၂၀၁၄ ရဲ့ Beauty Gadget များ

မြင့်ဇော်

၂၀၁၄ ခုနှစ်အတွင်းမှာ ထွက်ပေါ်လာတဲ့ အီလက်ထရွန်နစ် နည်းပညာသုံးအလှအပဆိုင်ရာ ပစ္စည်းများကို မြန်မာအမျိုးသမီးတို့ အလှတိုးစေဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးတွေကို Google မှာ ရှာလို့ရသလို အွန်လိုင်း စတိုးတွေကတစ်ဆင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

မျက်နှာအသားအရေ ထိန်းသိမ်းစက်

Panasonic ရဲ့ Nanoe Nano Care EH-SA60-P ဟာ သုံးစွဲသူရဲ့ အရေပြားနဲ့ ဆံပင်တွေကို နာနိုနည်းပညာသုံးပြီး အအေးပေးပေါင်းတင်ပေးမှာ ဖြစ်ပါတယ်။ ဆံကေသာကို တောက်ပြောင်အောင်ပြုလုပ်ပေးနိုင်ပြီး အခန်းတွင်း အပူချိန်ကို ချိန်ညှိပြီးတော့ ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီအချက်က အရေပြားကျန်းမာရေးအတွက် ရည်ရွယ်ပြောဆိုတာတော့ မဟုတ်ပါဘူး။ အကယ်၍ နံနက်ခင်းအိပ်ရာထချိန်တွေမှာ အရေပြားခြောက်သွေ့နေပြီး လည်ချောင်းနာနေမယ်ဆိုရင်တော့ "Nano Care Night Mode" ကို ရွေးချယ်သင့်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Zeno Line Remind

ဒီပစ္စည်းက Zeno Line Remind လို့ ခေါ်ပြီး အရွယ်တင်နိုပျိုစေတဲ့ ပစ္စည်းဖြစ်ပါတယ်။ အပူရှိန်တုန်ခါမှုနဲ့ အနီအောက်ရောင်ခြည်သုံး နည်းပညာတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ နည်းပညာပစ္စည်းပါ။ မျက်နှာပြင်မှာ ပေါ်လာတတ်တဲ့ အရေးအကြောင်းတွေကို ရေရှည်မှာ မပေါ်နိုင်အောင်လို့ ဒီပစ္စည်းက ကာကွယ်ပေးပါလိမ့်မယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာမည့် အရေးအကြောင်းတွေဟာ ဒီပစ္စည်းလေးကိုသုံးလိုက်တဲ့အတွက် လျော့ပါးသက်သာစေပါလိမ့်မယ်။

Panasoinc eye massager

အကြောင်းကြောင်းတွေကြောင့် မျက်စိညောင်းတတ်တဲ့လူတွေအတွက်တော့ ဒီပစ္စည်းက အထောက်အကူ ပေးပါလိမ့်မယ်။ မျက်စိတ ၀ိုက်ကို ရေနွေးငွေ့ပေးမှာဖြစ်သလို သွေးလေလည်ပတ်စီးဆင်းမှု ကောင်းဖို့အတွက်လည်း သင့်တင့်တဲ့ တုန်ခါမှုတွေ ပေးသွားမှာဖြစ်ပါတယ်။

Tolika Light 595 Duo

ဒီပစ္စည်းကတော့ အလင်းနည်းပညာကို အားပြုပြီးတော့ မျက်နှာပြင်ကို ချောမွတ်နေအောင် ပြုလုပ်ပေးမယ့် နည်းပညာပါ။ အလင်းနည်းပညာနဲ့ အလင်းစနစ် ၉၀လောက်ပါရှိအောင် စီမံထားပြီး ခန္ဓာကိုယ်က အသားအရေအတွက် လိုအပ်တဲ့ စိတ်ကို ထုတ်ပေါ်အောင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အချိန်မတန်ခင် အိုမင်း ရင့်ရော်မှုကို ဒီပစ္စည်းသုံးစွဲပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Clarisonic Plus

အသံလှိုင်းနည်းပညာကို အသုံးပြုပြီးတော့ မျက်နှာပြင်က အညစ်အကြေးတွေကို  ဖယ်ရှားပေးမှာဖြစ်သလို မသန့်စင်မကောင်းမွန်တော့တဲ့ အရေပြားထဲက ဆဲလ်လေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီပစ္စည်းကိုတော့ မျက်နှာပြင်ပေါ်မှာ ပွတ်ပေးပြီး သုံးစွဲရမှာဖြစ်ပါတယ်။

Tanda Pearl White

သွားဖွေးဖွေးလေးတွေကို လိုချင်သူတွေအတွက် ဒီပစ္စည်းက စိတ်ဝင်စားစရာပါ။ သွားတွေကို လုံးဝဖွေးစွတ်သွားအောင် တစ်ချောင်းလုံး ပြောင်စင်သွားအောင် ပြုလုပ်ပေးနိုင်တဲ့နည်းပညာ ထည့်ပေးထားပါတယ်။ ဒီပစ္စည်းကိုတော့ ခံတွင်းထဲကို ထည့်ပေးဖို့လိုပါလိမ့်မယ်။ တစ်နေ့ကို နှစ်ကြိမ်သုံးနိုင်ပြီးတော့ တစ်ကြိမ် မှာ ၅ မိနစ်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Panasonic EP-WH2O Xenon Flash

ဒီပစ္စည်းကတော့ ချိုင်းအောက်မှာရှိတဲ့ အရေပြားကို ချောမွေ့နေအောင် ကူညီပေးမယ့် ပစ္စည်းဖြစ်ပါတယ်။ ချိုင်းအောက်ကအမွှေးအမှင်တွေကို ဖယ်ရှားပေးနိုင်ပြီး ချိုင့်အောက်က အရေပြားကို ချောမွေ့နေအောင် ကူညီပါလိမ့်မယ်။ အားဖြည့်သွင်းနိုင်ပြီး တစ်ကြိမ်အားဖြည့်မယ်ဆိုရင် ၁၀ ရက်အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အားတစ်ကြိမ်ဖြည့်မယ်ဆိုရင်တော့ ၈ နာရီကြာပါလိမ့်မယ်။

Beauty Republic Corme-Device

ဒီပစ္စည်းကတော့ မျက်နှာပြင်ကို ဖြူဖွေးနုထွတ်သွားအောင် လုပ်ပေးမှာဖြစ်တဲ့အပြင် မျက်နှာပြင်ပေါ်က အစက်အပြောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ အမဲစက်တွေ၊ အသီးလေးတွေ ဖြစ်လာမယ့် အန္တရာယ်ကို ဒီပစ္စည်းက ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

Baby Quazar Anti-Agmg Light Theraphy

အလင်းနည်းပညာသုံးပြီး အရေပြားကို ချောမွေ့နေအောင်နဲ့ မျက်နှာပြင်ပေါ်ကအရေး အကြောင်းတွေကို ဖယ်ရှားဖုံးဖိတဲ့နေရာမှာ သုံးနိုင်ပါတယ်။ ဒီလိုတွေဖြစ်ဖို့အတွက်တော့ အချိန်အတော်ကြာကြာတိုင်အောင် စွဲစွဲမြဲမြဲသုံးဖို့ လိုအပ်ပါတယ်။ ဒီပစ္စည်းက ကျန်းမာရေးအတွက်တော့ သွေးလေလည်ပတ်မှုကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

Tria Laser Hair Removal

ခန္ဓာကိုယ်မှာ အမွှေးတွေရှိနေရင် မနေတတ်တဲ့သူတွေအတွက်တော့ ဒီပစ္စည်းက နှစ်သက်စရာပါ။ လေဆာစနစ်ကို သုံးစွဲပြီးတော့ အမွှေးတွေကို ပြောင်ရှင်းနေအောင် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဒီပစ္စည်းက အင်မတန်မှ နူးညံ့တဲ့ ကလေးငယ်တွေရဲ့ အရေပြားပေါ်က အမွှေးတွေကိုတောင်မှ ဖယ်ရှားပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ခန္ဓာကိုယ်အချိုးအစားကျစေမယ့်ခုံ

ခါးလှည့်လေ့ကျင့်ခန်းက ခါးသေး ရင်ချီပြီး လုံးဝန်းလှပတဲ့ အချိုးဖြစ်ချင်သူတွေအတွက် မလုပ်မဖြစ် လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်တဲ့နေရာမှာ ပုံစံမျိုးစုံရှိပေမဲ့ ဒီခုံလေးပေါ်မှာထိုင်ပြီး လေ့ကျင့်ခန်းလုပ်တာက လေ့ကျင့်ခန်းလုပ်ရင်း အပြင်းတောင်ပြေစေမယ့် သဘောရှိနေပါလိမ့်မယ်။ ခုံက အရောင်မျိုးစုံရှိပါတယ်။

Pokapoka Foot Bath

ဂျပန်နည်းပညာသုံးခြေထောက်ကို ရေနွေးငွေ့သုံးပြီး အပူပေးတဲ့စက် ဖြစ်ပါတယ်။ ဒီလိုစက်ကိုသုံးစွဲပြီး ခြေထောက်ကို အပူပေးတာဟာ ကျန်းမာရေးပိုင်းအရ ကောင်းမွန်ပြီးတော့ စိတ်ပင်ပန်းနွမ်းလျမှုနဲ့ စိတ်ဖိ အားတွေကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒီစက်မှာ လုပ်ဆောင်နိုင်တဲ့အချက်နှစ်ခုပါဝင်မှာဖြစ်ပြီးတော့ တစ်ချက်က ကိုယ်ကြာစေချင်တဲ့အချိန်ကို သတ်မှတ်တဲ့စနစ်နဲ့ နောက်တစ်ချက်ကတော့ ကိုယ်လိုချင်တဲ့အပူချိန်ကို သတ်မှတ်နိုင်တဲ့ စနစ်တို့ဖြစ်ပါတယ်။ ဒီစက်အတွက် ရေကိုသုံးစွဲမှာမဟုတ်ဘဲ  infrared radiation ကိုသာ သုံးစွဲထားတာဖြစ်ပါတယ်။ ဒီစနစ်က ကျန်းမာရေးကိုလည်း မထိခိုက်စေဘူးလို့ဆိုထားပါတယ်။