အိမ်ထောင်ရေးအတွက် အကြီးမားဆုံး ပြဿနာများ

ပြဿနာတိုင်းဟာ ဖြေရှင်းလို့ရတယ်လို့ တချို့တွေက ဆိုကြတယ်။ သို့ပေမဲ့ အိမ်ထောင်ရေးမှာ ဖြေရှင်းလို့ကို မရတဲ့ အကြီးမားဆုံး ပြဿနာတွေရှိကြောင်း အိမ်ထောင်ရေး အကြံပေးများက ပြောပြထားတယ်။

အိမ်ထောင်တစ်ခုမှာ ကြုံလာရလေ့ရှိတဲ့ တချို့သော ပြဿနာတွေဟာ လင်မယားနှစ်ယောက်ပူးပေါင်းပြီး ကျော်လွှား သွားလို့ရနိုင်တယ်။ ဥပမာ- ကလေးရလာလို့ နှစ်ယောက်သားအတွက် သီးသန့်အချိန်နည်းလာတာမျိုး။ ဒီလိုပြဿနာ ကြုံလာတဲ့အခါ ကလေးထိန်းခေါ်ပြီးဖြေရှင်းလို့ရတယ်။ မိသားစုနဲ့အချိန်ဖြုန်းတာထက် ဖုန်းနဲ့မျက်နှာအပ်ထားတာမျိုး။ ဒီလိုပြဿနာကြုံလာတဲ့ အခါ အိမ်ပြန်ရောက်လာရင် ဘယ်အချိန်ထိပဲ ဖုန်းသုံးရမယ်လို့ ကန့်သတ်တာမျိုးနဲ့ ဖြေရှင်းလို့ရတယ်။ 

ဒါပေမဲ့ တချို့ပြဿနာတွေကျတော့ ဖြေရှင်းဖို့ခက်တယ်။ ဘယ်လိုပြဿနာတွေက အိမ်ထောင်ရေးအတွက် အကြီးမားဆုံးလဲဆိုတာ အခုလိုပဲ ပြောပြထားတယ်။

၁။ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်သေးတဲ့ ပြဿနာ
အိမ်ထောင်ရေးမှာ အမှားမလုပ်ကြေးလို့တော့ တစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်ထားလို့မရပါဘူး။ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ လူတိုင်းမှားကြမှာပါ။ ဒါကိုပဲ ထပ်ခါထပ်ခါအပြစ်ဖို့မယ်၊ ကြုံတိုင်း ထေ့မယ်ငေါ့မယ်၊ အကွက်ဝင်တိုင်း အထင်သေး အမြင်သေးတွေ လုပ်မယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အုတ်မြစ်ကို သင်တို့ကိုယ်တိုင် ဖဲ့ထုတ်ပစ်နေသလို ဖြစ်လာပါလိမ့်မယ်။

အိမ်ထောင်ရေး သုတေသီတစ်ယောက်ရဲ့ အဆိုအရ ကတော့ အိမ်ထောင်ဖက်တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်သေးခြင်းဟာ အတော်ဆိုးတဲ့ပြဿနာဖြစ်ပြီး အိမ်ထောင်ရေးပြိုကွဲစေတဲ့ ရှေ့ပြေးနိမိတ်တစ်ခုလည်း ဖြစ်ပါတယ်တဲ့။

တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်သေးတဲ့ အကျင့်ကနေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ထားမှုတွေ ပြတ်တောက်သွားတတ်ပါတယ်။ အထင်သေးအမြင်သေး ဖြစ်နေတော့ စကားတွေကို အထက်စီးကပြောမယ်၊ စကားများရင်လည်း အလျော့မပေးတော့ဘူး၊ ဖြစ်လာတဲ့ ပြဿနာတိုင်းက မူလထက်ကြီးထွားကုန်မယ်၊ နောက်ဆုံး တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်တော့တဲ့အထိဖြစ်လာမယ်။

၂။ အိမ်ထောင်ဖက်က မလိုအပ်ဘဲ အငြင်းအခုံသန်တဲ့ ပြဿနာ
အိမ်ထောင်ရေးမှာ ကိစ္စတစ်ခု ပေါ်လာတိုင်း သူ့အယူအဆနဲ့ ကိုယ့်အယူအဆက ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လွန်းမကဖြစ်လာတဲ့အခါ သင်ဟာအဲဒီ့အခြေအနေကိုတဖြည်းဖြည်း လန့်လာပါလိမ့်မယ်။ ထားလိုက်ပါ။ အိမ်ထောင်ဖက်နဲ့ ငါဟာ 
သဘောထားကွဲလွဲတတ်တယ်လို့သာ လက်ခံလိုက်ပါ။ 

ချစ်မှုရေးရာ အကြံပေးတစ်ယောက်ကတော့ ဒီလိုအကြံပြုထားပါတယ်။ စုံတွဲတစ်တွဲ ဖြစ်လာပြီဆိုရင် တစ်ယောက်ယောက်ကိုပဲ အမြဲတစေ မှန်တယ်လို့ဆုံးဖြတ်ပေးလိုက်တာဟာ အဲဒီ့လူကို အနိုင်ပေးလိုက်တာမဟုတ်ပါဘူး။ စုံတွဲမှာ (သို့) 
လင်မယားမှာ အနိုင်အရှုံးဆိုတာ မရှိဘူးလို့ သဘောပေါက်ဖို့လိုပါတယ်တယ်တဲ့။

အိမ်ထောင်ရေးမှာ ငြင်းကြခုံကြတဲ့အထိ ပြဿနာမဟုတ်ပေမဲ့ ငြင်းကြခုံကြဖို့ ရန်စတာလည်းကိုယ်ပဲ၊ တစ်ဖက်သားကို ခွင့်မလွှတ်ဖို့ အကြောင်းရှာတာလည်း ကိုယ်ပဲဆိုရင်တော့ ပြဿနာရှိနေပါပြီ။ ဖြစ်လာတဲ့ကိစ္စတိုင်းကို ဆွေးနွေးဖို့လည်း ငြင်းတဲ့အပြင် ခွင့်မလွှတ်တတ်ဘူးဟေ့လို့ အော်နေရင်တော့ ပြဿနာကို ဆိုးစေရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။

၃။ အဆုံးမဲ့ ဖောက်ပြားခြင်း ပြဿနာ
ချစ်ခြင်းမှာ (သို့) အိမ်ထောင်ရေးမှာ စဉ်ဆက်မပြတ် လိမ်လည်လှည့်ဖျားသူ အိမ်ထောင်ဖက်တစ်ယောက်ရှိနေခြင်းဟာ ဘဝခရီးရှည်ရှည်လျှောက်ဖို့ ခပ်မြန်မြန်ဘဲ ခြေကုန်လက်ပန်းကျစေပါလိမ့်မယ်။ ဘယ်လိုအခြေအနေကပြင်ဆင်လို့ရနိုင် သလဲဆိုတော့ ဖြစ်ခဲ့သမျှသစ္စာမဲ့မှုအထွေထွေကို ပြည်ဖုံးကားချ ပြီးရှေ့လျှောက် ရိုးသားပါတော့မယ်ဆိုတဲ့ အခြေအနေ။ ဒီလိုမှမဟုတ်ရင်တော့ ဖောက်ပြားလိုက်၊ ခွင့်လွှတ်လိုက်၊ တစ်ဖန်ဖောက်ပြားလိုက်၊ ခွင့်လွှတ်လိုက်နဲ့ သင့်အသည်းလည်း ကွဲခြင်းသံသရာထဲကကို ထွက်နိုင်တော့မယ်မထင်ပါဘူး။

လူတစ်ယောက်နဲ့ တစ်ယောက် လိမ်လည်လှည့်ဖျားမှုကလည်း မတူနိုင်ပါဘူး။ တချို့က မလွဲသာလို့ တစ်ကြိမ်တစ်ခါဖြစ် သွားလို့ လိမ်လိုက်တယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုသိပြီး ပြင်တယ်။ တချို့ကျတော့ လွယ်လွယ်လေးကတိပေးပြီး လွယ်လွယ်လေးပဲ ကတိပျက်တယ်။ တော်သင့်တဲ့အချိန်လည်း မတော်ဘူး။ ရပ်သင့်ချိန်လည်းမရပ်ဘူးဆိုတာမျိုး။

၎။ မလျှိုသင့်တာကို လျှိုထားသော ပြဿနာ
အိမ်ထောင်ရေးမှာ (သို့) ချစ်ခြင်းမှာ တစ်ယောက်ဘေးနား တစ်ယောက်မနေနိုင်တဲ့ အချိန်တွေက အင်မတန်အရေးပါပါတယ်။ အဲဒီလိုအချိန်တွေမှာ ကိုယ်ဟာဘာတွေလုပ်နေတယ်ဆိုတဲ့ အကြောင်းအရာဟာ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု မဖြစ်သင့်ပါဘူး။ အတွင်းရေးကိစ္စတွေမို့ထိန်ချန်ထားတယ်ဆိုတာနဲ့ လျှို့ဝှက်လွန်းတယ်ဆိုတာက ခြားနားပါတယ်။

မလျှိုထားသင့်တဲ့ကိစ္စတွေကို လျှိုထားပါများလာတဲ့အခါ ကိုယ့်မှာ စိတ်အားဖြင့်ရော၊ ရုပ်အားဖြင့်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေသလို၊ ကိုယ့်အိမ်ထောင်ဖက်မှာလည်း  ထိုနည်းလည်းကောင်းပါပဲ။ အိမ်ထောင်ရေးမှာ လိုအပ်တာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ ပွင့်လင်းမှုနဲ့ အပြန်အလှန်ဝေမျှခြင်းပါ။

၅။ သဟဇာတမဖြစ်တဲ့ ဖိုမဆက်ဆံရေး ပြဿနာ
အိမ်ထောင်ရေးမှာ ဖိုမဆက်ဆံရေး သဟဇာတဖြစ်ဖို့၊ အပေးအယူတည့်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီပြဿနာကို အဖြေမရှာနိုင်လို့ လမ်းခွဲခဲ့တဲ့ အိမ်ထောင်းရေးတွေဟာ ဒုနဲ့ဒေးပါ။

ဒီတော့ အိမ်ထောင်ရေးမစတင်ခင်ကတည်းက ဆွေးနွေးပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်အားဖြင့် သာမက ကိုယ်အားဖြင့်ပါ သာယာမှုမပေးနိုင်တဲ့ အိမ်ထောင်ရေးကို ဘယ်သူကမှ ကြာကြာလက်မခံနိုင်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

၆။ မတူညီခြင်း ပြဿနာ
ဘာမတူတာလဲလို့ မေးလာရင်တော့ တွယ်တာမှုစတိုင်လ် မတူတဲ့ ပြဿနာလို့ဖြေပါရစေ။ ကိုယ်က ကြင်ကြင်နာနာ နွေးနွေးထွေးထွေးနေရတာကို ကြိုက်ပြီး ကိုယ့်အိမ်ထောင်ဖက်ကတော့ သီးသီးသန့်သန့် ရှောင်ဖယ်ဖယ် အမူအကျင့် ရှိပြီ
ဆိုရင်တော့ သင်တို့နှစ်ယောက်ကြားက တွယ်တာမှုစတိုင်လ် မတူတော့ဘူး။ အဲဒီ့ကြားမှာ တွယ်ဆက်ဖို့ ကြိုးစားတဲ့အခါ နှစ်ဖက်လုံးက ကြိုးစားညှိရင် တစ်ချိန်ချိန်မှာဆက်သွားနိုင်ပေမဲ့ တစ်ဖက်တည်းကချည်း ကြိုးစားရမယ်ဆိုရင်တော့ တစ်ချိန်မှာ ပြဿနာကြီးလာနိုင်ပါတယ်။


မဟားတရားကို ရှောင်ဖယ်လွန်းတဲ့ လူတစ်ယောက် နဲ့ ကြာကြာအတူနေဖို့ဆိုတာ အကြီးအကျယ်အာရုံနောက်ရမယ့် 
၇။ အတ္တကြီးလွန်းတဲ့ ပြဿနာ
ကိုယ့်အိမ်ထောင်ဖက်က လိုတာထက်ပိုပြီး အတ္တကြီးနေတဲ့အခါ၊ ဒီ အိမ်ထောင်ရေးကို အခြေအနေမပျက်အောင် ထိန်းနေရတဲ့ ကိုယ့်မှာ မပြီးဆုံးနိုင်တဲ့ တောင်တစ်လုံးကို တက်နေရတာနဲ့ တူနေပါလိမ့်မယ်။

အတ္တကြီးလွန်းတဲ့သူတွေဟာ တစ်ကြိမ်တစ်ခါလေးတောင် မေ့လျော့ပြီးတစ်ဖက်သားကို မျက်နှာသာပေးတာမျိုးမရှိ တတ်ပါဘူး။ ဒီတော့ ကိုယ့်လူက သိပ်အတ္တကြီးနေတယ်ဆိုရင် သူတော့ တစ်ချိန်ချိန်မှာ ငါတို့အိမ်ထောင်ရေးကို ထည့်တွက်လောက်ပါတယ်လို့ မတွေးလိုက်ပါနဲ့။ ကိုယ်ပဲခံစားရပါလိမ့်မယ်။

အဆိုးဆုံးကတော့ သူ့အပြစ်သူ မမြင်ဘဲ ဒီအိမ်ထောင်ရေးက မင်းကြောင့်ပဲ ဆိုးရွားနေတာဆိုတဲ့ ထပ်တလဲလဲ အပြစ်တင်သံပါ။ 

၈။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းမရှိကြတဲ့ ပြဿနာ
ကိုယ့်အိမ်ထောင်ဖက် (သို့) ကိုယ့်ချစ်သူဟာ ကိုယ့်ရင်ဖွင့်ဖော်ဖြစ်ဖို့ လူတိုင်းမျှော်လင့်ကြပါတယ်။ ကိုယ်ခံစားရသမျှတွေကို ခံစားချက်အရင်းအတိုင်း ဖွင့်ထုတ်ပြောပြီး စိတ်သက်သာရာ ရှာလိုကြတယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်တစ်ယောက်ယောက်က ခံစားချက်ကို မြိုသိပ်တတ်လွန်းတဲ့အခါ၊ ပွင့်ပွင့်လင်းလင်းမရှိတဲ့အခါ အိမ်ထောင်ရေးမှာ ပြဿနာရှိလာတတ်ပါတယ်။

ကိုယ့်ခံစားချက်ကို ဖွင့်မပြောလည်း ဘာဖြစ်လဲလို့ မေးလာခဲ့ရင်တော့ ပြဿနာကြီးကိုဖြစ်လာတတ်ပါတယ်လို့ ဖြေပါရစေ။ သင်က သင့် ခံစားချက်ကို ထုတ်မပြောတော့ သင့်မှာလည်း သောကရှိလာသလို သင့်အိမ်ထောင်ဖက်မှာလည်း စိုးရိမ်မှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့ စိုးရိမ်မှုတွေကနေ ဘာဖြစ်နေလဲ ထုတ်မေး၊ သင်ကလည်း ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းမပြောတေ့ သံသယ ရှိနဲ့ ဒီအိမ်ထောင်ရေးကို တဖြည်းဖြည်း စိတ်ကုန်လာပါလိမ့်မယ်။ အဲဒီတော့ အိမ်ထောင်ရေးမှာ ပွင့်လင်းသင့်သလောက် ပွင့်လင်းမှသာ ရှေ့ဆက်မယ့်ခရီးက သာယာနိုင်ပါလိမ့်မယ်။

Ref: 8 Relationship Problems You Just Can’t Fix By Brittany Wong