၊ နိုင်ဖတ်၊ အခွင့်အရေးအနည်းဆုံးလူ၊ အနစ်နာခံစရာရှိ ကိုယ်ချည်းသိမ်းကျုံးခံရသူ။ သူတို့က ကျွန်မကို အပျိုကြီးခေါ်ခေါ်ပြီး နှိမ်ရက်ပေမဲ့ ကျွန်မကတော့ သူတို့ဝမ်းနည်းအောင် သူတို့ရဲ့ဆုံးရှုံးမှုတွေကို မပြောရက်ပါဘူးလေ။ တရားလေးကျရင်းသာ ကြည့်နေလိုက်တာပါ။

x x x x x

(၃)

အပျိုကြီးဖြစ်ရတဲ့အတွက် တစ်စတစ်စ ပိုကျေနပ်မိရတဲ့ အကြောင်းရင်းလေးတွေ ပြောပြရဦးမယ်။

ကျွန်မ သူငယ်ချင်း “သက်”ဆိုတာ ရှိတယ်။ ကျောင်းတုန်းကများ သူတို့အတွဲဟာ လူတကာကြိတ်ပြီး မနာလိုချင်စရာအတွဲပေါ့။ သူ့ယောက်ျား ကိုလင်းမော်ဆိုတာဟာ ရည်းစားဘဝက သက်အပေါ်အင်မတန်မှကို တယုတယကြင်နာနိုင်တာက လား။ မိန်းကလေးတွေ အားကျချင်စရာကောင်း နေတာပေါ့။

သက်ကို သူက “အသက်”လို့ ခေါ်တယ်။ သူ့အသက်ကို ချစ်မြတ်နိုးရတဲ့ သဘောအဓိပ္ပါယ်လို့လည်း ဆိုတယ်။ အသက်ရေ... အသက်ရေ... လုပ်နိုင်လွန်လို့ ကျွန်မတို့က သူ့ကိုနာမည်ဝှက် “အ တူး”လို့တောင် မှည့်ထားကြတယ်။ ကိုလင်းမော် လာနေပြီဆိုရင် “ဟဲ့... ဟိုမှာ အတူးလာနေပြီ... အတူးလာနေပြီ”ပေါ့။ အဲဒီ အတူးနဲ့အသက် စုံတွဲကလေးဟာ တကယ်ကို ကြည်နူးဖို့ကောင်းတဲ့ အတွဲလေး။ အသက်ကို ကြင်နာယုယတာများ တစ်နေ့တစ်မျိုး ရိုးရတယ်မရှိဘူး။

တစ်နေရာရာမှာများ ထိုင်ကြတော့မယ်ဆို ရင် အသက်ထိုင်မယ့်နေရာကို ဖုန်ခါပေးရတာ၊ သန့်ရှင်းပေးရတာ၊ လက်ကိုင်ပုဝါလေး တစ်ရှူးလေး ခင်းပေးရတာအမော။ တစ်ခါတစ်လေများ အုတ်ခုံကိုပါးစပ်ကလေနဲ့တောင် ကုန်းပြီးမှုတ်လိုက်သေးတာ။ စားသောက်ဆိုင်ရောက်ရင် အသက်ထိုင်ဖို့ ခုံအရင်ဆွဲထုတ်ပေးရတာနဲ့၊ အသက်စားမယ့်တူ၊ ဇွန်းခက်ရင်းတွေကို တစ်ရှူးနဲ့ သုတ်ပေးရတာနဲ့၊ ရေနွေးဌဲ့ပေးရတာနဲ့၊ အညှော်နံ့လာရင် ယပ်တောင်တို့ စက္ကူခေါက်တို့နဲ့ ယပ်ခတ်ပေးရတာ 
နဲ့၊ လူရှေ့မရှောင် သူရှေ့မရှောင် ဂရုစိုက်တာ ကြင်နာတာ။ အတူး လုပ်ပုံကိုင်ပုံတွေမြင်ပြီးရင် ကိုယ့်ချစ်သူကိုတောင် ခုချက်ချင်းပြေးပြီး ကုတ်ဖဲ့ပစ်ချင်စိတ် ကျွန်မတို့မှာ ပေါက်ရတယ်။

အသက်ရဲ့ မျက်နှာကလေးကတော့ ဂုဏ်ယူပီတိဖြာပြီး ပြုံးလို့ပေါ့။ သူ့ချစ်သူ အတူးက အကုန်လုပ်ပေးလေ သူက ဘာမှ မလုပ်တတ်တော့သလို ရွရွလေး ဆွဆွလေး ဖြစ်လာလေ။ တကယ်တော့ အသက်ဆိုတာ မိသားစုမှာ သမီးကြီး။ တစ် မိသားစုလုံး ဝေယျာဝစ္စကို အမေနဲ့ ဒိုးတူဘောင် ဖက်ကူညီပြီး အကုန်လုပ်ရသူပါ။ အိမ်မှာဆို အကုန်လုပ်တတ်ရသူဖြစ်ပြီး ကျောင်းမှာဆို လက်ကိုင် ပုဝါလေး ပြုတ်ကျရင်တောင် မကောက်တတ်တဲ့ သူပေါ့။ ပြောရရင် သူ့ဘဝက အိမ်မှာတစ်မျိုး၊ ကျောင်းမှာတစ်မျိုး နှစ်ဘဝစံပေါ့ရှင်။

လမ်းလျှောက်လာရင်း မိုးဖွဲလေးများကျပြီဆို အတူးက သူ့ရဲ့ဂျင်းဂျက်ကတ်ကိုချွတ်ပြီး အသက်ရဲ့ခေါင်းပေါ် သူ့လက်နှစ်ဖက်အညောင်းခံပြီး အုပ်မိုးပေး ကာကွယ်ပေးထားတဲ့ ပုံဟာ... အို မိန်းကလေးတွေ ယစ်မူးညွတ်နူးချင်စရာပေါ့။ ထီးလေး တစ်ချောင်းနှစ်ယောက်ထဲဆောင်းရင်လည်း အတူးက ထီးကိုကိုင်၊ အသက်က အတူးလက်ကိုချိတ်၊ အသက်မှာရှိသမျှ သယ်စရာ၊ ပိုးစရာပစ္စည်း မှန်သမျှဟာလည်း အတူးလက်ထဲမှာ၊ အသက်ဟာ မင်းသမီးတစ်ပါးလို ကြွကြွရွရွကလေး လျှောက် လှမ်းရုံသာ။ ထီးကို အသက်ဖက် ယိုင်ထားတော့ အတူးဟာ ရွှဲနစ်လို့ပေါ့။

အဲဒီ အသက်နဲ့ အတူးကို မနေ့တစ်နေ့ကပဲ ကျွန်မလမ်းမှာ ဖြတ်ကနဲဆုံလိုက်မိတယ်။ တစ်နှစ်ကို သုံးလေးခါဆိုသလိုတော့ ဆုံဖြစ်ကြပေမဲ့ ဆုံကြတိုင်းဟာ ကျွန်မတို့တစ်နေရာရာမှာ ချိန်းဆုံကြတာမျိုးပါ။ သူတို့နှစ်ယောက်ကို အပြင်မှာတွဲလျက် သား ကျွန်မ မတွေ့ဖြစ်တာကြာပြီပေါ့။

အဲဒီနေ့ကလေ ကျွန်မက မြို့ထဲတစ်နေရာမှာ ကားကိုပါကင်ထိုးပြီး ကားပေါ်ကအဆင်း၊ သူ တို့လင်မယားကို ပလက်ဖောင်းပေါ်မှာ တစ်နေရာကို လျှောက်သွားနေတာ လှမ်းမြင်လိုက်တာ။ လှမ်းမြင်လိုက်တာနဲ့ကိုပဲ အံ့လည်းသြ စိတ်ထဲလည်း ပေါက်ပေါက်နဲ့ မျက်မှောင်ကြီးကုတ်လို့ ကြည့်နေလိုက်မိတယ်။

အသက်ကို တစ်ချိန်က ယုယကြင်နာလွန်းတဲ့ အတူးကြီးကို ဒေါ်ရွှေသက်တစ်ယောက် နောက်ကနေ ထီးတော်မိုးပေးနေရတာ။ ယှဉ်လျှောက်နေတာမဟုတ်ဘဲ၊ ပလက်ဖောင်းပေါ်က လူရှုပ်ရှုပ်ကြောင့် ရှေ့ဆက်နောက်ဆင့်လျှောက်နေတာ။ ထီးကိုင်ထားရတာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်နဲ့ ဆန့်ကျင်ဖက်၊ ဒေါ်ရွှေသက်ဖြစ်နေပါလား။ ကျဲတောက်တောက်ပူနေတဲ့ နေ့လယ်နေပြင်းပြင်းအောက်မှာ ထီးတော်မိုး ဒေါ်ရွှေသက်ဟာ သူ့ခေါင်းပေါ်နေရိပ်ရဖို့ထက် ရှေ့ကလင်တော်မောင်ခေါင်း ပေါ် နေရိပ်ရဖို့ ဦးစားပေး မိုးပေးနေရတာကြောင့် တကယ့်ကို ရှင်ဘုရင်နဲ့ ထီးတော်မိုး ပုံစံပေါက်နေတော့တာပါပဲ။

ဘယ်လိုများဖြစ်ရတာပါလိမ့်။ နှစ်ပေါင်း နှစ်ဆယ်ဆိုတဲ့ အချိန်ကာလတစ်ခုဟာ လက်ဖဝါးကို လက်ဖမိုး၊ ဘယ်ကိုညာ၊ အဖြူကို အမဲ၊ သူကို သူမ၊ ပြောင်းလဲသွားစေတာ တရားကျဖို့ကောင်း လိုက်တာ။ အတူးကြီးတစ်ယောက် ဘယ်လိုဖြစ် သွားတာလဲ။ တစ်ချိန်က အသက်ရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့ သူကြင်နာယုယခဲ့သမျှကို ဘဝမေ့ အတိတ်မေ့သွားတာလား။ ချက်ချင်းတောင် ပြေးမေးလိုက်ချင်တာမှ အသည်းတွေယားလာတဲ့ အထိပါပဲ။

ကျွန်မ ကြည့်နေတုန်းပဲ အသက်ရဲ့ ခြေလှမ်းတွေဟာ လူရှုပ်ရှုပ်ကိုရှောင်ရင်း နှစ်လှမ်း သုံးလှမ်း နောက်ကျနှေးကျန်တဲ့အခါ ရှေ့ကအတူးကြီးဟာ စိတ်မရှည်သလို မျက်နှာထားဆိုးကြီးနဲ့ အသက်ကို လှည့်ကြည့်လိုက်ပါတယ်။ ပါးစပ်ကလည်း ပွစိ ပွစိလှမ်းပြောလိုက်ပါသေးတယ်။ သူဘာပြောလဲ ကျွန်မ မကြားနိုင်ပေမဲ့ ဘာဖြစ်နိုင်တယ်ဆိုတာာေ  တာ့ မှန်းဆမိပါတယ်။ “မြန်မြန်လျှောက်လေ... ဘာလုပ်နေတာလဲ... နှေးတုံ့နှေးတုံ့နဲ့... ဟောဒီမှာ နေပူနေပြီ...”စသည်ဖြင့် မြည်တွန်တောက်တီး လိုက်တာဖြစ်မှာ အသေအချာပါပဲ။

ဟိုတုန်းက “အသက်နဲ့ အတူး”အဖြစ် သဘောတကျရှိခဲ့ရတဲ့ ဒီလူကြီးကို ဟင်းအိုး ထမင်းအိုးအောက်က ကျိုးကပ်နေတဲ့ အတူးကြီးလိုမျိုး စိတ်ပျက်အမြင်ကတ်မိပါတော့တယ်။

x x x x x

(၄)

နောက်တစ်စုံတွဲ အားကျဖူးခဲ့တာက ရီရီနဲ့ ကိုအောင်တို့စုံတွဲပါ။ ကိုအောင်က တက္ကသိုလ် လက်ရွေးစင် ဘတ်စကတ်ဘောလ် အားကစားသမားမို့ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောခန့်ခန့် အစ်ကိုကြီးပါ။ ရီရီကတော့... ပိုးဟပ်ဖြူလေး 
လို သေးသေး ကွေးကွေး သွယ်သွယ်လျလျလေး။ ကျန်းမာရေးကလည်း မကောင်းလှဘဲ ထစ်ကနဲရှိ ချူတိချူနာကလေးပါ။ ဒါကြောင့်လည်း ကိုအောင်တစ်ယောက်ဟာ ရီရီ့ကို ပိုးတောင့်တဲလေးလို အရိပ်တကြည့်ကြည့် ဂရုစိုက်ရပါတယ်။

ရာသီဥတု အေးရင်ချက်ချင်း အအေးမိ နှာစေးတတ်ပြီး နေပြင်းရင် မူးမိုက်လဲပြိုမလို ဖြစ်တတ်တဲ့ ရီရီဟာ... ကိုအောင်လို လူမျိုးနဲ့မှ တကယ့်ကို လိုက်ဖက်တာပါပဲ။ တစ်ခါများ ပူပြင်းလှတဲ့ နေ့တစ်နေ့ ရီရီဟာ နှာခေါင်းသွေးတွေ လျှံကျလာပြီး မိုက်ကနဲခွေလဲသွားခဲ့တာ အနီးအနားမှာ ကိုအောင် တစ်ယောက် ရှိနေပေလို့သာပေါ့။ ရီရီ့ကို ဆတ်ကနဲ စွေ့ကနဲနေအောင် ပေါ့ပေါ့ပါးပါးကလေး ကောက်ပွေ့လိုက်ပြီး အဓိပတိလမ်းမကြီးတလျှောက်အတိုင်း တက္ကသိုလ်ဆေးရုံရောက်အောင် ကိုအောင် တလွှားလွှားပြေးသွားတဲ့ မြင်ကွင်းဟာ သိပ်ကို ကြည့်လို့ကောင်းတာပါပဲရှင်။

ကျွန်မတို့ သူငယ်ချင်းတစ်စုက နောက်ကနေ ရီရီ့ထမင်းဘူး လွယ်အိတ်တို့ကို ဝိုင်းသယ်ရင်း အပြေးအလွှားလိုက်ကြတာတောင် အားကစားသမားကြီး ကိုအောင်ရဲ့ သန်စွမ်းလျင်မြန်တဲ့ ခြေလှမ်းတွေကို မမီပါဘူး။ ရုပ်ရှင်ဇာတ်ဝင်ခန်းလိုကို ကြည့်ကောင်းခဲ့တာမျိုးရှင့်။ ကိုအောင်ဟာ ရီရီ့အတွက်ကို အစစ အရာရာ ဖြတ်လတ်သွက်လက်စွာ အမြဲအဆင်သင့်ရှိနေသူပါပဲ။ လေးတိလေးကန် အိပဲ့အိပဲ့ ရည်းစားမျိုးရထားတဲ့ မိန်းကလေးမျိုးတွေဟာ ကိုအောင့်ကိုကြိတ်ပြီး စိတ်ကူးယဉ်ခဲ့ကြမယ် ထင်မိတာပဲ။

အသက်ရဲ့ အတူးနဲ့ ရီရီရဲ့ ကိုအောင်ဟာ ချစ်သူကို ဂရုစိုက်ပုံခြင်းမှာ တစ်မျိုးတစ်ဘာသာစီ သူမသာ ကိုယ်မသာပါပဲ။ ကိုအောင်ဟာလည်း သူ့ ချစ်သူ ရီရီ ဘယ်အချိန် ဘာလိုအပ်နေသလဲ သိတတ်လွန်းတဲ့သူ။ ရီရီ့အဆောင်ကို အပူချိန် အပူ၊ အအေးချိန် အအေး၊ ဆေးချိန်ဆေး၊ သွားစရာရှိ တယ်ဆိုတာနဲ့ အဆောင်ရှေ့ သူကားက ဝေါကနဲ ထိုးဆိုက်ပြီး ရီရီတက်ဖို့ တံခါးဖွင့်ပေးပြီးသား။ သူတို့တွေကို ကြည့်ရမြင်ရတာ တော်တော်တော့  အကုသိုလ်များခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ တို့ကို မြင်ပြီးတိုင်း ကိုယ့်လူကိုယ် နေရင်းထိုင်ရင်း သတ်ချင်သလိုလို ဖြတ်ချင်သလိုလို အခြောက်တိုက် အမြင်ကတ်ကတ် လာရတတ်လွန်းလို့ပါ။

အပျိုကြီး ဖြစ်ရတာလည်း ခပ်ကောင်းကောင်းပါရှင်။ “ပြောင်းလဲတတ်တဲ့ မင်းကို ဘယ်လိုမှ နားမလည်”ဆိုတဲ့ သီချင်းမျိုး မညည်းရတော့ဘူးပေါ့။ ယောက်ျားတွေရဲ့ ပြောင်းလဲချက်များ ပြောပါတယ်။ တကယ့်ကို အံ့သြလောက်စရာရယ် ပါ။
သူတို့ လင်မယားနဲ့ ဝေးကွာနေတာ အတော်ကြာပြီ။ ဟိုတလောက သူတို့ရန်ကုန်ရောက်နေ တယ်ကြားလို့ ဖုန်းဆက်ချိန်းပြီး ကျွန်မက ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးဖြစ်ပါတယ်။ တွေ့တာနဲ့ အင်မတန်ဆူဖြိုး ဝတုတ်နေတဲ့ ကိုအောင့်ကို အံ့အား 
သင့်ရတာပါပဲ။ ကျောင်းတုန်းက တောင့်တင်းဖြောင့် စင်းကျစ်လျစ်ခန့်ညားခဲ့တာတွေက အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ စားကြသောက်ကြတော့လည်း မဆင်မခြင် မချင့်မချိန် စားလိုက်တာများဆိုတာလေ။ ရီရီကတော့ဖြင့် အရင်လိုဖွေးဆုတ်ဆုတ် ဖျော့တော့တော့ ပိန်သွယ်သွယ်လေးပါပဲ။

ကျွန်မတို့ စားသောက်ပြီးကြလို့ ဆိုင်က ထွက်လာတော့ အပြင်မှာနေကပူနေတာမှ ကျဲကျဲတောက်။ သူတို့ကားရော၊ ကျွန်မကားရော လမ်းမရဲ့ ဟိုဖက်ကမ်းအခြမ်းမှာ ရပ်ထားခဲ့တာမို့ ကားလမ်းမကိုအတူ ဖြတ်ကူးကြပါတယ်။ နေကလည်း ပူ လမ်းမကြီးကလည်း ကားရှင်းနေချိန်မို့ ကျွန်မနဲ့ ရီရီက ရှေ့ကနေ ခပ်သွက်သွက်လေး လမ်းကူးခဲ့ကြပါတယ်။

နေပူလွန်းလို့တဲ့ လမ်းမရဲ့ ခလယ်ကောင် တစ်ဝက်လောက်ကထဲက ကျွန်မက လမ်းဟိုဖက်ကမ်းက ကျွန်မကားကို ကားသော့ရီမုန်ကွန်ထရိုးနဲ့ တွီကနဲ သော့လှမ်းဖွင့်ထားပြီး “ရီရီရေ သွားပြီဟာ” လို့ နှုတ်ဆက်ရင်း ကျွန်မကားဆီ ခပ်သွက်သွက်ပြေး ခပ်သွက်သွက်တံခါးဖွင့် ဝင်ထိုင်လိုက်ပါတယ်။ ကျွန်မတို့ ကားနှစ်စီးက ဆယ့်ငါးပေလောက်ကွာပြီး ကြားကရပ်ထားတဲ့ ကားတွေထွက်သွားကြပြီ ဖြစ်တာမို့ကြားမှာ ဟာလာဟင်းလင်း ရှင်းရှင်းကြီး လှမ်းမြင်နေရပါတယ်။

ရီရီဟာ သူတို့ကားဘေးရပ်ပြီး လက်ဝါးလေးကို နဖူးစပ်မှာ ကာအုပ်လို့ သူ့ယောက်ျား ကိုအောင် ရှိရာ မျှော်စောင့်နေပါတယ်။ ကျွန်မ ကိုအောင့်ဆီ လှမ်းကြည့်လိုက်တော့ ခုထိ လမ်းမတစ်ဝက်လောက်မှာပဲ ရှိနေသေးတဲ့ ကိုအောင်ဟာ. သူ့ရဲ့ စရည်းအိုးကဲ့သို့ ဗိုက်ရွှဲကြီးကိုကော့ကာ... သွားကြားလေးထိုးရင်းက တစ်လှမ်းချင်း လမ်းကူးလာနေသည်မှာ စလိုးမိုးရှင်းနဲ့ရှင့်။

နှစ်နှစ်ဆယ်အတွင်း ဝပြဲလန်သွားတဲ့ အချိုးအစား၊ လေးလံဖင့်တွဲသွားတဲ့ လှုပ်ရှားမှုတွေနဲ့ တစ်ထောင့်တစ်ည လှမ်းလာမှာဖြင့်ရင်လည်း ကားတံခါးကို ရီရီဝင်နှင့်လို့ရအောင် ရီရီကြာကြာနေမပူအောင် အဝေးကလှမ်းဖွင့်ပေးလိုက်လေ။ တစ်ချိန်က အင်မတန်အောက်သက်ကြေ သိတတ်သူကြီးလေ။ ခုတော့လည်း ရီရီနေပူထဲ မူးလဲမှာ မပူပင်တော့သလိုပါလား။ ဗိုက်ကော့ဖင် လှုပ်လျှောက်နေတာ ဖြေညင်းစွာ။

ရီရီတစ်ယောက် နေပူပြင်းကြီးကို မျက်လုံးထဲ မထိုးနိုင်အောင် လက်ဝါးလေးနဲ့ကာရင်း ကိုအောင်ရောက်လာတဲ့ထိ ရပ်စောင့်နေရပါတယ်။ ကိုအောင်ဟာ သူကိုယ်တိုင်ကားနားနီးနီးရောက်မှပဲ ကားကို ရီမုတ်နဲ့ တွီကနဲဖွင့် ဝင်ထိုင်လိုက်ပါတယ်။ ရီရီလည်း အဲဒီတော့မှပဲ ဝင်ထိုင်ရတော့တာပေါ့လေ။ ယောက်ျားတွေဟာ အသက်ကြီးလာရင် အတိတ်မေ့တတ်တာပဲလား။ အဲသလို အသည်း ယားစရာ ပြောင်းလဲသွားကြတာကို မခံစားရတဲ့ အပျိုကြီးဆိုတဲ့ ဘဝကို ကျေနပ်ပြီးရင်း ကျေနပ်ရင်း ဖြစ်ရတယ်။ ငါ့နှယ် တော်လိုက်တာ ရယ်လို့လေ။

x x x x x

(၅)

ကျွန်မ အရီချင်ဆုံးကတော့ ကျွန်မ ငယ်ချစ်ဟောင်းပါပဲရှင်။ သူဟာလေ ကျောင်းတုန်းက တော်တော်ကို ရှိုးပေးတာရှင့်။ ဝတ်လိုက်ရင်လည်း ဘရန်းဒက်ဒ်တွေကိုမှ ကျော့မော့နေအောင်ဝတ်တာ။ သူ့အင်္ကျီဆိုတာ တစ်ကြိမ်တစ်ခါမှ တွန့်တွန့် ကြေကြေမရှိဖူးတဲ့အပြင် ခုချက်ချင်းမီးပူတိုက်ပြီး ကာစလို အမြဲကော့ပျံနေတာ။ Fabric Starch Spray နဲ့မှ မီးပူတိုက်တာတဲ့။

ဆံပင်ဆိုလည်း သူ့စိတ်ကြိုက်စတိုင်လ်ကို ပုံမပျက်အောင်ထားတဲ့သူ။ လက်ကလေးတွေ ခြေထောက်ကလေးတွေဆိုလည်း သန့်နေအောင်ထားတတ်တယ်။ သူ့ကိုယ်ကနေ ယောက်ျားလေးသုံး အင်မတန် လတ်ဆတ်တဲ့ ဘော်ဒီစပရေး ရနံ့တစ် မျိုးဟာ အမြဲတသင်းသင်းပျံ့နေတတ်တယ်။ အဲသလို သူ့ကိုယ်သူ သနေတတ်တဲ့ အလှကြိုက် ယောက်ျားမို့လည်း ကျွန်မလို မျက်နှာပြောင်နဲ့ ရေေ မွှးတောင် မသုံးတတ်တဲ့ တွေ့ကရာဆွဲဝတ်၊ ဗြုတ်စဗျင်းတောင်း မ ကို ပစ်သွားတာဖြစ်မှာပါလေ။

အသည်းကွဲချိန်ကတော့ အင်မတန်မခံရဆိုးပေမဲ့ တဖြည်းဖြည်းနေသားကျလာပြီးတဲ့နောက် အခုလို အပျိုကြီးဘဝကို အိမ်ထောင်သည်တွေဘဝထက် ခုံမင်တန်ဖိုးထားလာချိန်မှာတော့ စိတ်ထဲ ဘာမှသိပ်မရှိလှတော့ပါဘူး။ သူနဲ့လက်ထပ်သွားတဲ့ ညီမဝမ်းကွဲကိုလည်း မခေါ်မပြောတော့ပဲ ဆွေမျိုးပြတ်သလို ဖြစ်သွားလိုက်တာ နှစ်ပေါင်းနှစ်ဆယ်နီးပါးပါပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ အမျိုးထဲက အဘိုးတစ်ယောက်အသုဘမှာ အမျိုးတွေ တော်တော်များများ ပြန်ဆုံကြတော့ အဲဒီညီမဝမ်းကွဲနဲ့လည်း ပြန်ဆုံဖြစ်ကြတယ်ပေါ့။ သူလည်း လေးဆယ်၊ ကိုယ်လည်း လေးဆယ်ကျော်ဖြစ်နေကြပြီ။ ခုထိ မခေါ်နိုင် မပြောနိုင် ဖြစ်နေရတာက ပိုရှက်စရာကောင်းတယ်ထင်လို့ ကျွန်မရှိတဲ့ ဝိုင်းကို သူလည်း လက်ဖက်ပန်းကန်လာချရော... ကျွန်မကစတင်ပြီး ပြုံးနှုတ်ဆက်လိုက်ပါတယ်။ အင်း... အအိုရယ်လို့ မပြောရဘူး။ ကိုယ့်ထက် နှစ်နှစ်လောက် ငယ်သေးတာတောင်မှ ရုပ်ကကျသွားလိုက်တာ။ အပတ်စဉ်တိုင်း ခြေဆုံးခေါင်းဖျား ပြုပြင်ပေါင်းတင်နေတဲ့ ကျွန်မကတော့ ဘာအပူသောကမှလည်း မဖိစီး၊ ဆံပင်လေးချပြီး သူ့ထက်အများကြီး နုတုန်းလို့ ကျေနပ်ရတယ်။

ခုချိန်မှာ ငါ့ချစ်သူကို လုယူသွားလေခြင်းဆို တဲ့ အာဃာတလည်း သူ့အပေါ်မရှိတော့တာ အမှန်ပဲ။ အိမ်ထောင်ကျအပြီး အပြောင်းလဲကြီးပြောင်းလဲတတ်တဲ့ ယောက်ျားတွေကို အကြိမ်ကြိမ်မြင်တွေ့ လေ့လာထားပြီးတာမို့ သူ့အပေါ်မှာလည်းပဲ “မတော်တဆ ကံဆိုးရင် ငါခံရမယ့် ဒုက္ခတွေ ငါ ကံကောင်းလို့ ငါ့ကိုယ်စားခံနေရမယ့် မိန်းမ”လို့ ပဲ မြင်တော့တယ်။

သူတို့က ဆုံးတဲ့ အဘိုးနဲ့ တစ်အိမ်တည်း အပေါ်ထပ် အောက်ထပ်နေကြသူတွေမို့ “သူရိန်ရော” လို့လည်း ကျွန်မကပဲ ဘာမှမဖြစ်သလို စမေးလိုက်ပါတယ်။ သူ အလုပ်များလို့ ခွင့်မရလို့ နက်ဖြန်မှ နေပြည်တော်က ရောက်လာမတဲ့။ အင်း... ရက် လည်နေကျ မလာမဖြစ်လာရဦးမှာပဲဆိုတော့ အဲဒီ နေ့ကျတွေ့ရဦးတော့မှာပေါ့လို့ တွေးမိပါတယ်။

ရင်လား။ မခုန်ပါဘူး။ ဘယ်လိုမှကို မနေတာ။ ယောက်ျားမယူမိတဲ့ အဖြစ်နဲ့ အပျိုကြီးဘဝကို ကိုယ့်ဟာကိုယ် ကျေနပ်နှစ်သက်နေတာပါဆို။ မယုံလည်း မတတ်နိုင်ဘူးလေ။ သူ ဝနေမလား ပိန်နေမလားတောင်မှ မတွေးမိပါဘူး။ ရက်လည်နေ့ ကျတော့ အဲဒီအိမ်ကို ထွက်လာခဲ့တော့လည်းပဲ ဒင်းနဲ့ ပြန်ဆုံရတွေ့ရမယ်ရယ်လို့ ကိုယ့်ကိုကိုယ်ခါတိုင်းထက် ပိုပြီးလှလှပပပြင်သတာမျိုး ဘုရားစူးမလုပ်မိပါဘူး။ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ဖြစ်မှာမျိုးလောက်ပဲ စိတ်ထဲရှိပါတယ်။

ရက်လည် အိမ်ရောက်ရောက်ချင်း သူ့ကို မတွေ့သေးဘူး။ ခနနေမှ ဝမ်းကွဲညီမက (ရှောင်နေရာကျမှာစိုးလို့) သွားခေါ်လာတယ်နဲ့ တူပါတယ်။ အပေါ်ထပ်က ခုမှဆင်းလာပုံရပြီး ကိုယ်တွေ ဝိုင်း နားမလှမ်းမကမ်းလာထိုင်တယ်။ ကျွန်မကိုလည်း မေးတစ်ချက်ဆတ် နှုတ်ဆက်ပါတယ်။ အဲဒီအချိန်မှာ ဧည့်သည်အစိမ်းတွေလည်း ပြန်ပြီ။ အရင်းဆုံး အမျိုးတွေလောက်ပဲ ကျန်တယ်။ သွားသာခေါ်လာတယ်။ တကပ်ကပ်လုပ်နေရမှာတော့ ဝန်လေးပုံရတဲ့ ညီမဝမ်းကွဲက စကားပြောကြပါစေဆိုတဲ့ ပုံစံ နဲ့ ခပ်လှမ်းလှမ်းမှာကျန်ရစ်ရာက ရုတ်တရက် ဗြတ်ကနဲ သူ့ယောက်ျားနား ခပ်သုတ်သုတ်ကပ်လာပြီး လက်မောင်းကို ဆတ်ကနဲရိုက်လိုက်တယ်။

ကျွန်မကလည်း ဆံပင်မသေမသပ် ဖိုသီဖတ်သီနဲ့ သူ့ကို တအံ့တသြကြည့်နေမိချိန်မို့ သူ့မိန်းမက ဆတ်ကနဲတီးလိုက်တော့ ဘာများဖြစ်လို့ပါလိမ့်လို့ လန့်တောင်သွားမိသေးတယ်။ ဟောတော် လတ်စသတ်တော့ ဒင်းက စပို့ရှပ်အင်္ကျီကို ပြောင်းပြန်ကြီးဝတ်ထားတာကိုး။ သူ့မိန်းမက ရှက်ရှက်နဲ့ သတိလာပေးတာ။ သူ့ယောက်ျားရဲ့ ဖြစ်ကတတ်ဆန်းပုံကို စိတ်ပျက်ရှက်နိုးနေပုံနဲ့လေ။ သူယူထားတုန်းက ရုပ်ရှင်မင်းသား (-----) နဲ့ တူတဲ့သူ။ အခုတော့ မင်းသားမိတ်ကပ်နဲ့ ရုပ်ချပြီး ကြမ်းတမ်းတဲ့ဘဝ သရုပ်ဆောင်နေသလို ဖြစ်နေတယ်။ ရီလည်းရီချင်၊ သနားလည်းသနားတုန်း၊ ဗြုန်းဆို...။ ဟောတော်... သူဟာ သူ့စပို့ရှပ်အင်္ကျီကို လူတွေကြားထဲပဲ ကောက်ကာငင်ကာ ခေါင်းက လှန်ချွတ်လိုက်တယ်။ အောက်ကစွပ်ကျယ်လဲမပါ။ ဟန်ရယ်ပန်ရယ် ရှိုးရယ်မိုးရယ်လို့တောင် မရှိတော့ပါလားလို့သာတွေးရင်း သူ့ရဲ့အဆီတစ်ထပ် အသားတစ်ထပ်ကို မျက်နှာလွှဲရမလို ဆက်ကြည့်ရမလို။

သူက အင်္ကျီကို ပြောင်းပြန်လှန်လိုက်ပြီး ထည့်သွားတော့မှ ခေါင်းပေါ်ကစွပ်ချ ပြန်ဝတ်လိုက် ပါတယ်။ အပြုအမူတွေကိုက လူအိုကြီးစတိုင် ဖြစ်သွားပြီလေ။ သူ့မိန်းမက လည်ပင်းထဲ မသေမသပ် ခေါက်ဝင်နေတဲ့ကော်လာကို ဆွဲထုတ်ပေးတာကို တောင် သူကစိတ်မရှည်သလို ပခုံးတစ်ဖက်ရမ်း ပြီး “ကျွတ်”လုပ်လိုက်သေးတယ်။ အင်း... ဒင်းနဲ့ သာဖူးစာပါခဲ့ရင် အခု... သူ့ကော်လာဆွဲထုတ်နေရတဲ့နေရာမှာ ကျွန်မဖြစ်နေမှာ။

ဘုရားကျေးဇူးကြီးလှပါပေတယ်။ အပျိုကြီးဖြစ်ခွင့်ရတဲ့ ကံကောင်းခြင်းကို ပေးသနားလို့လေ။ ကံကြမ္မာချွတ်ချော်တိမ်းစောင်းလို့ အိမ်ထောင်များကျခဲ့ရရင် ကျွန်မဟာ မရခင်ဖျာလိုလိပ်ထိပ်ပေါ်တင်ပြီး ရလဲပြီးရော ဟန်ဆောင်မှုတွေ ကွာကျ တစ် ကိုယ်ကောင်းစိတ်တွေ ဘွားကနဲပေါ်လာတတ်တဲ့ ယောက်ျားဆိုတဲ့ အမျိုးအစားတစ်ယောက်ယောက်ရဲ့ နံဘေးမှာ သူတို့ရဲ့ အမြီးအမောက်မတည့် ဗြုတ်စဗျင်းတောင်းတွေကို သည်းခံဖြေရှင်း ပေးနေရလောက်ပြီ။

အပျိုကြီးဆိုတဲ့ နာမည်ကြီးကိုသာ မကြိုက်တာ။ အပျိုကြီးဖြစ်ခဲ့ရတာကိုတော့ နောင်တမရ ကျေနပ်လှတာပါဆို။ ပတ်ဝန်းကျင်က သူငယ်ချင်း အိမ်ထောင်သည်အအိုတွေနဲ့ ယှဉ်လိုက်တိုင်း ကိုယ့် 
ကိုကိုယ် ချီးမွမ်းမဆုံးမိတာကတော့ စိတ်ပျက်စရာကောင်းလှတဲ့ ယောက်ျားတစ်ယောက်ယောက်ကို လက်မထပ်ဖြစ်ခဲ့ဘဲ မသေမချင်းစင်ပေါ်က မဆင်းဘဲ နေနိုင်တဲ့ အပျိုကြီးဘဝကို ရွေးချယ်ပိုင်ဆိုင်ခဲ့ရလို့ပဲရှင့်။

စင်ပေါ်ကနေ အမြင်မတော်တာတွေကို ကြည့်ရှုတရားကျနေတဲ့ ကျွန်မအပျိုကြီးပါလို့....။

x x x x​ x