နှင်းလွင်ပြင်ပွဲတော်များဆီသို့...

အေးချမ်းလှပတဲ့ နှင်းအငွေ့အသက်တို့ လွှမ်းခြုံနေတဲ့ ရာသီအခါဆီ တစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။

ဆောင်းရဲ့ပြီးပြည့်စုံတဲ့ အလှတရားကို ဖော်ကျူးနေတဲ့ နှင်းပွင့်နှင်းခဲလေးဖြစ်တည်ရာ ကမ္ဘာဒေသအချို့မှာလည်း ခမ်းနားလှပတဲ့ နှင်းရေခဲပွဲတော်တွေဟာ တစ်ကျော့ပြန်လည် သက်ဝင်လာဖို့ တာစူနေပါပြီ။

ဒီဆောင်းမှာတော့ ကမ္ဘာပေါ်က ဆောင်းနှင်းချစ်သူတွေ အားလုံးနဲ့အတူ သဘာဝနှင်းလွင်ပြင်ထက်မှာ ပျော်ရွှင်ရင်ခုန်စွာ ကခုန် ဆော့ကစားနိုင်ဖို့အတွက် နှင်းရေခဲပွဲတော်တွေ ရှိရာအရပ်ကို လှမ်းမျှော်ကြည့်လိုက်မိပါပြီ။

 

ဟာဘင်းနှင်းရေခဲပန်းပုပွဲတော်

ကမ္ဘာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာ နှင်းရေခဲပွဲတော်ကျင်းပရာဌာနကတော့  တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ ဟေး လုံကျန်းဒေသရဲ့မြို့တော် ဟာဘင်း ဖြစ်ပါတယ်။ နှစ်စဉ် ပုံမှန်ကျင်းပလာခဲ့တဲ့ ဒီပွဲတော်ကို ယခုနှစ်ဆောင်းရာသီမှာလည်း (၂၀၁၄) ခုနှစ် ဇန်န၀ါရီ (၅) ရက်နေ့မှာ တရားဝင်စတင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်အထိ ကျင်းပမှာဖြစ်ပါတယ်။

ဟာဘင်းမြို့ရဲ့ ဆောင်းရာသီအပူချိန်ဟာ အနုတ် (၁၆.၈) ဒီဂရီအထိကျဆင်းအောင် ရေခဲသည်အထိ အေးမြလေ့ရှိပြီး ပွဲတော် ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာလလောက်ကတည်းက နှင်းကမ္ဘာထဲ အလည်အပတ်လာရောက်ကြတဲ့ ခရီးသွားဧည့်သည်များနဲ့ စည်ကားသက်ဝင် နေပြီ ဖြစ်ပါတယ်။

ဟာဘင်းရဲ့ ပွဲတော်ချိန်အတွင်းမှာတော့ နှင်းရေခဲပန်းပုပြိုင်ပွဲ၊ မီးလင်းရေခဲအိမ်အလှပြပွဲ၊ နှင်းလျှောစီးပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ လဟာပြင်ကပွဲ အစရှိတဲ့ ပျော်ရွှင်ဖွယ် လှုပ်ရှားမှုများစွာကို တွေ့ကြုံနိုင်မှာ ဖြစ်တဲ့အပြင် နှင်းရေခဲရုပ် အနုပညာပြခန်း၊ နှင်းရေခဲကမ္ဘာနဲ့ ချစ်စဖွယ်မြင်တွေ့ရမယ့် ပိုလာဝက်ဝံလေးတွေ ရှိရာဆီကိုလည်း အလည်အပတ်သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သဘာဝကရရှိတဲ့ နှင်းတွေကို ခေတ်မီနည်းပညာများနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ မော်ဒန်ဒီဇိုင်း ရေခဲပန်းပုလက်ရာ အမျိုးမျိုးက စလို့ ရှေးခေတ်ကအသုံးပြုခဲ့ကြတဲ့ မီးလင်းရေခဲအိမ် ပုံစံလေးတွေအထိ ရိုးရာမပျက် တွေ့မြင်ရှုစားကြရမယ့် ဒီပွဲတော်ကြီးကို အဓိကအား ဖြင့် ကျင်းပရာနေရာတွေကတော့ ဆန်းကျွန်းနဲ့ ဂျောက်လင်ပန်းခြံတို့ ဖြစ်ပါတယ်။

ဆန်းကျွန်းဟာ ဟာဘင်းမြို့လယ်မှာ တည်ရှိတာဖြစ်ပြီး မြို့ရဲ့အကောင်းဆုံးသော နွေရာသီ နားခိုရာနေရာတစ်ခုဖြစ်သလို ဆောင်းရာသီမှာလည်း နှင်းများအပြည့် ဖုံးလွှမ်းနေတဲ့အတွက် နှင်းပန်းပုများ ထွင်းထုဖို့အတွက် အကောင်းဆုံးသောနေရာ ဖြစ်လာခဲ့ပါ တယ်။ ဒါကြောင့် ဆန်းကျွန်းကို နှင်းပန်းပုရေခဲပွဲတော်အတွက် ဖြစ်ပေါ်လာတဲ့ ကောင်းကင်ဘုံတစ်ခုရယ်လို့ တင်စားကြပါတယ်။

ဆန်းကျွန်းပေါ်မှာ ကမ္ဘာအကြီးဆုံး နှင်းရေခဲရုပ် ပန်းပုပြခန်းကို ဖွင့်လှစ်ထားသလို ပွဲတော်ဖွင့်ပွဲ ကျင်းပရာနေရာဖြစ်တဲ့ နှင်းရေခဲ ကမ္ဘာလည်း တည်ရှိပါတယ်။ နှင်းရေခဲကမ္ဘာထဲမှာတော့ ကလေးများအတွက် ကစားကွင်း၊ နှင်းလျှောစီးကွင်း၊ ရေခဲလျှော၊ ၀င်္ကပါအစရှိတဲ့ ပျော်ရွင်ဖွယ်ကစားကွင်းများစွာအပြင် ရင်သပ်ရှုမောဖွယ် တွေ့မြင်ကြရမယ့် ရေခဲနန်းတော်ကြီးတွေ၊ နှင်းရေခဲပန်းပုရုပ်ကြီးတွေ အပါအ၀င်  ရေခဲတောင်တက်ခြင်း၊ နှင်းကားမောင်းခြင်း၊ ရေခဲမြားပစ်ခြင်း အစရှိတဲ့ ရေခဲပြင်စွန့်စားခန်း အတွေ့အကြုံများကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။

ဂျောက်လင်ပန်းခြံကတော့ (၈.၄) ဟက်တာ အကျယ်အ၀န်းရှိပြီး အရှေ့ဘက်နဲ့ အနောက်ဘက်မှာ တောင်တန်းတွေ ၀န်းရံ နေတဲ့အတွက် သာယာလှပတဲ့ ရှုခင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ နွေဦးရာသီနဲ့ နွေရာသီတစ်လျှောက်မှာ ပန်းတွေဖူးပွင့်ဝေဆာ နေတတ် ပြီး ဆောင်းရာသီမှာတော့ နှင်းရေခဲတွေနဲ့ တောက်ပနေတဲ့ ငွေရောင်ကမ္ဘာအဖြစ် ပြောင်းလဲလှပလေ့ ရှိပါတယ်။

ဒီလိုလှပတဲ့ ဂျောက်လင်ပန်းခြံမှာ ကြည့်ရှုခံစားခွင့်ရမှာကတော့ ရောင်စုံဖြာတောက်ပနေတဲ့ ရေခဲမီးအိမ်တွေရဲ့ အလှပြပွဲ ဖြစ်ပါ တယ်။ ရှေးခေတ်အချိန်အခါကို ကိုယ်တိုင်ပြန်လည်ရောက်ရှိသွားသလို ခံစားခွင့်ရမယ့် ရေခဲမီးအိမ်လေးတွေကစပြီး ခေတ်နဲ့အညီ ပြောင်း လဲတိုးတက်လာတဲ့ ရောင်စုံဖြာ အံ့မခန်းလက်ရာ တင်ဆက်မှုအမျိုးမျိုးကို ဂီတသံတွေကြားမှာ လှပညိမ့်ညောင်းစွာ စီးမျောခံစားရင်း သာယာကြည်နူးခွင့်ရမယ့် ရေခဲမီးအိမ်ပြပွဲနေရာပဲ ဖြစ်ပါတယ်။

 

ဆာပိုရိုနှင်းပွဲတော်

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးက ဆာပိုရိုမြို့မှာ ကျင်းပလေ့ရှိတဲ့ ဆာပိုရိုနှင်းပွဲတော်ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အထင်ရှားဆုံး ဆောင်းရာသီပွဲတော်တစ်ခု ဖြစ်ပါတယ်။ နှစ်စဉ် (၇)ရက်တာမျှ ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ကို (၂၀၁၄) ခုနှစ်မှာလည်း ဖေဖော်ဝါရီ (၅) ရက် ကနေ (၁၁) ရက်နေ့အထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ အိုဒိုရီပန်းခြံ၊ ဆုဆုကီနိုနဲ့ ဆုဒုမ်းတို့ဟာ နှင်းပွဲတော်ကျင်းပရာ အဓိက နေရာတွေပဲ ဖြစ်ပါတယ်။

 

နှစ်စဉ် လူဦးရေနှစ်သန်းမျှ လာရောက်ဆင်နွှဲလေ့ရှိတဲ့ ဆာပိုရိုနှင်းပွဲတော်ကြီးဟာ ကနဦးအစဟာ  (၁၉၅၀) ခုနှစ်အချိန်က အိုဒိုရီ ပန်းခြံမှာ အထက်တန်းကျောင်းသားလေး (၆)ဦးရဲ့ နှင်းရုပ်တုလေး (၆)ခုနဲ့  စတင်ခဲ့ရာမှ ဖြစ်ပေါ်လာတယ်လို့ သိရှိရပါတယ်။ (၁၉၇၄) ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ နှင်းပန်းပုပြိုင်ပွဲကို စတင်ကျင်းပလာခဲ့ပါတယ်။ (၂၀၀၈) ခုနှစ်မှာ ကမ္ဘာ့ဒေသအသီးသီးက လာရောက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ အသင်းအဖွဲ့ (၁၄)ဖွဲ့အထိ များပြားလာခဲ့ပါတယ်။

နှင်းရုပ်တုတွေ၊ ရေခဲပန်းပုတွေကို စိတ်ကူးအမျိုးမျိုးနဲ့ ဖန်တီးကြတဲ့နေရာမှာ  ကမ္ဘာကျော်အဆောက်အအုံတွေ၊ ထင်ရှားကျော် ကြားတဲ့ သူတွေရဲ့ ပုံတူတွေကို တစ်နှစ်ထက်တစ်နှစ်မရိုးအောင် ပြုလုပ်ကြပြီး ဒီပွဲတော်မှာ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ကိုလည်း ပုံတူထုလုပ်ပြီး ဂုဏ်ယူချီးမြှောက်တတ်ကြတာ တွေ့ရပါတယ်။

 

ဒီပွဲတော်ကြီးထံ အလည်လာရောက်ကြတဲ့ ဧည့်သည်တွေဟာ နှင်းတွေထဲက လဟာပြင်ဂီတ ဖျော်ဖြေပွဲများစွာနဲ့ ဆုဆုကီနို ရေခဲဘုရင်မရွေးချယ်ပွဲများကိုလည်း ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ နှင်းတွေထဲမှာတော့ ကစားနိုင်ဖို့အတွက် ဆုဆုကီနိုက ဆာတိုလန်းမှာရှိတဲ့ ရေခဲလျှောရှည်ကြီးနဲ့ နှင်းတွေနဲ့ဖန်တီးထားတဲ့ ၀င်္ကပါကြီးထဲမှာလည်း တ၀ဲလည်လည်နဲ့ ပျော်စရာအတွေ့အကြုံကို ရယူနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒ့ါအပြင် ကမ္ဘာတစ်လွှားမှာ လူကြိုက်များလှတဲ့ ဂျပန်အစားအစာတွေကိုလည်း ပွဲတော်ကျင်းပရာနေရာများ တစ်ဝိုက်မှာ လတ်ဆတ်ကောင်းမွန်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း နှင်းရုပ်တုစုစုပေါင်း (၄၀၀) ၀န်းကျင်ကို ခင်းကျင်းပြသထားတဲ့ ဆာပိုရိုနှင်းပွဲတော်ကြီးနဲ့ မြို့တစ်မြို့လုံးကိုခြုံငုံပြီး မြင်တွေ့ရှုစားနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုကတော့ TV Tower ဖြစ်ပါတယ်။ တီဗီမျှော်စင်ကတော့ အိုဒိုရီပန်းခြံရဲ့ အရှေ့ဘက်စွန်း မှာ တည်ရှိပြီး မီတာ(၃၅၀)နီးပါးမြင့်တဲ့တာဝါရဲ့ အမြင့်ပေမီတာ(၉၀)ခန့်မှာ ရှုခင်းကြည့်ဖို့ရာ observation deck ရှိတဲ့အတွက် ဧည့်သည် များအနေနဲ့  တက်ရောက်ရှုစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။