သူသင့်ကို မချစ်တော့ဘူးလို့ပြောပြနေတဲ့ လက္ခဏာရပ် ၂ဝ

ကိုယ်က အရာအားလုံးပေးလိုက်ပေမဲ့ ဘာတစ်ခုမှ ပြန်မရတဲ့အခါ အဲဒီ့ ချစ်ခြင်းဟာ သူ့မှာ ပါဝင်နေသူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ ကျိန်စာဆိုးတစ်ခုဖြစ်လာပါတော့တယ်။ ဒီဆောင်းပါးမှာတော့ သူကသင့်ကို မချစ်တော့တဲ့ လက္ခဏာတွေကို ပြောပြပေးထားပါတယ်။ သိပ်နောက်မကျ ခင် အမြင်မှန်လေးရစေချင်လို့ပါ။

လူသားတိုင်းဟာ လှပတဲ့ ချစ်ခြင်း၊ ချွင်းချက်မရှိတဲ့ချစ်ခြင်းနဲ့ ထိုက်တန်ကြတဲ့ သူတွေချည်းပါပဲ။ ချစ်ခြင်းမှာ ပင်ပန်းနွမ်းနယ်မနေဘဲ ချစ်ခြင်းမှာ ပျော်ရွှင်သက်ဝင်နေတဲ့ လူသားတွေချည်းတည်ဆောက်ထားတဲ့ ကမ္ဘာသာဆို ဘယ်လောက်များသာယာလိုက်လေမလဲ။ ဒါပေမဲ့ ဒါဟာ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ 

အကယ်၍များ စာဖတ်သူဟာ ကိုယ်ပျော်ဝင်နေတဲ့ ချစ်ခြင်းကို “အချစ်မှဟုတ်ရဲ့လား” လို့ မေးခွန်းတွေထုတ်နေရပြီ၊ သံသယတွေ ဝင်နေရပြီဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်သွားပါလေ။ ဒီထဲက အချက်တစ်ချက်ကို ဖတ်မိလေတိုင်း “အင်း
ပေါ့... သူလုပ်နေတာ ဒါနဲ့ ထပ်တူပဲ” လို့ ဖြစ်နေပြီဆိုရင်၊ သူသင့်ကို မချစ်တော့ဘူးဆိုတဲ့ အကြောင်း အခြားသူက ပြောပြတာ မဟုတ်ဘဲ သင်ကိုယ်တိုင်နားလည်လက်ခံလာစေချင်တာပါ။

အမှန်တော့ ဒီလိုလက္ခဏာတွေက သတိပြုမိဖို့ နည်းနည်းတော့ခက်ပါတယ်။ သင်ကိုယ်တိုင်ထက် သင့်ဝန်းကျင်က မိသားစုတွေ၊ သူငယ်ချင်း တွေက အရင်သတိပြုမိတတ်ပါတယ်။ ချစ်နေတော့လည်း နှလုံးသားရဲ့ လှည့်စားမှုကို အခံရဆုံးကသင် ပေါ့။ ဒီနေရာမှာ နည်းနည်းပြောချင်က လူသားတိုင်းဟာ အချစ်ကိုရှာဖွေကြတာမှန်ပေမဲ့ လက်တွေ့မကျတဲ့စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းကို မတည်ဆောက်ပါနဲ့လို့ အကြံပြုချင်တာပါ။ ချစ်နေရင် လူတွေက အပြစ်ကိုလည်းဖြည့်ပြီး မြင်တတ်တဲ့ သဘာဝရှိနေလို့ ဒီလိုအကြံပြုရတာပါ။ 

အောက်မှာဖော်ပြသွားမယ့် လက္ခဏာရပ် (၂ဝ)ကတော့ သူသင့်ကို မချစ်တော့တဲ့ သိမ်မွေ့တဲ့ လက္ခဏာရပ်တွေဖြစ်တာမို့ တစ်ချက်လောက်ဖတ်ကြည့်လိုက်ပါ။ လျစ်လျူမရှုလိုက်ပါနဲ့။ သင်ဟာ တန်ဖိုးထားတတ်တဲ့ချစ်ခြင်းနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ သူသင့်ကို စိတ်မဝင်စားတော့ဘူးဆိုတာကို အရင်ဆုံး သတိပြုမိမှ ကိုယ့်လမ်းကိုယ် ဘယ်လိုဆက်လျှောက်မလဲဆိုတာ အချိန်ယူပြင်ဆင်နိုင်မှာပါ။ 

၁။ သင့်တစ်နေ့တာအကြောင်း ပြောပြချိန်တိုင်း သူနားမထောင်တော့ဘူး…
ဒီအချက်ကတော့ သိလွယ်မြင်လွယ်တဲ့ အချက်ပါနော်။ အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါ သင်ဒီနေ့တော့ ဘယ်လိုတွေ ကြုံခဲ့ရတယ်ဆိုတဲ့အကြောင်း ပြောပြချင်တယ်မလား။ ကဲ… ပြောပြီ။ နားထောင်တာလား၊ နားမထောင်တာလား မသဲကွဲဘူးဆိုရင် အချက်တစ်ချက်ကိုပဲ စဉ်းစားလိုက်ပါ။ သူက သင်ပြောသမျှကို နားထောင်ရုံပဲ နားထောင်တာလား၊ ပြန်လှန် မေးခွန်းတွေရော မေးသေးလား။ စိတ်ဝင်တစားနားထောင်တဲ့ သူတိုင်းမှာ ပြန်လှန်မေးခွန်းတွေရှိတတ်တယ်၊ မေးတတ်တယ်ဆိုတာ သိပါလေ။

၂။ ဒီနေ့တော့ ဘာတွေဖြစ်ခဲ့သလဲလို့ မေးဖူးသလား…
အပေါ်က တစ်ချက်ကိုပဲ ကိုးကားပြီးပြောရရင် သင်က ချစ်ရတဲ့သူဆိုတော့ သူအလုပ်က ပြန်လာတဲ့အခါ ဒီနေ့တော့ ဘာတွေ ကြုံခဲ့ရသလဲလို့ မေးမယ်။ သူကလည်း ဖြေမယ်။ ဘယ်လိုကတော့ ဘယ်ကြောင်းပေါ့။ ဖြေပြီးရင် ပြီးရောပဲလား။ မင်းရော... ဘယ်လိုလဲ။ ဆိုတာမျိုး မေးဖူးသလား။ ကျွန်မတော့ သတိတောင်မထားမိဘူးဆိုတဲ့ သူတွေအတွက် အကြံပေးရရင်တော့ ကိုယ်ကပဲ ကိုယ့်တစ်နေ့တာအကြောင်း စပြောတာထက် သူ့အကြောင်းကို အရင်ပြောပြစေပြီး သူမေးသလား၊ မမေးသလားဆိုတာကို လေ့လာကြည့်နိုင်ပါတယ်။ ဝန်ကြေတန်းကြေလား၊ တကယ်စိတ်က ပါသလားဆိုတာ ခပ်လွယ်လွယ် သိသာစေနိုင်တဲ့ အချက်မို့ တစ်ကြိမ်လောက်စပြီး စမ်းကြည့်နိုင်ပါတယ်။

၃။ အရေးပါတဲ့ ရက်စွဲတွေကို မေ့ကုန်တာ…
ဒီနေရာမှာဆိုလိုတာက သင့်မွေးနေ့လိုမျိုး၊ နှစ်ပတ်လည်နေ့မျိုး မဟုတ်ပါဘူး။ လက်ရှိဖြတ်သန်းနေတဲ့အချိန်မှာပဲ သင့်အတွက် အရေးပါတဲ့ ရက်စွဲတွေကို ဆိုလိုတာပါ။ မြင်သာအောင်ပြောရရင်တော့ အလုပ်မှာ ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေးရှိတယ် ကြိုပြောထားတယ်၊ မေ့သွားတယ်ဆိုတာမျိုး။ ဒီနေ့တော့ဖြင့် ကိုယ်အင်တိုက်အားတိုက်လုပ်တဲ့ပွဲတစ်ခုရှိတယ် တဖွဖွပြောထားတယ်၊ မေ့သွားတယ်ဆိုတာမျိုး။ ဒါဟာ သင့် နေ့စဉ်ဖြတ်သန်းမှုကို သူစိတ်မဝင်စားတော့ဘူးဆိုတဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။

၎။ နှစ်ယောက်သားရဲ့ အနာဂတ်အကြောင်းပြောတာ မရှိတော့ဘူး…
ကိုယ်ကတော့ ကိုယ်တွေရဲ့ အနာဂတ်မှာ ဘယ်ချိန်တော့လက်ထပ်မယ်၊ မိသားစုဘဝကို ဘယ်လိုလေးဖြစ်စေချင်တယ်၊ နေဖို့ထိုင်ဖို့အတွက်ကတော့ဖြင့် ဘယ်ကြောင်း ပြောနေတယ်၊ သူကတော့ ခပ်မြန်မြန်ပဲ စကားကို ဖြတ်ချလိုက်တာမျိုး၊ လက်စသတ်လိုက်တာမျိုးဆိုရင်တော့ မကောင်းတဲ့ လက္ခဏာရပ်လို့ပဲ ဝမ်းနည်းစွာနဲ့ ပြောပါရစေ။ 
သင်နဲ့အတူ နှစ်ယောက် ဘဝတည်ထောင်ဖို့ သူစိတ်မဝင်စားတော့ပါဘူး။ အကယ်၍ သူသာသင့်ကိုတကယ်ချစ်ရင် မင်္ဂလာပွဲအတွက်တော့ ဘယ်လို၊ မိသားစုဘဝအတွက်တော့ ဘယ်ဖုံစသဖြင့် အိပ်မက်တွေနဲ့ပြည့်နေသင့်တာပါ။

၅။ သင်အဝေးရောက်နေလည်း ဆက်သွယ်ဖို့ မကြိုးစားဘူး…
ဘဝဆိုတာ တစ်ခါတလေ ရွေးချယ်စရာ မရှိတတ်ပါဘူး။ မသွားမဖြစ်သွားရတာတွေ၊ မလုပ်မဖြစ်လုပ်ရတာတွေရှိလာတဲ့အခါ ခဏတာခွဲကြတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်ဆို နည်းပညာဟာ ဝေးကွာနေတဲ့ ချစ်ခြင်းတွေကြားက နတ်ဖုရား တစ်ပါးပါ။ တစ်ယောက်နဲ့ တစ်ယောက် စာတိုလေးတွေ ချန်ထားပေးလို့ရတယ်၊ အသံကြားချင်ရင် ဖုန်းခေါ်နိုင်တယ်၊ အရုပ်ပါမြင်ချင်ရင် ဗီဒီယိုနဲ့ စကားပြောနိုင်တယ်။ နည်းလမ်းတွေမှ တကယ့်ကိုအများကြီး။ ဒီလို ရှိနေတဲ့ နည်းလမ်းတွေကြားကမှ တစ်နည်းနည်းနဲ့တောင် သင့်ကိုဆက်သွယ်ဖို့ မကြိုးစားသူဆိုရင်တော့ သူ့ကို သင့်ချစ်သူလို့ အမည်တပ် မနေပါနဲ့တော့။

၆။ သင့်အလုပ်ကို သူနားမလည်ဘူး….
တချို့တချို့တွေရဲ့ အလုပ်တွေက သာမန်အလုပ်တွေနဲ့ ကွဲပြားတာမို့ တစ်ခါတလေ နားလည်ရခက်တာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းဟာ အသက်ရှင်ရပ်တည်ဖို့အတွက် အလုပ်တစ်ခုမဟုတ်တစ်ခု လုပ်ပြီးဖြတ်သန်းကြရတာမို့ သင့်အလုပ်က သင့်အတွက်တော့ အသက်ဆက်ပေးတဲ့ ဆေးပါပဲ။ ဆိုလိုတာက သင့်အလုပ်က သင့်အတွက်တော့ အရေးကြီးတဲ့ အရာပဲ။ ဒါကိုမှ သင့်ချစ်သူဆိုသူက သင်ဘာလုပ်နေသလဲဆိုတာလည်းမသိဘူး၊ သင်အလုပ်မှာ ဘယ်လိုတွေ ရုန်းကန်နေရသလဲဆိုတာလည်း စိတ်မဝင်စားဘူးဆိုရင်တော့ သင့်ကိုစိတ်မဝင်စားဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သင့်ကို စိတ်မဝင်စားတာက သင့်ကိုမချစ်လို့ပါ။ 

၇။ သင့်အားနည်းချက်ကို မစာနာရင်…
လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိစမြဲပါ။ လူနှစ်ယောက်ချစ်ကြတယ်ဆိုတာ အဲဒီ့အားနည်းချက်ကို သိပါလျက်နဲ့ အကြောင်းပြချက်မဲ့ တွယ်တာကြတဲ့ စိတ်ခံစားမှုတစ်ခုပါ။ ချစ်တဲ့သူတွေက ကိုယ့်ချစ်သူမှာ အားနည်းချက် ရှိသည့်တိုင်၊ အဲဒီ့အားနည်းချက်ကို ဖေးမပေးတတ်တယ်။ မချစ်တဲ့သူတွေကျတော့ အဲဒီ့ အားနည်းချက်ကိုပဲ မစာမနာနဲ့ တသသပြော၊ ဟာသလုပ်ပြီး သင့်ကိုသိမ်ငယ်စေတတ်တယ်။ 

၈။ သေးသေးမွှားမွှားကိစ္စနဲ့လည်း ရန်လုပ်တယ်…
စုံတွဲတိုင်း စကားများ ရန်ဖြစ်ကြပါတယ်။ စကားမများ ရန်မဖြစ်တဲ့ စုံတွဲမရှိသလောက်ပါပဲ။ ဒါပေမဲ့ တချို့ကိစ္စတွေကျ စကားများရလောက်အောင်၊ ရန်ဖြစ်ရလောက်အောင် မကြီးကျယ်တတ်ပါဘူး။ တစ်ယောက်တစ်ခွန်းစကားများရခြင်းမှာ ဘယ်သူက နိုင်တယ် ရှုံးတယ်ဆိုတာထက် ကိုယ်တွေကြားက ချစ်ခြင်းမေတ္တာတရားက ပိုတန်ဖိုးထားစရာကောင်းပါတယ်။ သေးသေးမွှားမွှားကိစ္စတွေနဲ့ပါ သင့်ကို စိတ်ဒုက္ခပေးနေရင်တော့ သင့်အပေါ်ထားတဲ့သူ့ချစ်ခြင်းကို ပြန်သုံးသပ်သင့်ပါတယ်။

၉။ စကားများကြရင် နိုင့်ထက်စီးနင်း အမြဲလုပ်တယ်…
တစ်ယောက်တစ်ခွန်း စကားများကြတယ်ဆိုတာ စုံတွဲတိုင်းရှောင်လွှဲမရတဲ့ အရာပါ။ ဒီလိုပဲ စကားများရင်း၊ ပြုပြင်ရင်း၊ ပိုမို ချစ်ခင်ရင်း ရှေ့ဆက်ကြတဲ့ စုံတွဲတွေလည်း မရေမတွက်နိုင်အောင် ရှိပါတယ်။ စုံတွဲတွေစကားများ ရန်ဖြစ်ကြတယ် ဆိုတာ စိတ်ပျက်စရာ ကိစ္စကြီးတစ်ရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ စကားများတိုင်း နိုင့်ထက်စီးနင်းလုပ်မယ်၊ ရုန့်ရင်းကြမ်းတမ်းတာတွေ ပြောမယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ ချစ်တဲ့သူက ရန်ဖြစ်နေရင်တောင် ကိုယ်ချစ်တဲ့သူကို အချစ် မလျော့တတ်ပါဘူး။

၁ဝ။ သူက ဘာအားစိုက်ထုတ်မှုမှ မလုပ်ဘူး…
သဘာဝအတိုင်း ပေါက်ပါတယ်ဆိုတဲ့ သစ်ပင်တွေတောင် ရေ၊ မြေ၊ နေ တို့ရဲ့ ပံ့ပိုးမှုကို လိုသေးတာပဲ။ အချစ်ဆိုတာလည်း သူ့အတိုင်းတော့ ဘယ်ရှင်သန်မလဲ။ အားစိုက်ထုတ်ရတဲ့ အပိုင်းလေးတွေရှိတာပေါ့။ ကြမ်းတမ်းခက်ခဲချိန်ဆို ပိုလို့တောင် ကြိုးစားတည်ဆောက်ဖို့ လိုပါသေးတယ်။ ဒီတော့ သင့်ချစ်သူကများ သင့်တို့ရဲ့ ချစ်ခြင်းလေး ရေရှည်တည်တံ့ခိုင်မြဲအောင် ဘယ်နေရာမှာမှ အားစိုက်ထုတ်မနေဘူးဆိုရင်တော့ ၊ သင့်ကို သူက မချစ်တော့ဘူးဆိုတဲ့ လက္ခဏာစစ်စစ်ပါ။

၁၁။ ထားခဲ့မယ်လို့ အမြဲခြိမ်းခြောက်တတ်တယ်….
ချစ်တဲ့သူဟာ ဘယ်လိုအခြေအနေမှာမဆို ကိုယ်ရသူလက်ကို မြဲမြဲစွဲကိုင်ထားမျိုးပါ။ အကယ်၍များ သူက သင့်ကိုချစ်တယ်ဆိုရင် နင့်ကိုငါထားခဲ့တော့မယ်လို့ ဘယ်တော့မှ ခြိမ်းခြောက်ပြောပြောမှာမဟုတ်ပါဘူး။ လိုချင်တာမရလို့ ခြိမ်းခြောက်တယ်ဆို ပိုတောင်စိုးသေး။ သူသင့်ကို တကယ်ကို မချစ်တော့ပါဘူး။ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေပါနဲ့တော့။

၁၂။ မှားခဲ့ရင်လည်း ဘယ်တော့မှ မတောင်းပန်ဘူး…
ကိုယ်တွေနှစ်ယောက်ကြားက ချစ်ခြင်းထက် သူ့သိက္ခာက ပိုအရေးပါနေပြီဆိုရင်တော့၊ ဒီချစ်ခြင်းကို ခဏလောက်ရပ်ပြီး စဉ်းစားစေလိုပါတယ်။ တစ်စုံတစ်ယောက်ကို တောင်းပန်ရတယ်ဆိုတဲ့ ကိစ္စက သိပ်မလွယ်တာတော့ လူတိုင်းသိကြပါ တယ်။ ဒါပေမဲ့ ချစ်ကြတဲ့ချစ်သူတွေကြားမှာတော့ မှားသွားလို့ တောင်းပန်တဲ့ကိစ္စက ဖြစ်သင့်တဲ့ကိစ္စပါ။ မှားနေရင်တောင် မှားနေသူကို လက်ခံသူက ချစ်ရတဲ့သူဖြစ်ပြီး၊ မှားနေရင်တောင် မှားနေကြောင်းတစ်ဖက်သားကို မတောင်းပန်တဲ့သူက တော့ မချစ်တဲ့သူသာဖြစ်ပါတယ်။ 

၁၃။ ကိုယ်နဲ့ ချစ်နေကြောင်း လျှို့ဝှက်ထားတာ…
ဒီနေ့ကမ္ဘာကြီးက လူမှုကွန်ရက်ကြီးမှာ တည်နေသလား ထင်ရလောက်အောင် လူတိုင်း လူတိုင်းကလူမှုကွန်ရက်ကို မွေ့လျော်ကြတယ်။ ဒီနေ့ လူမှုကွန်ရက်ပေါ်ခေတ်စားတဲ့ အကြောင်းတရားက ဒီနေ့ကမ္ဘာကြီးဖြစ်ပြီး နောက်နေ့ကမ္ဘာကြီးက နောက်နေ့လူမှုကွန်ရက်မှာ ခေတ်စားမယ့်အကြောင်းတရားလို့ ဆိုရမလို။ လိုရင်းက လူမှုကွန်ရက်ကို အကြောင်းပြုလို့ လူတစ်ယောက်မှာ ချစ်သူရှိနေပြီဆို ကိုယ်ကကြေငြာစရာမလိုပဲ စုံတွဲပုံတစ်ပုံတင်လိုက်ရုံနဲ့ ကိုယ့်ဝန်းကျင်က လူတော် တော် များများက ကိုယ့်မှာ ချစ်သူရှိနေပြီဆိုတာ သိသွားကြတယ်။ အကယ်၍များသင်ဟာ လူမှုကွန်ရက်ပေါ်မှာ အခြားသော အကြောင်းအရာတွေကို နေ့စဉ်နဲ့အမျှ တင်နေသော်လည်း သင်နဲ့ ချစ်နေကြောင်းကို အဲဒီ့ပေါ်မှာ မဖော်ပြတဲ့အပြင် လက်တွေ့ဘဝမှာလည်း သင်နဲ့ ချစ်နေကြောင်းလျှို့ဝှက်ထားမယ်ဆိုရင်တော့ သင့်ကိုသူမချစ်ဘူးဆိုတာ သေချာနေပါပြီ။

၁၄။ သင့်အိပ်မက်တွေ၊ သင့်မျှော်လင့်ချက်တွေကိုလည်း ပံ့ပိုးမပေးဘူး…
သူ့ဘဝမှာ ဖြစ်ချင်တာတွေက အရေးကြီးသလိုပဲ၊ သူ့ချစ်သူဖြစ်တဲ့သင့်ဘဝမှာ သင်ဘာဖြစ်လဲဆိုတာကလည်း သူ့အတွက် အရေးကြီးတဲ့ အကြောင်းအရာဖြစ်သင့်ပါတယ်။ သူဖြစ်ချင်တာတွေကို သင်ပံ့ပိုးပေးသမျှကို နှစ်နှစ်သက်သက် လက်ခံယူခဲ့ရင် သင်ဖြစ်ချင်တာတွေကို သူကလည်း လှိုက်လှိုက်လှဲလှဲပံ့ပိုးပေးမှ နည်းလမ်းကျမယ်မလား။ ဒီလိုမဟုတ်ခဲ့ဘူးဆိုရင်တော့ သင့်အပေါ်ထားတဲ့သူ့အချစ်ကို မယုံကြည်လိုက်ပါနဲ့။

၁၅။ သူ့မိသားစုနဲ့ တစ်ကြိမ်တစ်ခါတောင် မဆုံရဘူး…
အကယ်၍များ သင်တို့နှစ်ယောက်ဟာ ချစ်သူအဖြစ် အချိန်အတိုင်းအတာတစ်ခု ဖြတ်သန်းပြီးတာတောင်မှ၊ သင့်အနေနဲ့ သူ့မိသားစု နဲ့ တစ်ကြိမ်တစ်ခါလောက်တော့ ဆုံသင့်တာပေါ့။ ဒီလိုမှမဟုတ်ခဲ့ဘူးဆိုရင်တော့ နံပါတ် ၁၃ မှာပြောထားသလို သင်နဲ့ ချစ်နေကြောင်းလျှို့ဝှက်ထားတာဖြစ်လို့၊ သူ့မိသားစုဝင်တွေက သင့်ကို သူ့ချစ်သူအဖြစ် သိမနေတာဖြစ်နေနိုင်ပါတယ်။

၁၆။ သူ့သူငယ်ချင်းတွေနဲ့လည်း တစ်ခါမှ မဆုံဖူးဘူး…
ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းက အသိုင်းအဝိုင်းတွေပါမှာစိုးလို့ ဘာညာသာရကာနဲ့ အထက်ကအတိုင်း မိသားစုနဲ့ မဆုံပေးဘူးဆိုရင်တောင် သူငယ်ချင်းတွေနဲ့တော့ ဆုံပေးသင့်တယ်မလား။ အပေါင်းအသင်းသူငယ်ချင်းဆိုတာ ပစ္စည်း ဥစ္စာ 
ရာထူး ဆိုတာတွေထက် ရင်ဘတ်ချင်းနီးသူအချင်းအချင်းကြားက ခင်မင်မှုမဟုတ်လား။ ဒါကြောင့် မိသားစုနဲ့ မဆုံရဘူးဆိုရင်တောင် သူငယ်ချင်းတွေနဲ့တော့ ဆုံပေးသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက်ကြားက ချစ်ခြင်းကို ပြန် လည်သုံးသပ်ဖို့ လိုကိုလိုအပ်နေပါပြီ။

၁၇။ မင်းကိုငါချစ်ပါတယ်လို့ မျက်လုံးက ပြောမနေတတ်တာ…
မျက်လုံးမှာ ပါးစပ်မှ မပါတာလို့တော့ ပေါက်ပေါက်ရှာရှာ မမေးလိုက်ပါနဲ့။ မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်ဆိုတာ သင် မသိတာလားလို့ ပြန်မေးရပါလိမ့်မယ်။ နှစ်နှစ်ကာကာချစ်နေသူရဲ့ မျက်လုံးက အကြည့်တွေဟာ ထိန်းမရသိမ်းမရ ဖြစ်နေတတ်မျိုးပါ။ ကိုယ်ချစ်ခင်မြတ်နိုးရသူကို ကြည့်နေချိန်မှာ မျက်လုံးတွေက အမြဲအသက်ဝင် နေတတ်ပါတယ်။ မယုံမရှိပါနဲ့။ ဘေးနားက ကိုယ့်ချစ်သူမျက်လုံးကို တစ်ချက်လောက် လေ့လာ ကြည့်လိုက်ပါ။

၁၈။ နွေးနွေးထွေးထွေး အမူအယာလည်း ဘယ်တော့မှမပြဘူး…
လူတစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတဲ့ ချစ်ခြင်းမှာ အသွားအပြန်ဆိုတာ ရှိရပါတယ်။ ချစ်ကြတဲ့သူတိုင်း ကိုယ်ချစ်ရသူရဲ့ နွေးထွေးတဲ့ အပြုအမူလေးတွေကို တောင့်တတတ်ကြတာ သဘာဝပါ။ ကိုယ်ကချည်း လိုက်ဂရုစိုက်နေရတာမျိုး မဟုတ်ဘဲ တစ်ဖက်ကလည်း ပခုံးလေးဖက်ထားတာ၊ လက်ကလေး လှမ်းကိုင်လိုက်တာ၊ ကောင်းသောညပါလို့ ကြင်ကြင်နာနာလေး ပြောပေးမှ သဘာဝကျတဲ့ချစ်ခြင်း ဖြစ်မှာပေါ့။ ဒီလိုမဟုတ်ခဲ့ ဘူးဆိုရင်တော့ သင်တို့ချစ်ခြင်းကို ခရေစေ့တွင်းကျ သုံးသပ်ဖို့ အချိန်ကျရောက်ပြီလို့ သတိပေးပါရစေ။

၁၉။ ကိုယ့်ရဲ့ အချစ်ကိုလည်း ဟာသလုပ်ပစ်တတ်သေးတယ်…
သူက မချစ်တတ်လို့ ဒီလိုမျိုး မနူးညံ့တတ်လို့ စတဲ့ အကြောင်းပြချက်တွေကို နားထောင် မနေပါနဲ့တော့။ သင်က ချစ်ရတဲ့ အချစ်ကိုမှ ပြက်ရယ်ပြုတတ်ဆိုတာ သင့်ကို မလေးစားလို့ပါ။ သင့်ကိုအလေးမထားတာ သင့်ကိုမချစ်လို့ပါ။ ဒီ့ထက်ရှင်းတာတောင် ဒီလောက်မရှင်းနိုင်တော့ပါဘူး။

၂ဝ။ သူ့ဦးစားပေးစာရင်းမှာ သင်မပါဘူး…
လူတစ်ယောက်ရဲ့ ဦးစားပေးစာရင်းမှာ ထိပ်ဆုံးကရှိတတ်တဲ့အရာဟာ သူတန်ဖိုးအထားဆုံး အရာပါ။ ဒါကို ဘယ်သူမှ ညာလို့မရပါဘူး။ သင့်ကို နံပါတ်တစ်နေရာထားဖို့ ဆိုတာထက် အဲဒီ့စာရင်းမှာတောင် သင်မပါဘူးဆိုရင် ကောင်းကောင်းသာ စိတ်နာပစ်လိုက်ပါ။ မဟုတ်ရင်တော့ များမကြာမီမှာပဲ လူကြီးမင်း ရင်နာရပါလိမ့်မယ်။

ကဲ… အချက် (၂ဝ) ကတော့ ပြီးသွားပါပြီ။ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ခုများကိုက်ညီနေသလဲ အဖြေရှာကြည့်ပါ။ သေချာတာကတော့ အချစ်စိတ်တွေ သိပ်မွှန်နေရင်တော့ အမှန်ကိုမြင်ဖို့ ခက်နေဦးမှာပါ။ ဒါပေမဲ့ ကိုယ်ဟာ ချစ်သူတစ်ယောက်လို ပြုမူဆက်ဆံမခံရဘူးလို့ ကိုယ့်ကိုယ်ကို ယူဆလာရင်တော့ ဒီအချက်တွေကို မမေ့မလျော့ တိုက်စစ်လိုက်ပါ။ သင့်အတွက် အဖြေတစ်ခု ထွက်လာပါလိမ့်မယ်။

Ref: Signs He Doesn’t Love You: 20 Big Clues You Need to Back Away ASAP By Brett Larabie