အချစ်မပြယ်ဆေး

ဆုမြတ်မွန်မွန်

လောကမှာ အိမ်ထောင်ရှင်တို့အတွက် “အချစ်မပြယ်ဆေး”ဆိုတာ... တကယ်ရှိတယ်ဆိုလျှင် အဲဒီဆေးဟာ တကယ်စွမ်းရဲ့လားဟု... နိုင် တွေးနေမိတာ ခုတလောမှာ ခဏခဏပဲဖြစ်ပါသည်။ နိုင့် သူငယ်ချင်း သီရိကတော့ တကယ်ရှိလို့ သူတကယ်ပဲ မှီခိုသုံးစွဲနေ၊ အကျိုးရလာဒ်ဖြစ်ထွန်းနေသည်ဟု ဆိုဖူးလျှင် အရာတိုင်း ခြွင်းချက်ဆိုတာ ရှိစမြဲဟူသော သဘောတရားကို နိုင် သဘောပေါက်နေသည်။ အချစ်မပြယ်ဆေးဆိုတာ တကယ်ရှိရင် လည်း ရှိမှာပေါ့။ ဒါပေမဲ့ ရောဂါအနုအရင့်နဲ့ လိုက်ပြီး အဲဒီဆေးရဲ့ စွမ်းဆောင်ချက်ဆိုတာလည်း ကွာခြားဦးမှာပေါ့။ မတိုးတော့ဆေး၊ ဆေးမတိုးတော့သည့် ရောဂါအတွက် အဲဒီဆေးဆိုတာကရော အသုံးဝင်နိုင်ပါဦးမလား။ အိမ်ထောင်ရေးသာယာ စေသည့် သော့ချက်တွေရှိပေမယ့် ဒါဟာလည်း သီအိုရီထုတ်လို့ရတဲ့ကိစ္စမှ မဟုတ်တာနော်။ နိုင့် အိမ်ထောင်ရေးဟာ ဆေးမှီသော၊ ဆေးတိုးသော အိမ်ထောင်ရေးဟုတ်သေးရဲ့လားဆိုတာ နိုင် ကိုယ်တိုင်သည်ပင်လျှင် ဇဝေဇ၀ါ။ အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ရေးကို ထူထောင်နိုင်သည့် သီရိကတော့ အဲဒါ နင် လိုခဲ့လို့ သက်သက်ညှာညှာဝေဖန်ရှာသည်။ နိုင် ဘာတွေလိုခဲ့သလဲ။ တကယ်တော့ ပြောရမည်ဆိုလျှင် နိုင်တို့ရဲ့ အိမ်ထောင်ဦးကာလအစတွေဟာလည်း သူတကာက အားကျငေးမောရသော ချစ်ခြင်းတွေနဲ့ စတင်ခဲ့ရတာပါပဲ။ အဲဒီဘ၀ကနေ အဆင်မပြေသောကာလတွေဆီ ရောက်လာခဲ့ရသည်ဆိုလျှင် တကယ်ပဲအိမ်ရှင်မ သက်သက်ရဲ့အပြစ်တွေ၊ လိုအပ်ချက်တွေကြောင့်ပဲလား။ သုံးနှစ်တာ လင်မယားသံယောဇဉ်သည် နိုင့်အတွက် ဘယ်လောက်အတိုင်းအတာထိ တိုးနိုင်မယ့်ဆေးလည်းဆိုတာ နိုင် ကိုယ်တိုင်လည်း ဇဝေဇ၀ါပါချေ။

x x x x x

နိုင် နှင့် မောင် သည် မိဘချင်းသဘောတူကာ ပေးစားခဲ့ကြသူများလည်း မဟုတ်ခဲ့ပါ။ ချစ်လှပါချည်ရဲ့ဟုဆိုပြီး မောင်ကိုယ်တိုင် ဇွဲနပဲကြီးစွာ လိုက်လံပိုးပန်းခဲ့ရသော နိုင်သည် ပြည့်စုံနိုင်ဝင်းဟူသော ယောက်ျားဆန်သည့် နာမည်ကိုပိုင်ဆိုင်ထားသလို။ ယောက်ျားဆန်သည့် လွတ်လပ်သောစိတ် နေစိတ်ထားရှိသူဖြစ်သလောက် အလှအပတရားကတော့။ မိန်းမဆန်လွန်းလှသည်။ နိုင်က မိန်းမဆန်စွာ ချောမောလွန်းသလို မောင်လည်းပဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါပဲ။ နိုင်တို့ အချစ်ရေးသည် နှစ်ဦးနှစ်ယောက် သာမန်သမီးရည်းစားများလို စိတ်ဆိုးစိတ်ကောက်ကြသည်မှလွဲ၍ ပြဿနာကြီးကြီးမားမား မရှိခဲ့။ နှစ်ဖက်မိဘလည်း ကြည်ဖြူသဖြင့် အေးချမ်းစွာ လက်ထပ်ခွင့်ရခဲ့သည်။ မောင့်ဘက်က လက်ဖွဲ့သော ကွန်ဒိုအခန်းတစ်ခုတွင် နေခဲ့ကြသည်။ မောင်ရော နိုင်ရော လွတ်လပ်မှုကို အတော်ခုံမင်ကြသူတွေ ဖြစ်လေရာ အိမ်မှာအိမ်ဖော်တောင် မထားခဲ့ပဲ နှစ်ယောက်သားသွားချင်ရာသွား စားချင်ရာစား နေချင်သလိုနေဆိုသည့် အမျိုးအစားဝင်ခဲ့သည်။ ကိုယ်တိုင်လည်း လွတ်လပ်မှုကို မြတ်နိုးသော နိုင့်အတွက် မောင့်ကိုလည်း သ၀န်တိုခြင်း၊ ချုပ်ချယ်ခြင်း၊ ၀င်ရောက်စွက်ဖက်ခြင်း တစ်ခုမှ မလုပ်ခဲ့ပဲ မောင့်စိတ်သဘောအတိုင်းသာ နေစေခဲ့ခြင်းသည်ကပဲ နိုင့်ရဲ့ အိမ်ထောင်ရှင်မ မပီသခဲ့သော ညံ့ဖျင်းမှုတစ်ခုဟု ဆိုရလေမလား။ အိမ်ထောင်ကျပြီး တစ်နှစ်လောက်မှာပဲ မောင့်ရဲ့ စီးပွားရေး အရှိန်အဟုန်က ပို၍အားကောင်းလာခဲ့ပြီး ၀င်ငွေတွေ တရိပ်ရိပ်တိုးလာလေလေ။ ယောက်ျားတစ်ယောက်အဖို့ အန္တရာယ်တွေ ပိုဝိုင်းလာလေလေဆိုတာ မရိပ်မိနိုင်တဲ့အထိ နိုင် ဘာကြောင့် ညံ့ဖျင်းစွာ မသိရတာပါလိမ့်နော်။ လူနှစ်ယောက်ကြားမှာ အချစ်တွေပဲ လိုအပ်ပြီး ချည်နှောင်ခြင်းတွေဟာ အချစ်ကို သတ်တဲ့လမ်းစလို့ နိုင် ဘာလို့ အယူမှားခဲ့မိတာပါလိမ့်။ အသက်နှစ်ဆယ့်ခုနှစ်မှာ အိမ်ထောင်ကျပြီး ကလေးယူဖို့ စောသေးသည်ဟူသော  သတ်မှတ်ချက်ဖြင့် အသက်သုံးဆယ်ထိ ကလေးမယူမိခြင်းကရော နိုင့်အမှားပဲလား။ ဒါ ပေမယ့် ဒီကိစ္စဟာ မောင်ရော နိုင်ရော သဘောတူ ကြည်ဖြူခဲ့ကြတာပဲလေ။

မောင့်မှာ နောက်တစ်ယောက်ရှိနေပြီဟု သိလိုက်ရစဉ်မှာ ဒေါသလည်းမထွက်၊ ၀မ်းလည်းမနည်း၊ ရုတ်တရက်မို့ ကြောင်တောင်တောင်ဖြစ်ပြီး လူက မယုံနိုင်ခြင်းတို့သာ ကြီးစိုးနေချိန်မှာ သွေးအေးတည်ငြိမ်ခြင်းသည် နိုင့်ရဲ့ အားသာချက်တစ်ခုလို့ပဲ ပြောရလေမလား။ အဲဒီအချိန်မှာ နိုင် ပထမဆုံးသတိရမိတာ သီရိ ကိုပါပဲ။ ပြောမနာ ဆိုမနာဖြစ် သော သီရိကတော့ ဆန်ရင်းနာနာဖွပ်ဆိုသလိုပဲ နိုင့်ကိုပဲ ပြစ်တင်မာန်မဲရင်း နောက်ဆုံးတော့ အကြီးတို့ထားရှိရမည့် မေတ္တာလမ်းစဉ်ကိုသာ နားချတော်မူခဲ့သည်။

“နင်ကိုက လိုတာ နိုင်။ နင် အောင်အောင့်ကို ဒီလောက်လွှတ်မထားသင့်ခဲ့ဘူး။ အထူးသဖြင့် သူစီးပွားအရမ်းဖြစ်လာတဲ့အချိန်မှာ ပိုလွှတ်မထားသင့်ဘူး။ ဒီလို လူမျိုးကို ၀င်တိုးချင်တဲ့ တမင်ကို ၀င်လာတဲ့မိန်းကလေးတွေရှိတယ်ဆိုတာ နင် သိထားသင့်တယ်လေ နိုင်ရဲ့”

“ငါက မောင့်ကို မချုပ်ချယ်ချင်ခဲ့တာ။ လွတ်လပ်စွာ နေစေချင်ခဲ့တာ သီရိရဲ့။ မောင်ရော ငါရော လွတ်လပ်မှုကို ကြိုက်တယ်လေ”

“နင် မှားနေပြီ နိုင်။ ယောက်ျားတစ်ယောက်ကို ချုပ်ချယ်တာနဲ့ လွှတ်မထားတာ မတူဘူး။ နင့် ဟာက ချုပ်ချယ်တာမဟုတ်ပဲ လွှတ်ထားတာ။ နင့် ယောက်ျား ဘာလုပ်နေလဲ၊ ဘယ်သွားနေလဲ၊ ဘယ်သူတွေနဲ့ တွေ့နေလဲ နင် သိလား။ နင်ဘာမှ မသိဘူးလေ။ ချုပ်ချယ်တယ်ဆိုတာ ဟိုဟာမလုပ်ရ။ ဒီဟာမလုပ်ရ လိုက်ကန့်သတ်တာမှန်တယ်။ အေး မချုပ်ချယ်ဘူးဆိုတာဟာ ယောက်ျားလုပ်သမျှ ဘာမှမပိတ်ပင်ပေမယ့် သိတော့သိနေ တယ်ဆိုတဲ့ သဘော။ ယောက်ျားကို မျက်ခြေမပြတ်အကဲတော့ ခတ်နေရမယ်လေဟာ”

“ဘာလဲ။ ဒါဆို ငါကလွှတ်ထားတဲ့သဘော ရောက်နေတယ်လို့ ပြောချင်တာလား”

“ပြောချင်တာ မဟုတ်ဘူး။ ပြောကို ပြောနေတာ။ ဒီမှာ နိုင် နင် အောင်အောင့်ကို ဘယ်လိုတွေး ထင်ထားတာလဲ။ အောင်အောင်ဟာ နင့်ကိုပဲ သေတပန်သက်ဆုံး သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးသွားမယ်လို့ နင်ယုံကြည်နေတာလား”

“ဟယ် ဘုရားရေ နင်ရော နင့်ယောက်ျားကို ဒီလိုပဲယုံကြည်ထားတာ မဟုတ်ဘူးလား”

“No လုံးဝ မယုံကြည်ထားဘူး”

“ဘာရယ်... ဘယ်လို”


သီရိလို ယောက်ျားအပေါ်မှာ မယားဝတ္တရား ငါးပါးထက် ကျော်လွန်အောင်တောင် ဖြည့်ဆည်းတတ်သော မိန်းမထံမှ ဒီလိုစကားမျိုးကြားရသဖြင့် နိုင် ပိုအံ့သြသွားရသည်။ ကြည့်စမ်း နိုင့်ပတ်ဝန်းကျင်က အနီးဆုံးလူတွေဟာ နိုင်ထင်ထားသလို မဟုတ်ပဲ ဆန့်ကျင်ဘက်တွေချည်း ဖြစ်နေကြတာပါလား။

“ယောက်ျားဆိုတာ ရည်းစားဘ၀တုန်းကလိုပဲ အိမ်ထောင်ကျတဲ့အထိ အိမ်ထောင်ရှင်ကာလ တစ်လျှောက်လုံး သစ္စာရှိရှိ ရိုးမြေကျချစ်သွားဖို့ နင် မျှော်လင့်လို့ရချင်ရမယ်။ ဒါပေမယ့် သူတို့ကို လုံးဝ ယုံကြည်ပြီး လွှတ်ထားလို့တော့မရတော့ဘူး နိုင်။ ဘယ်လောက်ယုံကြည်ရပါတယ်ဆိုတဲ့ ယောက်ျားပဲပြောပြော ခြွင်းချက်တစ်ခုတော့ ရှိစမြဲပဲ။ အထူးသဖြင့် ပိုက်ဆံအရှာကောင်းတဲ့ ယောက်ျားတွေ ပို စိတ်မချရဆုံးပဲ”
တစ်ခုခုပြန်ပြောဖို့ဟန်ပြင်သော နိုင့် ပါးစပ် မှ ဘာစကားမှ ပြန်မပြောနိုင်ခဲ့ချေ။ မပြေးသော် ကံရာရှိ သီရိစကားတွေက မှန်နေခဲ့ပြီလေ။

“နင်က အစထဲက လွဲလာတာ နိုင်။ နင် အောင်အောင့်ကို ချစ်သလို နင်ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ်နေတတ်တဲ့အတွက် ကိုယ်ချင်းစာပြီး ယောက်ျားလည်း ကြိုက်သလိုနေလို့ သဘော ထားပေးလိုက်တာ။ ယောက်ျားရဲ့ဟန်းဒ်ဖုန်းကို တောင်မှ တစ်ခါလေးယူမစစ်ဘူးတာ ဒါတွေက နင့် ယောက်ျားကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်ခဲ့တဲ့ကိစ္စတွေပဲ နိုင်”

“သီရိရယ် ငါ တကယ်ပဲ ရူးချင်ပါရဲ့။ ငါ အိမ်ထောင်ရှင်တစ်ယောက် မဖြစ်ထိုက်တဲ့သူလား ဟင်”

“ခုချိန်ကျမှ အပြစ်တွေပြောနေလို့ မရတော့ဘူး နိုင်။ ရောက်နေတဲ့ နေရာကနေ အကောင်းဆုံး အခြေအနေဖြစ်ဖို့ နင်ပြန်အဖတ်ဆယ်မှရတော့ မှာ။ အခုအနေအထားက နင့် ယောက်ျားကလည်း သာယာမှုတစ်ခု ယောက်ျားကောင်းမောင်းမတစ်ထောင် ဖိလင်လောက်သာ ရှိသေးတဲ့ပုံ။ ဟိုဘက်ကလည်း Belta အဆင့်လောက်နဲ့ တင်းတိမ်ရောင့်ရဲနေချိန်မှာ နင်လိမ္မာပါးနပ်စွာ ဖြေရှင်းတတ်ဖို့ပဲ။ အဓိက,က နင့် ယောက်ျားကို နင် ပြန်စည်းရုံးနိုင်ရမှာ။ တစ်ဖက်ကို ပြဿနာရှာစရာ မလိုဘူး”
နိုင် သက်ပြင်းသာ ချမိတော့သည်။ သီရိက သူ့အိမ်ထောင်ရေးကို လေ့လာကြည့်ပါဆိုသဖြင့် တစ်ရက်လောက် သူ့အိမ်သွားကာ အကဲခတ်ကြည့်မိလျှင် သီရိနှင့် နိုင့်ကြားက ကွာခြားလှသော အိမ်ရှင်မအရည်အချင်း ကို တွေ့မြင်ရလေသည်။ သီရိသည် တကယ့်ကိုလိုက်မမှီအောင်တော်သော အိမ် ထောင်ရှင်မတစ်ဦးပါပေ။ ယောက်ျားရဲ့ ဝေယျာဝစ္စကိုလည်း မျက်ခြေမပြတ်သလို။ ကလေးနှစ်ယောက်ကိစ္စကိုလည်း မလစ်ဟင်းစေရ။ ကိုယ့်ကိုကိုယ်လည်း Spa သွားဖို့၊ Shopping ထွက်ဖို့ အချိန်ရအောင်လည်း ဖန်တီးနိုင်သေးသည်။ ချီးကျူးရဆုံးမှာတော့ ယောက်ျားစားမည့် ထမင်းဝိုင်းကို နေ့စဉ်အရသာရှိလွန်းအောင် ဖန်တီးနိုင်ခြင်းပါပဲ။

“နင်ထင်လား မိနိုင်။ နင့်ယောက်ျားက အပြင်က ဈေးကြီးတဲ့ဆိုင်တွေ အရသာရှိတဲ့ဆိုင်တွေက အစားအသောက်တွေမှပဲ စားမြိန်လိမ့်မယ်လို့ ထင်နေလား။ နင် ကြိုးစားပမ်းစားနဲ့ ချက်ပြုတ်ထားတဲ့ လက်ဖက်သုတ်တစ်ပွဲနဲ့ ကြက်ဥကြော်ဟာ သူ့ အတွက် နှလုံးသားနဲ့ ချက်ပြုတ်ထားတယ်ဆိုတာ သူခံစားသိနိုင်ရင် အဲဒါကို တန်ဖိုးထားမှာပဲ။ ငါက ညစာထမင်းဝိုင်းကို ဂရုတစိုက်စီစဉ်တယ်။ ဒီအချိန်လေးပဲ တစ်နေကုန်ခွဲနေရတဲ့ မိသားစုတွေ ဆုံဆည်းရတာလေ။ နင် သိလား ယောက်ျားတော်တော်များများက အစားအသောက်ကောင်းကို မက်မယ်။ အဲ... အဲဒီ အစားအသောက်ကောင်းကို သူတို့ မိန်းမက ဖန်တီးပေးနိုင်တယ်ဆိုရင် အဲဒါလည်း အချစ်မပြယ်စေတဲ့ဆေးထဲမှာပါတဲ့ ဗီတာမင်တစ်မျိုးပဲ နိုင်”

သီရိစကားတွေက တွေးစရာတွေ ပါလှပါသည်။ တကယ်တော့ အချစ်မပြယ်ဆေးဆိုတာ အဲဒီဆေးထဲမှာပဲ ဗီတာမင်အမျိုးအစားစုံသလို အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ အရည်အချင်းတွေ အများအပြား ပါဝင်နေရမှာပါလား။ အားဆေးတစ်ခုမှာ ဗီတာမင်တွေ စုံလင်လေ အစွမ်းထက်သလို အိမ်ထောင်ရေးရဲ့ အချစ်မပြယ်ဆေးမှာလည်း အကြင်နာဓာတ်တိုး ဗီတာမင်အုပ်စုတွေ များများပါမှ သာယာသောအိမ်ထောင်ရေးကို ထူထောင်နိုင်မှာပါလားဆိုတာ နိုင် ကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပြီတည်း။ သီရိက နားလည်သလောက် အားပျော့သွားကာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျချင်သလိုဖြစ်နေသော နိုင့်လက်ကလေးကို အားပေးသလို ဆုပ်ကိုင်ရင်း။


“စိတ်မညစ်ပါနဲ့ နိုင် ရယ်။ အိမ်ထောင်တစ်ခုကို သာယာအောင် ထိန်းသိမ်းတယ်ဆိုတဲ့အလုပ်က ထင်သလောက်မလွယ်ပေမယ့် မိန်းကလေးတိုင်းမှာ အခြေခံပါရမီတော့ ပါလာတတ်ကြပြီးသားပဲလေ။ ဒါဟာ ဂုဏ်ယူတတ်မယ်ဆိုလည်း အရည်အချင်းကောင်းတစ်ခုပါ။ မိန်းမဆိုတာ ယောက်ျားကို ချုပ်ချယ်တာနဲ့ လွှတ်မထားတာ ကွာခြားလွန်းတယ်ဆိုတာ နင်ကောင်းကောင်းကြီး သဘောပေါက်သွားပြီဆိုရင် နင် ပြင်ဆင်ဖို့အချိန်နောက်မကျသေးပါဘူး နိုင်ရယ်”

“ဟက် ဟက် ယောက်ျားကို အပြည့်အ၀ မယုံကြည်ခြင်းဆိုတာလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပဲပေါ့ ဟုတ်လား”
နာကျင်သံစွက်နေသည့် နိုင့် စကားသံကို သီရိက နှစ်သိမ့်ပြုံးလေးတစ်ခုစွက်ကာ...

“ဒါဟာ ငါတစ်ယောက်ထဲရဲ့ အယူအဆပါ။ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ သေချာတာကတော့ လောကမှာ ဘယ်အရာကိုမှ မျက်စိစုံမှိတ် ယုံကြည်စိတ်ချလွန်းတာတော့ မကောင်းဘူးလေ နိုင်။ အခြေအနေဆိုတာ အမြဲ ပြောင်းလဲနေတတ်တာ မဟုတ်လား။ အိမ်ထောင်ရှင်မဆိုတာ ခင်ပွန်းကိုလည်း မျက်လုံးစုံမှိတ် ယုံကြည်ထားဖို့ မလိုသလို သားသမီးကိုလည်း မျက်လုံးစုံမှိတ် မယုံရဘူး။ ကိုယ့်ယောက်ျား ကိုယ့်သား သမီးက ဘယ်လောက်ယုံကြည်ရတယ်ပြောပြော သူတို့မှာ ပတ်ဝန်းကျင်တစ်ခုရှိသေးတာ မမေ့နဲ့။ အဲဒီ ပတ်ဝန်းကျင်ရဲ့အနေအထားကို အမြဲစောင့်ကြည့်နေရမှာ နင်တို့ ငါတို့ မိန်းမတွေရဲ့ အလုပ်ပဲ မဟုတ်လား။ သိပ်မခက်ခဲပါဘူး နိုင်။ နင် လုပ်နိုင်ပါတယ်။ နင်က တခြားမိန်းမတွေ မကျွမ်းကျင်တဲ့ တင်းနစ်ရိုက်တာ၊ ချက်စ်ထိုးတာတွေတောင် ကျွမ်းကျင်တဲ့လူပဲ။ ကိုယ့်ယောက်ျားကို နှလုံးသားနဲ့ စောင့်ရှောက်တဲ့အလုပ်ဆိုတာ မိန်းမတိုင်းမှာ ပါလာပြီးသား ပါရမီပါဟာ”

ဟုတ်ပါ့မလား။ အဲဒီ ပါရမီဟာ မိန်းကလေးတိုင်းမှာ ရှိပါ့မလား။ နိုင့်လို မိန်းကလေးမျိုးတွေရော မရှိနိုင်တော့ပြီလား။ ဘာပဲဖြစ်ဖြစ် ထူထောင်ပြီးသား အိမ်ထောင်တစ်ခုကို မပျက်စီးစေချင်သည့် ဆန္ဒကတော့ မိန်းကလေးတိုင်းမှာ ရှိကြလိမ့်မည်။ အဲဒီဆန္ဒလေးတစ်ခုအတွက်ကြောင့်ပဲ နိုင်တို့ မှီဝဲသုံးစွဲရမည့် “အချစ်မပြယ်ဆေး”ထဲတွင် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နားလည်ခြင်းစသော ဗီတာမင်အုပ်စုတွေကတော့ အချိုးများများပါရလိမ့်မည်မှာ မလွဲဧကန်ပဲ ဖြစ်မည်ထင်လေသည်။    ။