ဘာလီသကြားလုံး

မောင်ရေ... ဘာလုပ်နေလဲ...
ပို့လိုက်တဲ့မက်စေ့ခ်ျ ကို ချက်ချင်း ပြန်မဖြေတဲ့အခါ
မနာလိုစိတ်က ရင်ဝကို ပူခနဲဆောင့်တက်လာတယ် 
ဟိုမိန်းမနားကပ်နေပြန်ပြီထင်တယ်...
ဟင်း... တောက်... ဖုန်းခေါ်လို့လဲ မဖြစ်သေးပါဘူး...
ဒေါသနဲ့ပူလောင်နေတုန်း...
ခုမှလိုင်းပေါ်တက်ဖြစ်လို့ သက်လေး...
ဟွန်း ခုမှ...
ဒီမှာ မအိပ်သေးပဲမျှော်နေရတာ... မောင်ရဲ့
ဟိုတစ်ယောက် မအိပ်သေးပဲ ရစ်နေလို့ပါကွာ...
ဘာတွေရစ်...??
ထုံးစံအတိုင်းပေါ့... ပေါက်ပေါက်ဖေါက်နေတာ
အင်း ထင်ပါတယ် မောင့်ကို သက် ချစ်လိုက်မိတာ အဲ့လို စိတ်ဆင်းရဲနေရတာတွေကို သနားလို့...
သက်ရဲ့ နားလည်မှုတွေနဲ့ ဖြည့်ဆည်းပေးချင်လို့ သိလား...
အင်းပါ သက်ရဲ့...
သက်လေ... မောင့်ကို အရာရာပေးဆပ်ပြီး ပြုစုယုယချင်လိုက်တာ... ခုလို သက်ကို လာခိုးချစ်နေရတဲ့ မောင့်ရဲ့ဘဝလေးကို လွတ်မြောက်စေချင်လိုက်တာ...
မဖြစ်သေးလို့ပါ သက်ရယ် သူ့ကို ကွာချင်နေတာကြာပေါ့ စိတ်ပျက်လှပြီ... ဖေဖေ့ကို ကြောက်ရလို့သာ.. ဆက်ပေါင်းနေရတာ...
မောင့်မှာ သမီးကလည်း ရှိနေတော့... ဆုံးဖြတ်ရခက်တာတွေ အများကြီးပဲသက်ရယ်...
သက်... ဒါပဲနော် မောင်အိပ်ငိုက်နေပြီ 
မနက်ဖြန်တွေ့ကြမှပဲ တဝကြီးပြောကြတာပေါ့...
ဟုတ်... မောင်
သက်လေ မောင်နဲ့ပြောလို့မဝသေးဘူး 
ဒါပေမယ့် မောင့်ဆန္ဒကို ဘယ်တော့မှမငြင်းဘူး မောင်မကြိုက်တာမလုပ်ဘူး...
မောင်သိပါတယ်... ချစ်တယ်နော်... သက်... မွမွ
ကိုယ့်အပေါ် စိတ်ညွတ်နေတဲ့ မယားရှိလင်တစ်ယောက်ရဲ့ ချစ်စကားသံအပေါ် ကျေနပ်သာယာကြည်နူးတဲ့စိတ်က လှိုက်တက်လာတယ်... ခိုးစားရတော့လည်း ပိုပြီးရင်ခုန်တယ်လေ... ဟင်း... ဟင်း...
မောင်ဟာအိမ်ထောင်ရေးမှာ စိတ်မချမ်းသာရရှာဘူး... သူ့ မိန်းမဟာ လှသာလှတယ် ကိုယ့်လောက် သူ့အပေါ်ဆွဲဆောင်မှုမရှိဘူးတဲ့...
အင်း... ဟုတ်မှာ... အဲ့မိန်းမ... ရုပ်ကိုက သူ့ကိုယ်သူသိပ်လှတယ် ထင်နေတဲ့အထာနဲ့...
မောင့်ကို အနိုင်ကျင့်တယ်... ဒါဆိုဒါပဲ...အလျှော့မပေးပဲ... စိတ်အရမ်းကောက်တာ မိန်းမလဲ မပီသဘူး...
ငွေတွေလဲသိပ်ဖြုန်းတတ်တာတဲ့... မောင် အဲ့လိုပြန်ပြောပြတော့ သူ့ကို မုန်းလိုက်တာ... မနာလိုလဲဖြစ်မိသလို မောင့်ကိုလဲ သိပ်သနားမိတယ်  အဲ့မိန်းမနဲ့ ကလေးသာမရှိခဲ့ရင် သိပ်ကောင်းမှာ...
တကယ်ဆိုအရာရာ နားလည်ပေးတတ်တဲ့ စိတ်ကို မနည်းမွေးထားရတာ စိတ်ထဲရှိတဲ့အတိုင်းဆို စိတ်ဆိုးစိတ်ကောက်ချင်တာပေါ့ မနာလိုစိတ်နဲ့ စကားနာထိုးချင်ပေမယ့် မောင့်မိန်းမကြီးလို ပကျိပကျိမလုပ်ရဲဘူး...
ကိုယ့်အနားက မောင်စိတ်ညစ်ပြီး ခွာမသွားအောင် ပါးစပ်ကိုပိတ် အံကိုကြိတ်ပြီး ထိန်းထားရတာတယ်မလွယ်လှဘူးရယ်...
စိတ်ထဲကပဲ မောင့်ကိုတိုင်တည်ရင်း တိတ်တိတ်ရေရွတ်နေမိတယ်... နှုတ်ကတော့ အချိုပေါ်သကာလောင်း သာယာမှုအပေါင်း သရဖူဆောင်းသော သက်ကလေးပေါ့... ဟင်း... ဟင်း...
မောင်က သူ့မိန်းမအကြောင်းမကောင်း ပြောလိုက်တိုင်း ကိုယ့်မှာ အဲဒီအချက်နဲ့မငြိအောင် သတိနဲ့ဆင်ခြင်ပြီး ဟန်ဆောင်ရတာလဲ တာဝန်တစ်ရပ်လိုပဲ...
အလင်းထဲက လူရဲ့အမှားကို အမှောင်ထဲက ထိုင်ကြည့်ရင်း... စနစ်တကျရေးထားတဲ့ ဇာတ်ညွှန်းမှာကိုယ်ဟာ သိပ်တော်တဲ့ မယားအလိမ္မာ နေရာကပေါ့
မောင့်မှာ မိသားစုရှိတဲ့အကြောင်းကို သိထားတဲ့ သူငယ်ချင်း မိတ်ဆွေတွေကြားမှာ ငြိုငြင်ကဲ့ရဲ့ခံရတာတွေဟာလည်း မောင့်ကိုတွေ့ရတဲ့အခိုက် ပျောက်ပျက်မှေးမှိန် ချိုမြိန်သွားတယ်...
မောင့်ကို ဇွတ်အတင်းပတ်သက်မှုအပေါ် ဝေဖန်တဲ့ ပတ်ဝန်းကျင်ရဲ့ ရင့်သီးတဲ့စကားလုံးတွေ ကိုမေ့ပြီး ညင်သာတဲ့ အကြင်နာစကားတွေရှိတဲ့ မောင့်ရဲ့နှုတ်ခမ်းတွေကိုပဲ... လူကစွဲလမ်းနေတယ် အတွေ့အကြုံရှိတဲ့ မောင့်ရဲ့ အထိအတွေ့အပြုအစုတွေဟာ အရင်လူအချို့ရဲ့  အိုးနင်းခွက်နင်း အထာတွေထက် ပိုပြီး လဲပြိုယစ်မူးစေတယ်...ကိုယ့်ရဲ့ နားပူနားဆာမပါတဲ့ အချော့အမြှူ အရှိုက်အငင်တွေမှာ မောင်ဟာလည်း ရုန်းမထွက်နိုင်စေရဘူး...
တခါတလေ မောင့်မိသားစုနဲ့ မောင်သွားလာလှုပ်ရှားနေတဲ့အချိန်တွေမှာဆို ကိုယ်တစ်ယောက်ထဲ အတွေးနဲ့ လှမ်းမျှော်ကြည့်ပြီး ဝန်တိုစိတ်နဲ့ ပူလောင်လွန်းလို့ ရုန်းထွက်လိုက်ဖို့ ကြံဖူးပေမယ့်... ငြိတွယ်မိတဲ့ စွဲလမ်းမှုနဲ့ ယစ်မူးစရာကောင်းတဲ့ မောင့်ရဲ့ အထောက်အပံ့စည်းစိမ်တွေဟာ မစွန့်ခွာရဲလောက်အောင် ခြေလှမ်းတွေကို တုံ့နှေးစေတယ်...
ဒီလို မက်မပြေတဲ့အရာတွေကြောင့်ပိုင်ဆိုင်သူလက်က လုယူသူဖြစ်ခဲ့ပေမယ့် မောင့်ကိုမညှာမတာ အပိုင်သိမ်းချင်စိတ်ဟာရင်မှာ အလျှံတငြီးငြီး နဲ့... တောက်လောင်နေတော့တယ် အပြိုင်အဆိုင်မရှိပဲ စိတ်ရှိတိုင်းချစ်ခဲ့ဖူးတဲ့ အရင်လူတွေထက် အခုလို မလွတ်မလပ် နှစ်ဖက်အပြိုင်နွှဲ အနိုင်ကြဲချင်စိတ်နဲ့ အချိန်ပြည့်သွေးဆူနေတယ်
ကိုယ့်ရဲ့ အပြုစုအယုယတွေဟာ သူ့မိန်းမထက် ပိုလို့စွဲမက်ဖွယ် ကောင်းစေရမယ်ဆိုတဲ့စိတ်နဲ့  ပိုပြီးတက်ကြွနေတယ်... 
ဂုဏ်ယူတယ်...  ဘယ်သူမှ အသိအမှတ်မပြုလဲ ကိုယ့်အာရုံနဲ့ကိုယ် မော်ကြွားတယ်... ဝင့်ဝါတယ်... အဆီးအတားမရှိ လွင့်မျောပြီး ရှေ့ဆက်တိုးဖို့ပဲ စိတ်အားထက်သန်နေတယ်... အခြေအနေတစ်ခုပေးလာရင်... ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်နိုင်တဲ့ ဘဝဟာ အကြီးမားဆုံးသော မျှော်လင့်ချက်ပဲ...
အနိုင်ပိုင်းလုယူချင်စိတ်ဟာ... နွေဦးပေါက်သစ်ကိုင်းဖျားက ရွက်နုတွေလိုပဲ...လတ်ဆတ်နုပျိုနေတယ်...
အချိန်ပြည့် ခွန်အားရှိနေတယ်...
မောင့်အကြောင်းတွေးမိတိုင်း မောင့်မိန်းမဟာ အတွေးထဲ အမြဲဝင်လာတော့တာပဲ
မောင့်မိန်းမနားထဲ ကိုယ်တွေရဲ့အကြောင်းပေါက်ကြားတဲ့နေ့ကို ခုထိ မြင်ယောင်မှတ်မိနေတုန်း...
အဲဒီအချိန်မောင်က ကိုယ့်အခန်းမှာ...
နှစ်ယောက်သား... ကြည်နူးနေခိုက် မောင့် မိန်းမရဲ့ ဖုန်းဝင်လာတယ်...
ဒီအကြောင်းကို... တစ်နေရာရာက ကြားလာတယ် ထင်ပါ့ တိုက်ရိုက်မေးလာတယ် 
မောင်က အစပိုင်းတော့ ငြင်းတယ်...
မောင်ဘယ်မှာလဲလို့ ချော့မော့မေးပြီး အိမ်ကို ချက်ချင်းပြန်လာခိုင်းတယ်...
မောင်က ထုံးစံအတိုင်း လှည့်ပတ်ပြောနေပြန်တယ်...
ဟိုက စိတ်တိုလာတယ် ထင်ပါ့....
စကားများကြတယ်...
ကိုယ်က အကွက်ဝင်တဲ့အခိုက်... အသာလေး မျက်ရိပ်ပြပြီး ဖုန်းချခိုင်းလိုက်တယ် ပြီးမှ...
''ပြန်လိုက်ပါမောင်ရယ်...
ဒါ ရှောင်နေလို့ ရတာမျိုးမှမဟုတ်တာ...
သေသေချာချာ ပြောပြရှင်းပြလိုက်ပါ...
သက် မောင့်ကို စိတ်မညစ်စေချင်ဘူး...
သူ မကျေနပ်လို့ ပြဿနာရှာတဲ့အခါ သက် ချစ်တဲ့မောင်ပဲ စိတ်ဆင်းရဲရမှာ...
တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်လာခဲ့ရင်လည်း သက်ကို အားမနာပါနဲ့ မောင်...
သက်ကြောင့် မောင်တို့မိသားစု မပြိုကွဲစေချင်ဘူး...
သက်တို့အကြောင်း သူမသိခင်က... ချစ်ခဲ့ရ တာတွေနဲ့တင် သက်က ကျေနပ်လှပါပြီ...
ခုဆို ပြဿနာဖြစ်ခဲ့ရပြီဆိုတော့ သက်ကို ဖြတ်ဖို့လိုရင် ဖြတ်လိုက်ပါတော့ သက် နေတတ်အောင် ကြိုးစားပြီးနေပါ့မယ်...
သက် ကွယ်ပျောက်ပေးပါ့မယ်...
သူက သက်ကို ပြဿနာလာရှာတဲ့အခါ သက် အများကြီးအရှက်ကွဲမှာ မောင်ရဲ့...
ချစ်ခွင့်ရမယ့်အချိန်တွေ ကုန်ပြီထင်ပါရဲ့...'' ဆိုပြီး ကိုယ်က ဦးအောင်လမ်းခွဲစကားပြောချ လိုက်တယ်... ဒါဟာ... ဒုတိယလူရဲ့ အနူးညံ့ဆုံးနဲ့အထိရောက်ဆုံးမာယာပဲ... တကယ်လဲ ထိရောက်ခဲ့တယ်... 
မောင်ဟာ ကိုယ့်ကို အားနာသွားပုံရတယ်...ဒါလဲ ကိုယ်ဖြစ်စေချင်ခဲ့တဲ့ အနေအထားပဲလေ...ကိုယ့်ကို ကတိပေးတယ်...
"မောင်... သက်ကို ဘယ်တော့မှ မထားရစ်ဘူး... သက်... မနစ်နာစေရဘူး... စိတ်ချနော်...''
မောင်ဟာ တွေဝေမှုတွေနဲ့ ပြန်သွားခဲ့တယ်...
သူတို့ စကားအကြီးအကျယ်များကြတယ်လို့ သိလိုက်ရတယ်... မောင့်ကို လုံးဝမဆက်သွယ်ခဲ့ဘူး... ဘာမှလဲ မေးမြန်းခြင်း တောင်းဆိုခြင်းတွေ မလုပ်ခဲ့ဘူး... ကိုယ်ရောင်ဖျောက်နေခဲ့တယ်....
တဖက်က မိန်းမရဲ့ဒေါသတွေကို ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ... ပျောက်နေတဲ့ ကိုယ့်ကြောင့် မောင့် ရင်ကို ပိုပူအောင် ဖန်တီးပစ်လိုက်တယ်...
အနစ်နာခံပြီး ရှောင်ပေးလိုက်တယ်ဆိုတဲ့... ဇာတ်ကွက်ကို ဖန်တီးလိုက်တာဟာ... ထာဝရဆုံးရှုံးတာနဲ့မှ ထပ်တူမကျတာ... ဒါ ကိုယ့်တိုက်ကွက်ပဲ...
အကြောင်းမဲ့ ကိုယ့်ရဲ့အဆက်သွယ်ဖြတ်ခံရတဲ့ မောင်ဟာ... သူ့မိန်းမရဲ့ ဆူပူသောင်းကျန်းမှုတွေ ကို လိုတာထက်ပိုပြီး ဒေါသထွက်လာခဲ့တယ်...သူ့မှာ နှစ်ဖက်ပူပြီလေ...
သူတို့ကြားကပြဿနာကို ဖြေရှင်းချင်စိတ်ထက်... ကိုယ်နဲ့တွေ့လိုစိတ်တွေက မောင့်ကို ပိုလွှမ်းမိုးနေတယ်... အဲ့အချိန်တွေမှာ... ကိုယ်ဟာ သိပ် ကျေနပ်ခဲ့တယ်
ဘာကိုမှ တွေးမပူနေဘူး... ဟိုမိန်းမဖက်ကိုလည်း တွက်ပြီးသား သူ့ယောက်ျားနဲ့ အတူတူမရှိနေတဲ့ ကျွန်မကို ဒီမိန်းမ ဘယ်လိုပြဿနာရှာ မလဲ...
ကိုယ့်ဖက်ကို ရှာလို့မရတဲ့ ပြဿနာဟာ မောင့်ဖက်ကိုပဲ လှည့်သွားတယ်... နှစ်ဖက်မိဘတွေပါ ပါလာတယ်...
ကိုယ်ဟာ အပူအပင်မရှိ တိတ်တိတ်ဆိတ်ဆိတ်ပဲ ခရီးထွက်ရင်း သတင်းကို နားစွင့်နေခဲ့တယ်... နှစ်ပတ်လောက်ကြာတော့မှ မောင့်ကို ပြန်ဆက်သွယ်လိုက်တယ်... သူ သိပ်ဝမ်းသာသွား
တယ်... အငမ်းမရ ကိုယ့်ရင်ခွင်ထဲပြေးဝင်လာတယ်... သိပ်လွမ်းတယ် သက်ရယ်တဲ့ ကျေနပ်တယ်လေ...
ဒါပေမယ့် ခပ်မြန်မြန်ပဲ ဖြတ်ပြောလိုက်တယ်... မောင့်ကိုသက်လာနှုတ်ဆက်တာပါလို့ဆိုတော့... မောင်လုံးဝလက်မခံခဲ့ဘူး...
မောင့်ကို အချိန်ပေးပါ သက်ရယ်... သက်ဆီမောင်လုံးဝရောက်အောင်လာခဲ့ပါ့မယ်... အဲ့လိုတော့ထွက်မသွားပါနဲ့... သက်နဲ့မောင်ပြဿနာ မရှိပဲ ခုလိုမတွေ့ရတာ မောင်ရူးတော့မယ်...
မောင်က အိမ်ထောင်နဲ့ ကလေးနဲ့ ဒါတွေကို ဖြတ်မချနိုင်ရင် သက် တစ်နေ့ဒုက္ခရောက်လိမ့်မယ်... 
မောင်ရအောင် ဖြတ်ချပေးပါ့မယ်..
ကိုယ့်ကိုစိတ်ကျေနပ်အောင် ချော့မြှူချင်စိတ်နဲ့ ကတိပေးတွေ မောင် ကြမ်းခဲ့တယ်...
အို... နေပါစေ... မောင်... သက် မိန်းမဆိုးကြီးမဖြစ်ပါရစေနဲ့... သက်ပဲထွက်သွားပေးပါ့မယ်...
အစွန့်ခွာခံရတဲ့အခါ... ခွဲထုတ်ပေးလိုက်ဖို့ နှမြောတတ်ကြတဲ့ လူ့သဘာဝအတိုင်း... မောင့်နှလုံးသားမှာ သူ့ဆီက ဘာမှမတောင်းဆိုတဲ့ကိုယ့်ရဲ့ တန်ဖိုးဟာ မြင့်တက်ခဲ့တယ်...
အဲ့ဒီနောက်ပိုင်း ကိုယ်ပူဆာစရာမလိုပါပဲ အရာရာ လိုတရခဲ့တယ် သူ့မိသားစုကိုလည်း တဖြည်းဖြည်း ဖြတ်ပါ့မယ်ဆိုတဲ့ ကတိကို မတောင်းပဲ အထပ်ထပ်ပေးခဲ့တယ်... သူဒီလိုပြောထွက် အောင်လည်း သွယ်ဝိုက်ပြီး စိတ်ကို ပုံစံသွင်း ရိုက် ထည့်ပေးထားတယ်...
ကိုယ့်ကို မခွဲနိုင်လောက်အောင် အမျိုးမျိုး လျှော့လိုက်တင်းလိုက် ဆွဲလိုက် လွှတ်လိုက်နဲ့ ငါးမျှားချိတ်မှာ မိတဲ့ငါးလို မောနေအောင် ကစားရတာပေါ့...
ဒုတိယလူရဲ့ တတ်သင့်တဲ့ပညာတွေကို တဖက်ကမ်းခတ် အသုံးချရတော့တယ်...
မကျေနပ်စရာ တစ်ခုပဲရှိနေတာ...မောင်ဟာ သူ့မိန်းမကို... ဘယ်လိုဖြေရှင်းထားသလဲဆိုတာတော့ မသိခဲ့ရဘူး... သူဟာပုံမှန်အိမ်ပြန်တယ်... မိသားစုနဲ့ ပြန်နေပေးတယ်... အကြောင်းပြချက်ကတော့... သူ့ အဖေရဲ့ စည်းကမ်းကြောင့်ပေါ့...
ဖြစ်လေ့ရှိတဲ့ထုံးစံတွေအတိုင်း မောင့်မိန်းမကိုယ့်ကို မျက်နှာချင်းဆိုင် ဆုံတွေ့ပြီး အကြမ်းပတမ်းဆက်ဆံ ရန်မူလာခဲ့ပါစေလို့ ဆုတောင်းနေခဲ့တယ်... လုံးဝဒူးထောက်... အရှုံးပေးပြမယ်... ငိုယိုတောင်းပန်အညံ့ခံပြပြီး မောင့်ရဲ့ဂရုဏာကို ခံ
ယူမယ်... တစ်ချက်တည်း အနိုင်ပိုင်းပြီး မောင့်ကို သူ့ဘဝထဲက ဆွဲထုတ်လိုက်ဖို့လည်း အသင့်ပြင်ထားတယ်...ဒါပေမယ့် ဒီမိန်းမ တစ်ချက်မှ အသံထွက်မလာခဲ့ဘူး... မျှော်လင့်သလို ဖြစ်မလာဘူး... မောင့်ကို အစ်အောက်မေးတဲ့အခါ... လှည့်ပတ်ဖြေနေတတ်တာကြောင့် နောက်ဆုံးတော့ ပြဿနာမဖြစ်ရင်ပြီးတာပဲဆိုတဲ့ အတွေးနဲ့ ထားလိုက်ရတော့တယ်... စိတ်ထဲမှာတော့ အားမရစိတ်နဲ့ အသဲယားနေခဲ့တယ်...
ဒီလိုနဲ့ပဲ ကိုယ်ဟာ မောင့် အချစ် မောင့် ငွေကြေးအထောက်အပံ့တွေကို အညွန့်ခူးစားရင်း တစ်ပါးသူရဲ့ အိမ်ထောင်ရေး ယိမ်းယိုင်မှုအပေါ်မှာ... သာသာယာယာအမြတ်ထုတ်နေခဲ့တယ်...
အလိုလိုက်ခံရလွန်းတော့ တဖြည်းဖြည်း လောဘတက်လာတယ်... မောင့်ကို အကြပ်ကိုင်ချင်လာတယ်... ကိုယ်သာ မောင့်ဘဝ ပိုင်ချင်စိတ်ကို အရင်လို မျိုသိပ်မနေတော့ဘူး...
တချက်တချက် လွှတ်ခနဲ ပြောမိတောင်းဆိုမိလာတယ်... မောင်ကတော့ လေသံအေးအေးနဲ့ပဲ ပြန်ပြောတယ်... ဖြစ်လာမှာပေါ့ သက်ရယ်တဲ့...အားမရစရာ...
မိန်းမရှိလျက်နဲ့ လုယူပြီး ချစ်ရတာ အရသာရှိပေမယ့် မယားကြီးဆိုတဲ့ အသုံးအနှုန်းကို သိပ်မုန်းတယ်...
အရင်မိန်းမရှိနေခြင်းဟာ ကိုယ့်ကို မယားငယ် အမြှောင်မယားဆိုတဲ့ အခါးသီးရဆုံး နာမည်ကို ရစေခဲ့တာ... စနှိုက်ကြော်ဆိုတဲ့ စာလုံးကိုတွေ့တိုင်း... လိပ်ပြာမလုံဘူး...
ခိုးစားတဲ့အသီး ပိုချိုပေမယ့်... အမှန်တရားဟာ ခါးတယ်လေ... ဘယ်သူမှ လာအော်ဆဲမနေပေမယ့် တစ်ယောက်ယောက်က ကိုယ့်ကို ခပ်စူးစူးကြည့်တိုင်း ကိုယ့်အကြောင်းသိနေသူလား ဟိုမိန်းမရဲ့ အသိမိတ်ဆွေလား ဆိုတဲ့အတွေးနဲ့ ဖျတ်
ခနဲ ရင်ထိတ်မိတယ်... နောက်တော့ စိတ်မလုံခြုံရတဲ့ ကိုယ့်အနေအထားကို ဒေါသဖြစ်လာတယ်...
ကြာလာတော့ မောင့်ကို နားပူမိတယ်...
မောင်တို့ ဘယ်တော့ ကွဲကြမှာလဲဆိုတဲ့ အမေးစကားတွေကို ပြောထွက်တဲ့အထိ ရဲတင်းလာတယ်...
မောင့်ကတော့ သူ့ရဲ့ ပင်တိုင်အဖြေနဲ့ပဲ စခန်းသိမ်းနေတာပဲ... 
မာန်တင်းပြီး စောင့်ကြည့်နေရသူရဲ့ရင်ထဲ မှာ အားမလိုအားမရစိတ်နဲ့ မျိုသိပ်ကြိတ်မှိတ်နေရပေမယ့် ဝုန်းဒိုင်းကြဲဖေါက်ခွဲလုယူပစ်ချင်စိတ်တွေက လျှံထွက်ချင်နေတယ်...
အို... အတွေးတွေ လွန်နေတာနဲ့အစကနေ ပြန်ပြီးဒေါသထွက်လာရပြီ... အိပ်မှပါ...
မနက်ဖြန် မောင်တစ်နေကုန်လာမယ့်နေ့...
ကျန်တာတွေမေ့ပြီး လက်ရှိဘဝကိုပဲ ဆက်လက်ချီတက်မယ်...
မောင့်ကတိအတိုင်း... သူတို့တစ်နေ့ကွဲသွားကြမယ်လို့ပဲ ဇွတ်ယုံကြည်ထားတာ တဒင်္ဂ စိတ်ချမ်းသာတယ်...
မသေချာမရေရာတဲ့ အခြေအနေတွေမှာ မသိစိတ်က ယိုင်နဲ့နဲ့ ခံစားချက်ကို သိစိတ်နဲ့ အတင်းဖိပြီး ခေါက်ရိုးကျိုးနေတဲ့ဘဝမှာ နေသားတကျဖြစ်ဖို့ ကြိုးစားရင်း ကိုယ်မမြင်ရတဲ့ ဘဝတစ်ဖက်ခြမ်းကို မှန်းဆရတာ ရင်မောမိတယ်... ဘဝကို ရေစုန်မျှောလိုက်ရင်း မျှော်လင့်ချက်ဟာ မခိုင့်တခိုင်နဲ့...

× × × × ×

ချိန်းထားတဲ့နေရာကို ထုံးစံအတိုင်း... ကိုယ်ပဲကြိုရောက်နှင့်တယ်...
တိုက်ခန်းငှားထားပေမယ့် မောင်နဲ့တွေ့တိုင်း သမီးရည်းစားအသစ်စက်စက်လိုပဲ ရင်ခုန်ချင်လို့ တနေရာရာကို အရင်ချိန်း စားသောက်ပြီးမှ အခန်း ကိုပြန်တာ...
နုပျိုလတ်ဆတ်တဲ့ အရသာကိုပဲ မောင့်ကို ပေးတယ်... သူ့အိမ်မှာမရဖူးတဲ့ အတွေ့အကြုံတွေ နဲ့ လားလားမှမတူစေရ...
ဒါ ကိုယ့်ရဲ့ဆန်းသစ်တဲ့ ဖျော်ဖြေမှု...
တူတာ ဆိုလို့ တစ်ခုပဲ... ရှိတယ်
ကိုယ့်ထက် အသက်ကြီးပေမယ့်... သူ့မိန်းမ ခေါ်သလို မောင်လို့ ခေါ်ချပစ်လိုက်တာပဲ...
မသိဘူး... အကုန်လုချင်တာ နာမည်က အစ...
မောင်ဟာ ကိုယ်နဲ့ တွဲသွားတိုင်း စိတ်ထဲကပျော်နေပေမယ့် တစ်ခါတလေ သူ့မိသားစုရဲ့ အရိပ်အငွေ့ကြောင့် ရှိုးတိုးရှန့်တန့် ဖြစ်နေတတ် တယ်... ဟင့်အင်း... ကျင့်ပေးရမှာပဲ...
ကိုယ်နဲ့ ရှိနေတဲ့ဘဝမှာ သူဟာ ရဲတင်းစွာ အသားကျတတ်လာဖို့ လိုတယ်... ကိုယ့်ရဲ့ ရဲရင့် တက်ကြွစိတ်ကို သူ့ရင်ထဲ အရောက်ထည့်ပြီး မျက်နှာပြောင်တိုက်တတ်အောင် စကားနာတွေ ထိုး... ချော့မော့ဆွဲဆောင် အကြောပြောင်ပြောင်နဲ့ ပူဆာပြီးသွားလာစားသောက်တယ်...
ကိုယ့်အတွက်တော့ ကိုင်ဇာသီချင်းထဲက လိုပဲ... နေပါစေ လူတွေသိလေ ပိုကောင်းလေပဲ မောင်ရောက်မလာသေးလို့ စောင့်နေရင်းတွေး တွေးနေရင်းစားနှင့်တာ ကုန်တော့မယ်... ဒီနေ့ တယ်နောက်ကျတာပဲ...
စိတ်ရှည်ရှည်စောင့်နေရင်း... ၂ နာရီနီးပါး ရှိလာပြီ...
ဟင်... မဟုတ်တော့ဘူး...
ဘာများဖြစ်နေပါလိမ့်...
တခါမှ မလွဲချော်ဖူးဘူး...
မက်စေ့ခ်ျပို့လိုက်တော့လဲ ပြန်မပြောခဲ့ဘူး...
မောင့်မိသားစုနဲ့ မငြိချင်လို့  ဘယ်တော့မှ ကိုယ်ကစပြီးဖုန်းမခေါ်ခဲ့ဖူးဘူး... မောင်က ကိုယ့်မျက်နှာအညှိုးမခံ... တာဝန်ကြေကြေနဲ့ ဖုန်းဆက်ခဲ့ပေးတာချည့်... 
ကိုယ့်ဖက်က ဖုန်းစခေါ်နေကျမဟုတ်တော့ ဆက်ကြည့်ဖို့ ဝန်လေးနေပြန်တယ်...
ဒေါသအလျှောက် ရင်ပူလာတာနဲ့အမျှ စိတ်က ရဲတင်းလာပြီး ဖုန်းခေါ်လိုက်မိတယ်...
ဟယ်လို... ပြောပါ...
အသံကြားကြားချင်း ရင်ခုန်သံ တဒိုင်းဒိုင်းဟာ ရင်ဘတ်ကနေ ကိုယ့်ခေါင်းထဲထိ တက်ဆောင့်တယ်...
မိန်းမ တစ်ယောက်ရဲ့အသံ...
မောင့်မိန်းမဆိုတာ... မသိစိတ်နဲ့ သိစိတ် နှစ်ရပ်လုံးက အချက်ပေးလိုက်သလို... အလိုလိုနား လည်လိုက်တယ်... ပထမဆုံးအကြိမ်... ရင်ဆိုင်တွေ့ခြင်းမို့ အထစ်ထစ်အငေါ့ငေါ့ ဗလုံးပထွေးအသံတွေ ထွက်သွားတယ်...
ကိုမျိုးအောင်ထွဋ် ရဲ့ ဖုန်းပါလားရှင်...
ဟုတ်ပါတယ်... သူ့အမျိုးသမီးပါ... မြသက်လယ်လို့ ထင်တယ်နော်... တို့... မင်းကို သိပြီးသားပါ မင်းဆက်လာလိမ့်မယ်ဆိုတာလဲ မျှော်လင့်ထားပါတယ်...
ရုတ်တရက်မို့ လန့်ပြီး ပြာသွားတယ်... ပြင်ဆင်မထားတဲ့အချိန်မှ ပက်ပင်းတိုးတဲ့အခါ လူက တုန်ရီနေတယ်...
သူ့ဖက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောချ လိုက်တော့ ပိုပြီး ဆောက်တည်ရာမရဖြစ်သွားတဲ့ စိတ်ကို ထိန်းပြီးကျွန်မ သူနဲ့ပြောဖို့ သူ့ ဖုန်းကို ဆက်တာပါ...
ဟုတ်တယ်... ဒါသူ့ဖုန်းပဲ... တို့က သူမကိုင်နိုင်တဲ့အချိန်မှာ သူ့အစားပြောပေးခွင့်ရှိတဲ့ တရားဝင်မိန်းမမို့ ပြောနေတာပဲ...
အမှန်တရားကို ရန်လိုသံမပါပဲ ပြောလိုက် တာ သေချာပေမယ့် သူ့စကားလုံးအသုံးအနှုန်း ကြောင့် စိတ်ထဲ တင်းခနဲဖြစ်သွားတယ်... ကိုယ်လည်း ကိုယ့်မာနနဲ့ သူ့ကိုစကားဆက်ပြောဖို့ အ ကြောင်းမရှိပေမယ့် မောင့်ဖုန်းကို သူကိုင်ရတဲ့အကြောင်းကိုတော့ သိချင်လို့ ခပ်ရဲရဲပဲ မေးချလိုက်တယ်...
သူ့အတွက် ပြဿနာမဟုတ်ပေမယ့် မောင့်ကို ပြဿနာ ပြန်ရှာဖို့ တော်တော်ကောင်းတဲ့ အချက်ဖြစ်နေတာကိုး...
သူနဲ့စကားပြောလို့ ရနိုင်မလား...
မင်းကို သတင်းစကားတစ်ခုပေးဖို့ရှိတယ်... သူကားအက်ဆီးဒန့်ဖြစ်လို့ ဆေးရုံမှာ... ရောက်နေတယ်... မျက်နှာနဲ့ ခြေထောက်ထိသွားတယ်... ခုလေးတင်... ခွဲခန်းဝင်နေတယ်... ဖြစ်ဖြစ်ချင်း... တို့ကို သူဖုန်းဆက်ခေါ်လို့ လိုက်လာတာ...
လူက ခုမှ...ဆက်ပြောဖို့ ဆွံ့အသွားတာ..
သတင်းက ပြေးလိုက်သွားချင်စရာ...
ဒါပေမယ့် ဒီလိုအချိန်မှာ မောင့်အနားရောက်ဖို့ ဘယ်လိုနေရာကနေ ဘာမျက်နှာနဲ့ တွေ့ရမယ်ဆိုတာ မသိ... ကိုယ့်အတွက် နေရာရယ်မရှိ... တစ်ဆက်တည်းမှာပဲ တွေးမိတာက... မောင်ဟာ ဘာလို့ ကိုယ့်ကို မဆက်သွယ်ခဲ့တာလဲ... ကိစ္စကြီးငယ်ဖြစ်လာတဲ့အခါ အရေးမပါဖြစ်ရတဲ့ ကိုယ့်အခြေအနေကို ဖျတ်ခနဲ သိမ်ငယ်သွားမိတယ်...
မောင့်အကြောင်းဆက်မေးဖို့ ကြံလိုက်ရုံရှိသေး...
သူက ဆက်ပြောလာတယ်...
အကြောင်းကိစ္စကြုံတုန်း... မင်းကို ပြောချင်နေတာလေး ပြောလိုက်ပါဦးမယ်... 
နားထောင်ဖို့ ဆန္ဒရှိရဲ့လား...
သူ့ရဲ့ တည်ငြိမ်တဲ့အသံနဲ့ လေယူ လေသိမ်းတွေမှာ... ရိုင်းစိုင်းကြမ်းတမ်းမှု ရန်လိုမှုကို မခံစားရတဲ့အတွက် သူဘာပြောချင်တယ်ဆိုတာ မိန်းမပီပီသိချင်စိတ်နဲ့ နားထောင်ချင်မိတယ်...
ဘာကိစ္စများလဲ... ပြောကြည့်လေ...
အိုကေ... အဆင်ပြေရင် တို့ ဆက်ပြောမယ်...
မင်းတို့အကြောင်းကို တို့သိနေတယ်ဆိုတာ မင်းလဲ သိပြီးသားဖြစ်မှာပါ... တို့ မင်းကို စသိပြီးကတည်းက လိုက်လဲ မရှာခဲ့ဘူး.. လာလဲမတွေ့ခဲ့ဘူး... 
သောင်းကျန်းဖျက်ဆီး အရှက်ခွဲဖို့လဲ စိတ်မကူးခဲ့ဘူး...
မင်းကတော့ တို့လာကြမ်းမယ့်နေ့ကို မျှော်လင့်နေမယ်ဆိုတာ တို့ စိတ်ထဲက သိကိုသိနေတယ်... ဒါ သဘာဝပဲလေ... မယားကြီးတိုင်း စိတ်မထိန်းနိုင်တဲ့အခါ လုပ်မိကြတာကိုး...
ကိုယ့်အတွေးကို သူမြင်နေရတာ အံ့အားသင့်သွားမိပြီး ရှက်စိတ် အကန်စိတ်နဲ့ တခုခုပြောမယ် ကြံလိုက်ပြီး
ဒီမယ်... ကျွန်မလေ...
ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့... တို့အခု ပြောနေတာ ရန်တွေ့ချင်စိတ်လုံးဝမပါဘူး...အသိလေးတစ်ခုပဲ မင်းရင်ထဲကို ထည့်ပေးချင်တာ
ကိုယ်တကယ့်ကို အံ့အားသင့်သွားရတယ်...ကိုယ် ထင်မထားလောက်အောင် သူမ လိမ္မာပါးနပ်တယ်... တည်ငြိမ်တယ်...
မယားကြီးပီပီ ဒေါသကို မထိန်းနိုင်ပဲ လာဆဲ ပါးရိုက် ဆံပင်ဆွဲ အရှက်ခွဲ နောက်ဆုံးလူအားငွေအား မာန်မာနအားနဲ့ အနိုင်ကျင့်...
မင်းက အရာရာ ခဏအရှုံးပေးပြီး... ငိုယို 
တို့က လူကြမ်းမင်းသမီး နေရာက ဇာတ်ကြမ်း...
ဒါ မင်း အလိုချင်ဆုံး ဇာတ်ကွက်ပေမယ့် တို့ လိုက်မကပေးခဲ့ဘူး... ဘာလို့လဲဆိုတော့ မင်းက မင်းအလုပ်ကို မင်းလုပ်နေခဲ့တာလေ... မင်းသူ့ကိုဘယ်လောက် ချဉ်းကပ်ဆွဲဆောင်ခဲ့ပါစေ... တို့ ယောက်ျားကသာ အိမ်ထောင်သည်စည်းကမ်းနဲ့ မညီညွတ်ခဲ့တာ... တန်ဖိုးမထားခဲ့တာပဲ...
တို့ရဲ့ပစ်မှတ်က မင်းမှမဟုတ်တာ...
ဘာမဟုတ်တဲ့ တို့ရဲ့မာနနဲ့ဒေါသကြောင့် တို့သမီးလေးအနားကနေ အဖေပျောက်ကွယ်သွားမှာကို ကာကွယ်ရမှာ... အိမ်ထောင်တစ်ခုမှာ... လင်..မယား..သား..သမီး..ဘယ်သူဖြစ်ဖြစ်...တစ်ယောက်ကမှားလိုက်ပြီဆို နောက်တစ်ယောက်က အတတ်နိုင်ဆုံးထိန်းဖို့ပဲရှိတာ... သူ့နောက်က လိုက်မှားနေရင် ဒီအိမ်ထောင် ပျက်စီးဖို့ပဲရှိတာ...
ပြီးတော့ တို့ကို လူတိုင်းမေးခဲ့ဖူးတဲ့မေးခွန်းလေးတစ်ခုရှိတယ်.... ဒီအဖြစ်ကို တို့ ဘယ်လိုများ လက်ခံလိုက်ပြီး သည်းခံခွင့်လွှတ်လိုက်လဲ... တို့အခု ဘယ်လို စိတ်နဲ့များရှေ့ဆက်လျှောက်နေလဲ ဆိုတာလေ...
ဟာ ဒီမိန်းမ... ဘယ်လိုတုန်း...
တကယ်လဲ မောင့်ဆီကနေတဆင့် ကိုယ်တိုင်သိချင်နေခဲ့ဖူးတဲ့ကိစ္စ...
သူ့ရဲ့ စကားလုံး.... လေယူလေသိမ်းတွေနဲ့... ပြောလာတဲ့ အကြောင်းအရာတွေဟာ ကိုယ့် ကို အလိုလို စိတ်ဝင်တစား ဆက်နားထောင်ချင်စရာကောင်းနေခဲ့တယ်... သူကဆက်ပြောတယ်...
အဲဒီအဖြေကို မင်းကို အပြောပြချင်ဆုံးပဲ သိလား...
ဘုရားရေ... ကိုယ့်ကိုမှ အသိစေချင်ဆုံးတဲ့...
တို့ရဲ့ယောက်ျား သမီးလေးရဲ့ဖေဖေဟာ အမှားတစ်ခုကို လုပ်ခဲ့ပြီဆိုတာကို သိလိုက်ရချိန်မှာ ဒေါသဖြစ်တာထက် ပိုပြီးနာကျင်တယ်... တို့နှစ်ယောက်ကြားမှာ အချစ်မပျက်ပဲ သစ္စာပျက် သွားခဲ့တာ...
တို့လင်မယားဟာ တို့ယောက်ျား မင်းကို ပြောပြပုံဖေါ်ထားသလို.. 
မင်းသိထားသလောက် ယိုယွင်းပျက်စီးနေတဲ့ အိမ်ထောင်ရေးမဟုတ်ဘူး... ပုံမှန် ချစ်ချစ် ခင်ခင်သွားလာနေကြတယ်... လင်နဲ့မယား သားအမိအဖ ပျော်ရွှင်စုံလင်နေပါလျက်... သူဟာ ဖေါက်ပြန်ချင်စိတ် ဖြစ်လာခဲ့ပုံရပါတယ်...
သူဒီလိုပြောလိုက်ချိန်မှာ ကိုယ်ဟာ မောင့်အပြောတွေကို ပြန်ကြားယောင်ပြီး အတွေးတွေဟာ ရှုပ်ထွေးလာတယ်... သူ ဘာတွေလာပြောနေတာလဲ...
သူတို့အဆင်မပြေလို့ မောင်က စိတ်ညစ်နေတာ မဟုတ်ဘူးလား...
"မင်း အာရုံနောက်ကောင်း နောက်သွားနိုင်တယ် ယုံချင်မှလဲယုံမှာပေါ့... ဒါပေမယ့် အချို့ ယောက်ျားတွေရဲ့နှလုံးသားဟာ မိန်းမတော်တော်များများကို တပြိုင်နက်တည်း ထည့်ထားဖို့ ဆံ့လောက်အောင် ကျယ်ဝန်းတတ်တယ်ဆိုတာ မင်းသိသွားတဲ့အခါ... တို့ပြောတာကို မင်းနားလည်သွားလိမ့်မယ်...''
သူ့စကားတွေဟာ သမားရိုးကျ မဟုတ်ဘူး...
မူးနောက်နောက်နဲ့ လူက ချာချာလည်လာတယ်... နှလုံးသွေးတွေဟာ ဆူပွက်လည်ပတ်နေတယ်... ဒေါသဖြစ်တာမျိုးထက် နှလုံးသားဟာ မခံနိုင်လောက်အောင် တဒိတ်ဒိတ်ခုန်နေတာပဲ...
အလုပ်တစ်ဖက် ကလေးတစ်ဖက်နဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ တော်နေထက်နေပါစေ... လင်ယောက်ျားဟာ အချိန်တစ်ခုမှာ အကြောင်းမဲ့စွာ ရိုးရိုးလေးပဲ ငြီးငွေ့လာတတ်ကြတယ်... တို့ယောက်ျားကတော့ တိတ်တိတ်ဆိတ်ဆိတ်လေး ပျင်းရိလာတဲ့သူ့စိတ်ကို မပြုပြင်ပဲ အပျော်ရှာခဲ့သူပေါ့...
အိမ်ထောင်ဆိုတာ... သမီးရည်းစားဘဝလို...မပေါ့ပါးဘူး... အချိန်တိုင်းဟာ..အရင်အတိုင်းမဟုတ်တော့ဘူးလေ... ဒါပေမဲ့... အနှစ်သာရ လေးလေးပင်ပင်နဲ့... အဓိပ္ပါယ်ရှိတဲ့ မိသားစုဘဝကို သူခဏမေ့လျော့သွားခဲ့တယ်... အိမ်ထောင်တစ်ခုကို ပိုမိုပျော်ရွှင်လာအောင် သူတတ်နိုင်သလောက် ကြိုးစားရမယ့်အစား... သူ့အတ္တကို အစာကျွေးပြီး...လူငယ်တစ်ယောက်လို ရည်းစားထားရတာကို သူပိုကြိုက်သွားတယ် အသစ်အဆန်းတွေဖြစ် ရင်တွေခုန်... ဒါနဲ့ပဲ မင်းနဲ့သူ ဒီအနေအထား တွေ ရောက်ကုန်ကြတာပေါ့...
သေသေချာချာတွေးပြီး တို့ရဲ့ဒေါသတွေကို တစစီလိုက် သိမ်းဆည်း... အရာရာကို အေးအေးဆေးဆေးဖြစ်အောင် တို့ကပဲ ပြန်စီမံခဲ့ရတယ်...
သူဟာ ထိန်းရခက်တဲ့ သားလူပျိုပေါက် တစ်ယောက်လို ပြန်ဖြစ်သွားခဲ့တယ်... ရည်းစားထားပြီး... အမေကိုဆန့်ကျင်နေသလိုမျိုး ရန်လုပ်တယ်...
အကြောင်းမဲ့စိတ်တိုလာတယ်... အိမ်ကိစ္စတွေ စိတ်မပါတော့ဘူး မိသားစု အတူရှိချိန်တွေကို တန်ဖိုးမထားတတ်တော့ဘူး... သူထွက်ပြေးချင်လာခဲ့တယ်...
ဒါပေမယ့်... တို့က သူ့ကို တတွတ်တွတ်နဲ့ အပြစ်ပြောမနေတော့ဘူး... သူ့ကိုညှိနှိုင်းတယ်... တို့ကိုသစ္စာဖောက်တာနဲ့တင် ကျေနပ်ပေးပါ... အဆိုးတွေကို ဒီနားတင်ရပ်... သမီးအတွက် အဖေ ပီသပေးဖို့ပဲ တောင်းဆိုပြီး ခွင့်လွှတ်ပေးခဲ့တယ်.. သူ ကိုယ့်အပေါ်ရှိခဲ့ဖူးတဲ့ ကျေးဇူးကိုသိတတ်ပြီး ဘာမှမဖြစ်ခဲ့သလို ပြောဆိုကျွေးမွေးပြုစုမပျက်ခဲ့ဘူး...
ဒီလိုနေပေးခဲ့လို့ တို့ကိုလူညံ့တစ်ယောက်လို ဝေဖန်ကြတဲ့သူတွေကို လစ်လျူရှုခဲ့တယ်... ကိုယ့်မိသားစုရဲ့အရေးဟာ ကိုယ့်အရေးသက်သက်ပါ...အပြင်လူရဲ့ထင်မြင်ချက်ဟာ ကိုယ့်ရပ်တည်မှု အတွက် ရွေးချယ်မှုကို ဘာမှအထောက်အကူ
မပြုနိုင်လှဘူး... လင်သားဆိုတာလဲ မိသားစုဝင်တစ်ယောက်ပါပဲ...ဘာတွေပဲဖြစ်လာခဲ့ပါစေ...
ဆုံးရှုံးမှုတွေကို တွက်ချက်အပြစ်တင် ငြင်းခုန်နေမယ့်အစား... ဖြစ်တတ်တဲ့ သဘောတွေလို့ တွေး... ခွင့်လွှတ်စရာရှိတာ အနှမြောမရှိပဲ ခွင့်လွှတ်ပေး လိုက်တာပါပဲ... မိသားစုဘဝကို အခြေမပျက်ဖို့ အကောင်းဆုံး ဖြစ်နိုင်မယ့်လမ်းတွေကို ရှာပြီး အတတ်နိုင်ဆုံး ဖြေရှင်းကြရမှာပဲလေ...
ကြာတော့ တို့ရဲ့ ခွင့်လွှတ်ပေးမှုကို သူ ပြန်အားနာလာတယ် တဖက်သတ် ဆိုးနေရတာကို ရှက်လာပုံရပါတယ်... အေးအေးဆေးဆေး ပြန်ဖြစ်လာတယ် သူ့စိတ်ကို ထိန်းပြီး ပုံမှန်ပြန်ဖြစ်ပြီး သွားလာလှုပ်ရှား နေထိုင်ကြတယ် မပြတ်သားနိုင်တဲ့ သူနဲ့မင်းရဲ့ကိစ္စဟာ တို့တွေကြားမှာ အပူတပြင်း ဆွေးနွေးရမယ့်အကြောင်း အရာအဖြစ် မရှိတော့ပါဘူး... သူနဲ့မင်းတော့ ဘယ်နှယ်နေတယ်မသိဘူး... မိသားတစ်စုလုံးကို တို့မေတ္တာနဲ့ပဲ အဆိုးတွေကြားမှာ အေးချမ်းလုံခြုံစေခဲ့တယ်... အဲ့လိုနေဖို့ လွယ်ခဲ့တယ်လို့ မထင်လိုက်ပါနဲ့... ကြိတ်ကျရတဲ့မျက်ရည်တွေဟာ မရေမတွက်နိုင်အောင်ပါပဲ...
ခုလိုပြောပြတာကလည်း မင်းကိုတို့ရန်မရှာခဲ့ တာ ဘာ့ကြောင့်လဲဆိုတာ သိစေချင်တာပါပဲ...အရာရာဟာ တို့ယောက်ျားရဲ့ အိမ်ထောင်အပေါ်စောင့်စည်းလိုမှု နည်းခဲ့တာကြောင့်ပဲ... မင်းက ဇွတ်တိုးဝင်ခဲ့ရင်တောင် အိမ်ထောင်ရှင်တစ်ယောက်က ထိန်းသိမ်းနိုင်ခဲ့ရင် ဒီကိစ္စဟာ အထမမြောက်ပါဘူး...
သူမဟာ ကိုယ့်ကို အပြစ်တင်စကားမပြောခဲ့ဘူး ရှက်ရွံ့နာကျင်စေမယ့် အသုံးအနှုန်းကို ရှောင် တယ်...
သူမ ဘယ်လိုမိန်းမလဲ...
အမှားတွေ့တတ်တဲ့ လူ့စိတ် လူ့သဘာဝကိုပဲ အခြေခံပြီးတွေးသွားပြောသွားခဲ့တာ မောင့်ကိုလဲ နင့်ပဲငဆ မဝေဖန်ဘူး အပြစ်တင်သင့်သလောက်ပဲ တင်ခဲ့တယ်... သူတတ်နိုင်သလောက် ဖြေလျော့ ခွင့်လွှတ်ပေးထားတာကို မြင်လိုက်ရတယ်...
တို့နဲ့ အဆင်ပြေနေပါလျက် မင်းကို သူက စိတ်ညစ်တယ် မပျော်ဘူးလို့ သူပြောကောင်း ပြော  နိုင်တာပေါ့... အချို့ယောက်ျားတွေဟာ သူတို့ကိုယ် သူတို့ သိပ်ပျော်အောင် ထားချင်ကြတဲ့အမျိုး... ကိုယ့်ကိုယ်ကို ကြံဖန်သနားတတ်တဲ့အမျိုး...
ဘဝက နည်းနည်းလေး ရိုးစင်းလာတာနဲ့ အကြီးအကျယ်ငြီးငွေ့စိတ်ကုန်ပြီး သူတို့ကို သနားစရာကောင်းအောင် ဇာတ်အိမ်တွေဖွဲ့ ရယ်စရာလိုလိုနဲ့ ညည်းတွား ဒါနဲ့ပဲ ဘေးလူတွေက ဗီလိန် အလိုလိုဖြစ်ရတော့တာ...
ဒီလိုယောက်ျားတွေနဲ့ ပတ်သက်မိတဲ့ တို့ မိန်းမတွေဟာ ပုံစံမျိုးစုံနဲ့ လိမ်ညာခံနေရတယ်ဆိုတာ မင်းနားလည်ခံစားတတ်လာတဲ့အခါ အခု မင်းရောက်နေတဲ့အနေအထားကို မြင်လာလိမ့်မယ်...
ကိုယ်ဟာ အေးအေးဆေးဆေးပြောနေတဲ့ သူ့စကားကို အလိုလိုနားထောင်နေမိရင်း ကိုယ်နဲ့  ပြိုင်ဖက်တစ်ယောက်လို ရန်လိုခဲ့ဖူးတဲ့ မိန်းမတစ်ယောက် ပုံစံကနေ... သူ့အိမ်ထောင်ဖက်အပေါ်ထားတဲ့သဘောထား နားလည်မှုနဲ့မြင်ပေးတဲ့ ရှု
ထောင့်... သူကိုင်တွယ်ပုံကို ရင်ဖွင့်ပြောပြနေတဲ့ မိန်းမတစ်ယောက်ကို မြင်ယောင်လာမိတယ်... သူ့ကို နှစ်သက်အားကျလာတယ် သူ့ရဲ့ စိတ်ကို မှန်းမိလာတယ်... သိပ်လက်တွေ့ဆန်တဲ့မိန်းမပဲ...
ဒီလိုမိန်းမကို မောင်ဟာ ဘာကြောင့်အပြစ်တွေတင် အလိုမကျခဲ့တာပါလိမ့်ဆိုတာ တွေးမိလာတယ်...
တို့ပြောတာကို အေးဆေးနားထောင်ပေးတာ ကျေးဇူးတင်ပါတယ်... အခု အခြေအနေမှာဆို တို့ ကခွင့်ပြုရင်တောင် မင်းဘယ်လိုနေရာကနေ လာတွေ့လို့ရမလဲ တွေးကြည့်ပါလေ... သူကရော အသိုင်းအဝိုင်းကြားထဲကို လာခဲ့ပါလို့ ခေါ်ရဲသလား...
မင်းအသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ်...  တို့ယောက်ျားရဲ့စိတ်ထင်တာ လျှောက်လုပ်လျှောက်ပြောနေတာကို အဟုတ်မှတ်ပြီး လိုက် ပျော်နေရတာ  လူတောထဲ ဝင့်ဝင့်ဝါဝါနေရတဲ့ အိမ်ထောင်သည် ဘဝအရသာကို မခံစားဖူးသေးပဲ ကြိတ်
ပျော်နေရတဲ့အရသာကို တိုတိုလေးတွေးပြီး ကျေနပ်နေကြတာပါ...
အရှည်သဖြင့်တွေးကြည့်ပါ ညီမလေးရယ်...
အခုအချိန်သာ တို့ဆီက လုချစ်ရတာ ပျော်စရာ အားရစရာကောင်းနေတာ... မင်းက နိုင်နေတယ် ထင်ထားတာကိုး...
တစ်ချိန်မှာ ကလေးတွေရလာတဲ့အထိ မင်းတို့ ဆက်လက်တည်မြဲခဲ့မယ်ဆိုရင်တောင် မင်းက တို့နေရာကိုရောက်လာမှာ...
မပြတ်သားနိုင်တဲ့ တို့ယောက်ျားနဲ့ ဘယ်တော့မှ ကွဲမပေးနိုင်တဲ့ တို့လိုမိန်းမနဲ့ကလေးတွေက မင်းဘဝတလျှောက် ပါလာနေမှာပဲ...
အဲဒီအခါမှာ မျှဝေခံစားခြင်းဆိုတဲ့ အရသာဟာ ခါးသီးမှန်း မင်းသိလာရလိမ့်မယ် ဘယ်သူမှ မပျော်ရတဲ့ဘဝထဲမှာ မင်းရယ် တို့ရယ် သူရယ် တို့နဲ့မင်းရဲ့သက်ဆိုင်ရာကလေးတွေရယ်... ရှိနေကြမယ်လေ...
အဲဒီလူတွေထဲက တစ်ယောက်မှ အပြည့်အဝ ပျော်ကြမှာမဟုတ်ဘူး...
အဲဒီအတွေးလေးကို တစ်ခါလောက်များ တွေးမကြည့်ဖူးဘူးလားဟင်...
တို့ တစ်ခုတော့ မေးပါရစေ...
အခုရော မင်း ကျေနပ်စွာ ပျော်နေသလားဟင်...
တို့အတွက် ထည့်မတွက်ပါနဲ့... ထားပါဦး
မင်းကိုယ်တိုင်အတွက် အကယ်၍ မွေးဖြစ်ခဲ့ရင် ရလာမယ့်ကလေးအတွက်... ဘယ်လိုနေရာမျိုးမှာ ဘယ်လိုစိတ်မျိုးနဲ့ ဘဝကိုဆက်မှာလဲဆိုတာ... တွေးကြည့်ဖူးလား... ဒီယောက်ျားကို တချိန်မှာ အပိုင်ရလိမ့်မယ်ဆိုတာ အထင်ပဲရှိတာ...ခုလို မပိုင်ဝက်မွေး ပေါင်းသင်းရတဲ့အခါ... ဘယ်လိုအရသာရှိသလဲဆိုတာ ခုလိုအချိန်မှာ လက်တွေ့ကြုံတာပဲ...
စိတ်ကြိုက်သာ ခရီးဆက်ကြပါ... တို့မှာလဲ.. ကိုယ်ဝန်တစ်ဖက်နဲ့ သူ့ အရေးကပေါ်လာပြန်တော့ ထပ်ပူရပြန်တာပဲပေါ့...
ကိုယ်ဝန် နဲ့...??
အင်း ဟုတ်တယ်... ၄လ ကျော် ၅လ ပြည့်တော့မယ်... တို့သမီးလေးအတွက် တိုင်ပင်ဖေါ်ရ အောင်လေ နှုတ်ဆက်ခါနီး အဆုံးသတ်လေးပြော ချင်တာကတော့... သူ့လိုယောက်ျားဆိုတာ တို့ငယ်ငယ်က သိပ်ကြိုက်တဲ့ ဘာလီသကြားလုံးလေးလို...ပလတ်စတစ်အခွံလေးထုပ်ပြီး ထိပ်နှစ်ဖက်ကို ကြပ်ကြပ်လေးလိမ်လိုက်မှ သကြားလုံးလေးဟာ လေမသလတ်ပဲ...လုံခြုံတယ် သူလဲ အဲ့လိုပဲ... 
မိန်းမ နှစ်ယောက်လုံးကို မပြတ်နိုင်တော့ နှစ်ဖက်လုံးကိုလိမ်ပြီး သူစိတ်ချမ်းသာ အဆင်ပြေအောင် နေလိုက်တော့တာပဲ...
မင်းလဲ တွဲလီတွဲလောင်းဘဝမှာ ပျော်မယ်ဆို ဆက်သာတွယ်နေပေတော့...
တို့ကတော့ ကိုယ်လုပ်သင့်တာလုပ်ရင်း တို့ယောက်ျားနဲ့အတူ မင်းဘဝတလျှောက်လိုက်လာခဲ့မှာပဲ... သကြားလုံးတစ်ဖက်ခြမ်းရေ... နောက်ဆုံး တို့ယောက်ျားက တို့နဲ့ကွဲသွားခဲ့ရင်တောင် တို့မရှိတော့တာမဟုတ်ဘူး... တို့နဲ့သမီးရယ် ခု ဗိုက်ထဲက ကလေးရှိနေခဲ့တဲ့ သမိုင်းရယ်ကို ဖျက်လို့မရဘူး... အရိပ်လိုလိုက်နေမယ်ဆိုတာ သိထားပြီး ကြိုက်တာသာ လုပ်ပေရော့...
ဒါပါပဲ...
ဖုန်းကျသွားပေမယ့် အတွေးတွေက ကျန်ခဲ့တယ်...
ကိုယ်ဝန်ဆိုတဲ့စကားဟာ မျှော်လင့်ခဲ့ဖူးတဲ့ အရာရာကို အဆုံးသတ်လိုက်သလိုပဲ... မိန်းမနဲ့ အဆင်မပြေဘူးဆိုတဲ့ မောင့်ရဲ့ အလိုက်သင့်ညာခဲ့တဲ့စကားတွေမှာ မျောနေခဲ့တဲ့အိပ်မက်က လန့်နိုးလာတယ်... ကိုယ့်ထင်ကြေးနဲ့ တွက်ကိန်းတွေ ဟာ ကျွမ်းထိုးမှောက်ခုံဖြစ်လို့...
သူပြောသလိုပဲ... မောင်ဟာ ကောင်းမွန် ပြည့်စုံနေတဲ့ အိမ်ထောင်ကိုတောင် ငြီးငွေ့တတ်တဲ့စိတ်ရှိသူတယောက်မို့ ခုချိန်မှာ အချွဲအနွဲ့တွေဘယ်လောက်ကောင်းကောင်း ကြာလာရင် ရိုးသွားမယ့်သဘောများလား... အားအင်ချိနဲ့သလို... 
ဝမ်းနည်းလာတယ်... တခါမှမတွေးဖူးတဲ့ အတွေးတွေ ခေါင်းထဲ ထပ်ရောက်လာတယ်...
မောင့်မိန်းမဟာ ပါးနပ်လိမ္မာတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ စကားနားထောင်ကြည့်လိုက် တာနဲ့ သိလိုက်ရတဲ့အတွက် အရင်က ရဲရင့်ခဲ့တဲ့စိတ်တွေဟာ ပိုလို့ မလုံခြုံတော့ဘူး...
နွံနစ်နေတဲ့လူတစ်ယောက်လိုပဲ ရုန်းထွက်တော့လဲ မလွတ်... လှုပ်ရှားလိုက်တော့လဲ ပိုလို့ ကျွံနေတဲ့ အဖြစ်မျိုးနဲ့ပဲ... ဆက်သွားရတော့မလား...
စောစောက သူမေးခဲ့တုန်းက ကိုယ်မဖြေဖြစ်ခဲ့ဘူး...
မင်းကျေနပ်စွာ ပျော်နေသလား...ဟင်...တဲ့...
သေချာတာကတော့... ခုချိန်ကစပြီး ကိုယ်ဟာ မပျော်တော့ဘူး...

ချစ်တဲ့...
မားကေ...

(အိမ်ထောင်ရှင်မမများလည်း လိမ္မာပါးနပ်ကြပါစေ)
စနှိုက်ကြော်ညီမလေးများလည်း နှိုက်စရာရှိနှိုက်ပြီး ကျေနပ်စွာ ဘေးကပ်နေကျန်ခဲ့နိုင်ကြပါစေ
အရှည်သဖြင့် လိုက်ပြီး ဘယ်သူ့ဘဝကိုမှ အဆုံးတိုင် လိုက်မဖျက်ဆီးမိပါစေနဲ့...
သူတစ်ပါးဘဝကို ဖဲ့ယူချင်မိရင် ကိုယ့်ဘဝထဲလည်း အဲ့ယောက်ျားက အပဲ့အရွဲ့အဖြစ်နဲ့ ရောက်လာမှာ အပြည့်ပါလာမှာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့ခ်ျလေးရကြတယ်ဆိုရင် ရေးရကျိုးနပ်ပါကြောင်း...