ဘယ်လိုအချစ်မျိုးလဲ...

လူနှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အဲဒီ့လူနှစ်ယောက်ရဲ့ အမူအကျင့်၊ စိတ်နေစိတ်ထား၊ လက်ရှိအနေအထားတွေပေါ် မူတည်ပြီး ကွဲပြားခြားနား ကြပါတယ်။ ချစ်မှုရေးရာ ကျွမ်းကျင်သူတွေက  တော့ ချစ်ခြင်းပုံစံ (၂၃) မျိုးကို တင်ပြဆွေးနွေးထားကြပါတယ်။ အဲဒီ့တော့ ကိုယ်တွေအချစ်ကရော ဘယ်လိုအချစ်မျိုးများဖြစ်နေမလဲ… တစ်စုံတစ်ယောက်ကို စတင်ပြီး ချစ်မိလိုက်တာနဲ့ ကိုယ့်ချစ်ခြင်းဟာ ဘယ်လိုချစ်ခြင်းလဲဆိုတာ မမှန်းဆနိုင်သေးပါဘူး။ သူက ပထမဆုံး အဆင့်မှာပဲ ရှိနေသေးလို့ပါ။ 

သို့သော်လည်း အချိန်ကြာလာတာနဲ့ အမျှ သင်တို့နှစ်ယောက်ကြားက ချစ်ခြင်းဟာ သိပ်ကိုသည်းခံရတဲ့အဆိုးဆုံး အရာလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခြေအနေမျိုးမှာ တစ်ချိန်တော့ကောင်းလာလေဦးမလားရယ်ဆိုတဲ့ မျှော်လင့်ချက် နဲ့ ရှေ့ကိုချီတက်ကြလေ့ရှိပါတယ်။

လူတစ်ယောက်က ကြိမ်ဖန်များစွာ ချစ်ခဲ့ဖူးတယ်ဆိုရင်တောင်၊ နောက်ထပ်ချစ်တဲ့အချစ်က သူအရင်က မကြုံဖူးတဲ့ အတွေ့အကြုံသစ် ဖြစ်နိုင်ပါတယ်။ ချစ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေကနေ သင်ခန်းစာယူနိုင်ရင်တော့ ပိုကောင်းတဲ့ အချစ်ဘဝကို တည်ဆောက်နိုင်ပါတယ်။ 

ဘဝမှာ ကြုံလာရတဲ့ ချစ်ခြင်းတွေဟာ ပန်းခင်းသောလမ်းတွေချည်းပဲ ဖြစ်လိမ့်မယ်လို့ မမှတ်ယူလိုက်ပါနဲ့။ သင့်ဘဝမှာ သစ္စာမရှိတဲ့ ချစ်သူနဲ့ ကြုံဆုံရနိုင်သလို၊ သူမတူအောင် ကိုယ့်ဘက်ကိုယ့် သာကြည့်တဲ့သူနဲ့လည်း ဆုံကောင်း  ဆုံနိုင်ပါတယ်။ တစ်ချိန်ချိန်မှာတော့ ကိုယ့်အတွက်ပြီးပြည့်စုံတဲ့ သူတစ်ယောက် ကိုယ့်နားရောက်လာမယ့် အခွင့်အရေး ရှိပါသေးတယ်။ 

ဒါဆို ပြီးပြည့်စုံတဲ့ ချစ်ခြင်းဆိုတာ ဘယ်လိုများလဲလို့ မေးစရာရှိပါတယ်။

ယုတ္တိတန်တန် ပြောကြကြေးဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အသက်ထက်ဆုံး ချစ်ခင်နေထိုင်သွားနိုင်တဲ့  ပြီးပြည့်စုံတဲ့ ချစ်ခြင်းဆိုတာ ထိုသူနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ဖြည့်ဘက်အဖြစ် တည်ရှိနေကြလို့ပါ။

လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ချစ်ခြင်းမှာ မျှော်လင့်ချက်ရှိပါတယ်။ အဲဒီ့မျှော်လင့်ချက်ကို ဖြည့်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်နဲ့ ချစ်မိတဲ့အခါ သင့်ချစ်ခြင်းဟာ အချိန်ကာလကို လွန်မြောက်နိုင်တဲ့ ဂန္ထဝင်ချစ်ခြင်းဖြစ်လာနိုင်ပါတယ်။

ကိုယ်က တစ်စုံတစ်ယောက်ကို သေသေချာချာချစ်တတ်တာနဲ့ ကိုယ့်ချစ်ခြင်းဟာ ပြီးပြည့် စုံတဲ့ချစ်ခြင်းဖြစ်ရမယ်လို့ ယူဆလို့လည်း မရပြန်ပါဘူး။ ချစ်ခြင်းမှာ လူနှစ်ယောက်ပါဝင်နေတာကိုး။ ကိုယ်ကချစ်တတ်၊ အလိုသိတတ်သလောက် တစ် 
ဖက် လူက သစ္စာမရှိ၊ အနိုင်ယူလွန်းမယ်ဆို သင့်ချစ်ခြင်းက ဆေးခါးကြီးလည်း ဖြစ်နိုင်သေးတယ်လေ။ 

ချစ်ခြင်းတစ်ခု ပါဝင်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အချိန်အဆညီညီပေးတတ်၊ ယူတတ်ရင် သူတို့ နှစ်ယောက် အသက်ထက်ဆုံး ပျော်ရွှင်စွာ လက်တွဲသွားတတ်ကြပါတယ်။ ဒါဟာ ချစ်တတ်သူတိုင်းမျှော်လင့်ကြတဲ့  ပြီးပြည့် စုံတဲ့ချစ်ခြင်းပါပဲ။

(၂၃) မျိုးသော ချစ်ခြင်းများ…
ချစ်မှုရေးရာ ကျွမ်းကျင်သူများကတော့ သင့်သက်တမ်းတစ်လျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ ချစ်ခြင်းတွေကို အနှစ်ချုပ်လိုက်ရင် (၂၃)မျိုးသာ ရှိပါတယ်တဲ့။

ကိုယ့်ချစ်ခြင်းက ဘယ်ထဲများပါမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်…
၁။ မှီခိုလွန်းသောချစ်ခြင်း။
ဘဝမှာ လုပ်ကိုင်ဆောင်ရွက်ရမယ့်အရာမှန်သမျှ စနစ်တကျပြီးစီးအောင်မြင်ဖို့ ချစ်သူတစ်aယာက်လိုအပ်နေတာလား၊ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဖို့တောင် ကိုယ့်ဘာသာကို မဆုံးဖြတ်နိုင်ဘဲ သူ့အကူအညီယူလိုက်ရမှ စိတ်ကျေနပ်တာလား။ ဒီလိုဆိုရင်တော့ သင့်ချစ်ခြင်းဟာ သင့်ချစ်သူအပေါ် သိပ်ကို မှီခိုလွန်းနေတဲ့ ချစ်ခြင်းဖြစ်နေပါပြီ။

၂။ ထိန်းချုပ်သော ချစ်ခြင်း။
ချစ်ခြင်းမှာ တစ်ယောက်သောသူက သိပ်လွှမ်းမိုးပြီး ကျန်တစ်ယောက်က သူဆုံးဖြတ်သမျှ၊ သူချမှတ်သမျှ စည်းဘောင်တွေ လိုက်နာနေရပါသလား။ ဒီလိုဆိုရင်တော့ သင့်ချစ်ခြင်းဟာ ထိန်းချုပ်တဲ့ချစ်ခြင်းဖြစ်နေပါပြီ။ ဆရာကြီး လုပ်နေတာ ကျေနပ်နေသမျှက အခြေအနေကောင်းနေပေမဲ့ သိပ်စိတ်ရှုပ်ထွေးလာတဲ့ အချိန်၊ ကိုယ်တိုင်လည်း မျှော်လင့်ချက်မဲ့ နေချိန်မှာတော့ ဒီလိုချစ်ခြင်းမျိုးမှာ ပြဿနာ အတစ်လိုက်တက်လာပါတော့တယ်။

၃။ ရှုံးကု ကု သော ချစ်ခြင်း။
နာမည်ကတော့ မျက်စိလည်စရာကြီး။ ဒီချစ်ခြင်းမှာ ပါဝင်ကြသူနှစ်ဦးလုံးက လောလောလတ်လတ် အသဲကွဲထားသူတွေ၊ နာကျင်စရာ ချစ်အတိတ်တွေကြောင့် ဒဏ်ရာရှိသူတွေ။ သူတို့ နှစ်ယောက်လုံးက အချစ်ရှုံးသမားတွေဖြစ်တာကြောင့် အခုအချစ်သစ်မှာတော့ အရှုံးကို ကုစားမယ့် မျှော်လင့်ချက်ကိုယ်စီနဲ့။ ဒီလိုချစ်ခြင်းမှာ တစ်ယောက်ရဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးနိုင်ရင်တော့ အရှည်သဖြင့် လက်တွဲသွားနိုင်ကြလေရဲ့။

၎။ ပွင့်လင်းသောချစ်ခြင်း။
ဘယ်လိုပွင့်လင်းကြပါလိမ့်။ ဒီလိုချစ်ခြင်းမှာတော့ ချစ်သူနှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားမှုအရသာ ကတိကဝတ်ရှိကြတယ်လို့ ယုံကြည်ထားကြသူတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ဘာထိန်းချုပ်မှုမှ မထားဘဲ ကိုယ်ကလည်း သူ့အပြင်အခြားတစ်ယောက်နဲ့ သူ ကလည်း ကိုယ့်အပြင်အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံဖို့အထိ ခွင့်ပြုပေးထားတတ်ကြပါတယ်။ 

၅။ ညှိနှိုင်းသော ချစ်ခြင်း။
ဒီလိုညှိနှိုင်းတဲ့ ချစ်ခြင်းတွေက နှစ်ဦး နှစ်ဖက်ပျော်ရွှင်ကြရတာများပါတယ်။ နှစ်ယောက်လုံးရဲ့ အန္တိမ ရည်ရွယ်ချက်က အခြားတစ်ဖက်ကို ပျော်ရွှင်စေဖို့ဖြစ်ပြီး အဲဒီ့အချက်ပေါ်မူတည်ပြီး တစ် ယောက်နဲ့ တစ်ယောက် အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ကြတာပါ။

၆။ အဆိပ်အတောက်ချစ်ခြင်း။
ဒီလိုချစ်ခြင်းမျိုးဟာ တစ်ယောက်နဲ့ တစ်ယောက် အဆိပ်အတောက်ဖြစ်စေတာမျိုးပါ။ တွဲသာတွဲနေတာ သူမရှိလည်း ဘဝကြီးက သာယာနေတယ်လို့ ထင်မှတ်နေတတ်ကြပြီး အချိန်တော်တော်များများမှာ တစ်ယောက်ကို တစ်ယောက် စိတ်အနှောင့်အယှက် ပေးနေတတ်ကြပါတယ်။ 

၇။ မလေးနက်သော ချစ်ခြင်း။
ခပ်ရှင်းရှင်းပြောရင် အပျော်သဘောတွဲတာ။ တစ်ယောက်နဲ့ တစ်ယောက် ရေရှည်အစီအစဉ်ဘာညာမရှိဘူး၊ ပျော်ဖို့ သက်သက်အတွက် တွဲကြတာ။ ဒီလိုရေရှည်အစီအစဉ်မရှိတာကိုလည်း တစ်ယောက်နဲ့ တစ်ယောက်စိတ်ထဲက သိကြ 
တယ်။ အဲဒီလိုချစ်ခြင်းမျိုးကတော့ လေးနက်မှုမရှိတဲ့ ချစ်ခြင်းပေါ့။

၈။ လိင်မှုကင်းသော ချစ်ခြင်း။
အနည်းငယ်ဆန်းတဲ့ ချစ်ခြင်းတစ်မျိုးပါ။ ဒီချစ်ခြင်းမှာ ပါဝင်တဲ့ နှစ်ဦးလုံးက မချောတာ၊ မလှတာ၊ ဆွဲဆောင်မှုမရှိတာ မဟုတ်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်အားဖြင့် စိတ်ဝင်တစား မရှိကြတာမျိုး။ ကာမစပ်ယှက်ခြင်းကို ငြီးငွေ့ တာ ဒါမှမဟုတ် အဲဒီ့ကိစ္စကို ဂရုကိုမစိုက်တာဆိုတဲ့ လူနှစ်ဦးရဲ့ ချစ်ခြင်းပေါ့။

၉။ ရုပ်ဝတ္ထု ချစ်ခြင်း။
ရုပ်ဝတ္ထုအားဖြင့် ကိုယ့်ကိုပိုကောင်းတဲ့ ဘဝမျိုးရစေတဲ့ တစ်စုံတစ်ယောက်ကိုမှ ချစ်ချင်တဲ့ ချစ်ခြင်းမျိုး။ သိုက်တူးသမား ဒါမှမဟုတ် သူဋ္ဌေးကိုမှ ရွေးကြိုက်တတ်တဲ့ အမျိုးသမီးတွေက အကောင်းဆုံး ဥပမာတွေဖြစ်ပါလိမ့်မယ်။ ဒီလို ချစ်ခြင်းမျိုးမှာ အချစ်စစ် အချစ်မှန်တွေလည်း ရှိတတ်ပေမဲ့၊ သူ့ရဲ့ အခြေခံအုတ်မြစ်ကတော့ စိတ်ကူးယဉ်ချင်စရာမကောင်းဘူးလို့ပဲ ဆိုပါရစေ။

၁ဝ။ ကာမဆန်လွန်းသော ချစ်ခြင်း။
ဒီလိုချစ်ခြင်းမျိုးမှာ အဓိကအကြောင်းအရာက ကာမပဲ။ စိတ်ချင်းနီးကပ်ရင်းနှီးခြင်းလည်း မရှိဘူး၊ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခြင်း တည်ဆောက်ကြဖို့လည်း စိတ်ကူးမရှိဘူး။ ကိုယ့်ချစ်သူကို ကာမ အားဖြင့်ပဲ အလိုရှိတာဖြစ်ပြီး အခြားသောအကြောင်းအရာနဲ့ ရင်းနှီးချိတ်ဆက်ခြင်းမရှိတဲ့ အချစ်မျိုးပါ။

၁၁။ အာရုံအပြည့်မရသောချစ်ခြင်း။
နာမည်ကျော် ကောလိပ်တွေမှ ဝင်ခွင့်ရတဲ့ ကျောင်းသားသမီးရည်းစားတွေမှာ ဒီလိုအချစ်မျိုး အတွေ့ရများတတ်ပါတယ်တဲ့။ တစ်ယောာက်နဲ့ တစ်ယောက်တော့ ချစ်ကြတယ်။ ဒါပေမဲ့ အချိန်ကြာကြာချိန်းတွေ့ဖို့ အချိန်မပေးနိုင်ကြဘူး။ ကောလိပ်ကျောင်းသားတွေအပြင် ကိုယ့်အလုပ်အတွက်၊ မိသားစုအတွက် အရမ်းကိုနှစ်မြှုပ်ထားရသူတွေမှာ ဒီလို ချစ်ခြင်းမျိုး ဖြစ်လေ့ရှိပါတယ်။

၁၂။ မပြည့်စုံသော ချစ်ခြင်း။
ကိုယ်တွေချစ်ခြင်းက မပြည့်စုံတာလည်း သိတယ်၊ ဒါပေမဲ့ အဲဒါကို ပြင်ဆင်လိုစိတ်လည်း မရှိဘူး။ ကိုယ့်ချစ်သူက ကိုယ်လိုချင်တဲ့အချက်တွေနဲ့ မပြည့်စုံလည်း လက်ခံနိုင်တယ်၊ ကိုယ်တွေချစ်ခြင်းက မပြည့်စုံတာသိလည်း လက်ခံနိုင်တယ်ဆိုတဲ့ သူတွေမှာ ဒီလိုချစ်ခြင်းကို အတွေ့ရများပါတယ်။

၁၃။ မပျော်ရွှင်ရသော ချစ်ခြင်း။
ဒီချစ်ခြင်းမှာ မပျော်ရွှင်ရဘူး။ ဒါပေမဲ့ ကြိတ်မှိတ်သည်းခံပြီး နေနေရတဲ့ အကြောင်းတရားတွေ ကလည်းရှိနေတယ်။ ကလေးတွေကြောင့် ဒါမှမဟုတ် ပတ်ဝန်းကျင်ကများ ငါ့ကိုပြောကြဆိုကြ မလားဆိုတဲ့ အတွေးတွေကြောင့် မပျော်ရွှင်ရတဲ့ ချစ်ခြင်းတွေနဲ့ ရှေ့ဆက်နေရသူတွေပါ။

၁၄။ အနေဝေးသော ချစ်ခြင်း။
ဒီဘက်ခေတ်မှာ အတွေ့ရအများဆုံးချစ်ခြင်းပဲ ဆိုကြပါစို့။ တစ်ယောက်နဲ့ တစ်ယောက် သေသေချာချာချစ်ကြတယ်။ စိတ်ချင်းလည်းနီးတယ်။ ဒါပေမဲ့ တစ်ယောက်တစ်နယ်စီမှာနေ၊ ပိတောက်နဲ့ ချယ်ရီပမာပေ ဆိုသလိုမျိုး။ နေထိုင်ရှင်သန်ကြရတဲ့ ဒေသတွေက တစ်နေရာစီ။ အဲဒီလိုချစ်ခြင်းတွေမှာ သူနဲ့ကိုယ်နဲ့ အတူရှိမနေတော့ မနာလိုဝန်တိုခြင်းတွေ၊ သံသယတွေနဲ့ ရှင်းရင်းလင်းရင်း နဘမ်းပွဲတွေ ခဏခဏ ဖန်တီးဖြစ်ကြပါလိမ့်မယ်။

၁၅။ ရှုပ်ရှုပ်ထွေးထွေးချစ်ခြင်း။
လှည့်ကွက်တွေ၊ နားလည်ရခက်တာတွေ အများကြီးပါဝင်နေတဲ့ ချစ်ခြင်းမျိုး။ နှစ်ယောက်သားရဲ့ ချစ်ခြင်းမှာ တတိယ တစ်ယောက်က ပါဝင်ပက်သတ်နေတာမျိုး၊ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က မဖြည့်ဆည်းပေးနိုင်တာကို သိ
ပေမဲ့ အဲဒီ့ချစ်ခြင်းကို အဆုံးမသတ်ဘဲ အခြားတစ်ယောက်ဆီမှာ ရှာနေမိတာမျိုး။ နှစ်ယောက်လုံးက ဆုံး ဖြတ်ချက်ဝေဝါးရင် ဒီလိုချစ်ခြင်းတွေဖြစ်လာတတ်ပါတယ်။

၁၆။ လျှို့ဝှက်သော ချစ်ခြင်း။
ဒီလိုချစ်ခြင်းမျိုးတွေက တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်တောင်သတိမပြုမိပါဘူး။ စိတ်ထဲက ကြိတ်ပြီး တွယ်ငြိနေတတ်တာမျိုးလို့ အလွယ်ဆိုလို့လည်းရပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ ချစ်သူထက် သူ့ကိုမှ ပိုပြီး စွဲလန်းနေတတ်တာကြောင့် လက်ရှိ အချစ်ရေးကို ထိခိုက်လာတဲ့အထိ ဖြစ်လာ နိုင်ပါတယ်။

၁၇။ သူငယ်ချင်းလို ချစ်ခြင်း။
ဒီလိုချစ်ခြင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာနှောင်ကြိုးမှ၊ ဘာကတိကဝတ်မှ မရှိတတ်ကြပါဘူး။ တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆွေလို၊ သူငယ်ချင်းလိုချစ်ကြတဲ့ လူနှစ်ယောက်လုံးမှာ၊ ဒါမှမဟုတ် တစ်ယောက်မှာလည်း ချစ်ရမယ့်ချစ်သူတွေရှိထားကြပြီးသား။ ချစ်သူရှိပေမဲ့ သူအခက် အခဲရှိရင် မကူညီဘဲ မနေနိုင်ဘူး။ 

၁၈။ အချစ်အမုန်းပါသော ချစ်ခြင်း။
တစ်ယောက်နဲ့ တစ်ယောက် ရူးလောက် အောင်ချစ်လည်း တစ်ဆက်တည်းမှာပဲ မုန်းတာ၊ ကြည့်မရတာ၊ စိတ်တိုင်းမကျတာကလည်း ချစ်ခြင်းနဲ့ ဆတူလောက်ရှိနေတတ်တဲ့ ချစ်ခြင်းမျိုး။ အဲဒီလို လူနှစ်ယောက်ရဲ့ ဓာတ်ပြုနိုင်ခြင်းအစွမ်းကလည်း မသေးဘူး။ ဒါပေမဲ့ ဒီလူနှစ်ယောက်ရေ ရှည်သွားမယ် စဉ်းစားရင်တော့ အချိန်မီညှိနှိုင်းပြင်ဆင်ဖို့ လိုပါတယ်။ မဟုတ်ရင် လျှောက်ရမယ့် ခရီးရှည်ကြီးမှာ နှစ်ယောက်သားအင်မတန် ပင်ပန်းရပါလိမ့်မယ်။

၁၉။ စိတ်မချရသော ချစ်ခြင်း။
နှစ်ယောက်စလုံးက ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဘဝကို အမှီအခိုကင်းကင်းနေချင်သူတွေ။ ကိုယ်က သူ့အပေါ်ဘယ်လောက် သစ္စာရှိပါတယ်လို့ သိမ်းသွင်းသိမ်းသွင်း၊ တစ်ဖက်ကလည်း အဲဒါလိမ်နေတာလို့ အမြဲထင်မှတ်နေတတ်တာမျိုး။ ဒီလို ချစ်ခြင်းမျိုးမှာ ချစ်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အတိုင်းအတာတစ်ခုအထိပဲ ပတ်သက်နိုင်ပြီး၊ အဲဒီ့ အတိုင်းအတာကျော်တာနဲ့ ဘာမှမပြောသာဘဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။ 

၂ဝ။ ရုန့်ရင်းကြမ်းတမ်းသော ချစ်ခြင်း။
ကိုယ်အားဖြင့်ရော၊ စိတ်အားဖြင့်ပါ ရုန့်ရင်းကြမ်းတမ်းစွာ တစ်ယောက်နဲ့ တစ်ယောက် ထိန်းချုပ်ကြတဲ့ ချစ်ခြင်းမျိုးတွေလည်း ရှိကြပါတယ်။ ဆဲဆိုတာမျိုး၊ ရန်ဖြစ်ရင် လက်ပါတာမျိုးတွေပါ။ ကိုယ်က လက်ပါတတ်တဲ့ သူဆိုရင် ဆင်ခြင်ဖို့ လို သလို၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့သူ ဆိုရင်တော့ ကိုယ့်ခံနိုင်ရည်ပေါ်မူတည်ပြီး ဒီချစ် ခြင်းကို ပြန်သုံးသပ်ပါ။

၂၁။ အသက်ကွာဟလွန်းသော ချစ်ခြင်း။
ကိုယ်ရွေးချယ်လိုက်တဲ့ချစ်သူက ကိုယ့်ထက် (၁၅) နှစ်လောက် ငယ်နေတာမျိုး၊ ဒါမှမဟုတ် ကြီးနေတာမျိုးကို ဆိုလိုတာပါ။ ဒီလိုချစ်ခြင်းမျိုးမှာ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ပေးနိုင်တယ်ဆိုပေမဲ့ အသက်ကွာဟမှုကြောင့် အတွေးအခေါ်၊ ပိုင်ဆိုင်တဲ့ ကိုယ့်ဝန်းကျင် အဲဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ သိပ်အရေးကြီးပါတယ်။ မျှော်လင့်ထားတာထက်ပိုတဲ့ ကြုံတွေ့ရခြင်းတွေ ကြုံလာနိုင်လို့ပါ။

၂၂။ လုံးလုံးလျားလျားပေးဆပ်ရသော ချစ်ခြင်း။
အဆိုးဆုံးသော ချစ်ခြင်းလို့ အမည်တပ်ချင်ပါတယ်။ သင့်စိတ်နှလုံးသား အားလုံးနဲ့ရင်းနှီးပြီး ချစ်ရတဲ့သူက သင့်ကို သင့်အချစ်ရဲ့ တစ်ဝက်တောင် မရှိတဲ့အချစ်နဲ့ အချစ်ခံရတာတွေပေါ့။ ဒီလိုဘက် မညီတဲ့ ချစ်ခြင်းတွေမှာ ခါးသီးတဲ့ရန်ပွဲတွေ၊ ကူ
ကယ်ရာမဲ့တဲ့ မျက်ရည်တွေ အများကြီး အရင်းအနှီးပြုရပါလိမ့်မယ်။ 

၂၃။ နတ်ဖက်သလို လိုက်ဖက်သော ချစ်ခြင်း။
အတွေ့ရခက်ခဲဆုံး ချစ်ခြင်းမျိုးလို့ အမည်တပ်ချင်ပါတယ်။ ဒါပေမဲ့လည်း စိတ်ကူးယဉ်ချင်စရာအကောင်းဆုံး ချစ်ခြင်းလည်း ဖြစ်နေပြန်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး၊ တစ်ယောက်ကို တစ်ယောက် အကောင်းရော၊ အဆိုးရော လက်ခံနိုင်တဲ့ချစ်ခြင်းဟာ ဘယ်လောက်များ လိုက်ဖက်လိုက်သလဲ။ တခြားသူတွေ မနာလို အားကျစရာကောင်းလိုက်မှာ အမှန်ပါပဲ။

ကဲ… အခုဆိုရင်တော့ သင့်ချစ်ခြင်းကရော ဘယ်လိုချစ်ခြင်းထဲမှာ ပါဝင်နေမလဲဆိုတာ သိလောက်ပါပြီ။ ခုလက်ရှိချစ်ခြင်းမှာ မပျော်ရွှင်ရင် ပြင်ဆင်တာ ဖြစ်ဖြစ်၊ ညှိနှိုင်းတာဖြစ်ဖြစ်၊ ယုတ်စွ အဆုံးပြောင်းလဲပစ်လိုက်တာ ဖြစ်ဖြစ်၊ တစ်ခုခုတော့လုပ်ဖြစ်အောင် လုပ်လိုက်ပါ။ လက်ရှိအချစ်မှာ ပျော်ရွှင်နေရတယ်ဆိုရင်တော့ ကျေကျေနပ်နပ် နေလိုက်တော့လို့ အကြံပြုလိုက်ပါရစေ။
Ref: 23 Types of Relationships to Define Your Love Life By Morgan Miller