“ခဏတော့ ခရီးထွက်မယ်…”

ညအလင်းအိမ်
ဓာတ်ပုံ - သီဟဇော်
သူ့ထံမှာ သစ်ပင်စိမ်းစိမ်း သစ်တောအုပ်ကလေးတွေရဲ့ အေးမြရိပ်တွေရှိတယ်။ 

အင်းရေတိမ်ကို ဖြတ်တိုက်လာတဲ့ လေနုအေးက ရင်ထဲက အမောတွေကို တစ်စမကျန်အောင် ဆွဲထုတ်သွားတယ်။ 

အိပ်တန်းပြန် ငှက်ကလေးတွေရဲ့ တေးဆို သံတွေ ပျံ့လွင့်နေတဲ့ သာယာကြည်နူးဖွယ် ညနေခင်းတွေရှိတယ်။ 

မြို့ပြရဲ့ မွန်းကျပ်မှုနဲ့ နွေရဲ့အပူဒဏ်ကို ကျောခိုင်းပြီး အေးချမ်းလှပမှုတွေနဲ့ ဆီးကြိုနေတဲ့ သူရှိရာအရပ်ကို ခဏတော့ ခရီးထွက်မယ်…။

ခရီးအစ
စာရေးသူတို့ရဲ့ မြန်မာ People မဂ္ဂဇင်းရုံးတည်ရှိရာ ကမာရွတ်၊ လှည်းတန်း၊ ဒိုင်းမွန်းကွန်ဒိုကနေ နေ့လယ် ၁ နာရီခန့်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းဆီကို ဦးတည်ပြီး စတင်ထွက်ခွာလာ ခဲ့ပါတယ်။ ရန်ကုန်မြို့ကားလမ်းကြော အခြေအနေအရ ၁ နာရီ တိတိမောင်းနှင်ပြီးတဲ့အခါ အမြန်လမ်းပေါ်ကို ရောက်ရှိပါပြီ။ စာရေးသူတို့ စီးနင်းလာတဲ့ Super Custom ဟာ ကီလို ၈၀ လောက်နဲ့ပဲ အေးဆေးစွာ ပုံမှန်လေးမောင်းနှင်လာ ခဲ့ပြီး ၃၉ မိုင်ကို ညနေ ၃ နာရီဝန်းကျင်မှာ ရောက် 
ရှိပါတယ်။ ၃၉ မိုင်ကနေ ပဲခူး၊ ဘုရားကြီး- ဘုရားကလေး-၀မ်းဘဲအင်း-ရွာသစ်တိုးဂိတ်ကို ဖြတ်ပြီးနောက် ပျဉ်ပုံကြီးမှာ တည်ရှိတဲ့ သူရှိရာအရပ်ကို ညနေ ၃ နာရီခွဲမှာ ရောက်ရှိပါပြီ။ ဒါကြောင့် ပုံမှန်လေးပဲ မောင်းသွားမယ်ဆိုရင်တောင် အမြန်လမ်း အစကနေတွက်ရင် ပျဉ်ပုံကြီးကို တစ်နာရီခွဲလောက်ဆိုရောက်ပြီဖြစ်တဲ့အတွက် နေ့ချင်းပြန်သွားရောက် အပန်းဖြေနိုင်တဲ့နေရာလေးပဲ ဖြစ်ပါတယ်။

ကြိုဆိုနေတယ်
လမ်းမကြီးရဲ့ ညဘက်ဘေးမှာ ကြိုဆိုနေတာကတော့ မိုးယွန်းကြီးအင်း ဘေးမဲ့တောဆိုတဲ့ ဆေးရောင်သစ်သစ်လွင်လွင်နဲ့ လှပစွာကြိုဆိုနေတဲ့ သစ်သားဆိုင်းဘုတ် နီညိုရောင်ကြီးတွေပါ။ မြေသားလမ်းသွယ်လေးအတိုင်း ၀င်သွားတဲ့အခါ လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ ရိတ်သိမ်းထားတဲ့ စပါးခင်းတွေက ရိုးပြတ်တွေနဲ့ ခြောက်သွေ့နေ ပေမဲ့ တစ်မျိုးလှလို့နေတယ်။ ဒီ့နောက် ခပ်လှမ်းလှမ်းမှာတော့ ရေသွင်းစိုက်ပျိုးထားတဲ့ စပါးခင်းတချို့က စိမ်းမြနေဆဲ။ ၃ နာရီခွဲနေက ပူရှိန်မကျသေးပေမဲ့ အင်းရေပြင်ကိုဖြတ်လို့ သစ်တောအုပ်တွေကြားက ပြေးထွက်လာတဲ့ သန့်စင်လတ်ဆတ်တဲ့လေရဲ့ ပထမဆုံးကြိုဆိုမှုမှာ အပူဒဏ်ကို မေ့လျော့သွားစေတယ်။

အပန်းပြေပြီ
မြေသားလမ်းလေး ဆုံးတဲ့အခါမှာတော့ သစ်သားတံတားလေးတွေပေါ် စတင်ဖြတ်လျှောက်ရတော့မယ့် အင်းရေပြင်စတင်ပါပြီ။ တံတားပေါ်မတက်ခင် ကားရပ်နားရာနေရာမှာ သတ်မှတ်ထားတဲ့ ၀င်ကြေးကို ပေးရပါတယ်။ လူကြီးတစ်ဦး ၅၀၀ ကျပ်၊ ကလေးတစ်ဦး ၃၀၀ ကျပ်နဲ့ နိုင်ငံခြား သားတစ်ဦးကို ၁ ဒေါ်လာလို့ ရေးသားထားတာ တွေ့ရပါတယ်။ ဖွင့်ချိန် ပိတ်ချိန်ကတော့ နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိပါ။ ညအိပ်တည်းခိုနေထိုင်မှုအတွက်တော့ ရှေ့မှာ ဆက်လက်ဖော်ပြသွားပါမယ်။

အင်းဘက်ကို မသွားခင် ကားပါကင်နေရာနဲ့ ကပ်လျက်မှာပဲတည်ရှိတဲ့ ရေတိမ်ဒေသဆိုင်ရာ ပညာပေးပြခန်း အဆောက်အအုံထဲကို  ၀င်ရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗဟုသုတဆိုင်ရာဓာတ်ပုံများ၊ စာများ၊ မြေပုံများ၊ ရုပ်လုံးသွင်းနမူနာ ငှက်အမျိုးမျိုး၊ ပုလင်းသွင်း ဆေးရည်စိမ်ပြသထားတဲ့ မြွေအမျိုးမျိုးနဲ့ အခြားသောသတ္တ ၀ါတချို့ကို တွေ့မြင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ပြတိုက်ထဲ ၀င်ရောက်လေ့လာပြီးတဲ့နောက် အင်းရှိရာ သစ်သားတံတားလေးပေါ် စတင်လျှောက်လှမ်းခဲ့ပါပြီ။ ဒီနှစ်နွေရဲ့ အပူရှိန်အောက်မှာ အင်းရေပြင်ခန်းလို့ အင်းအစပ်က တံတားအောက်မှာ ရေတွေမရှိတော့။ ဆောင်းရာသီလောက်က ရေအပြည့်နဲ့ ကျွဲတွေကူးခတ်နေတဲ့ တံတားအောက်မှာ ဆိုင်ကယ်တစ်စီးမောင်းသွားတာကို လှမ်းတွေ့လိုက်တယ်။ အင်းဘက်ကို မျှော်ကြည့်လိုက်တော့ ရေစပ်စပ်နဲ့ အလှတော့မပျက်။ ကျွဲတွေကိုလည်း ဟိုးဘက် ခပ်လှမ်းလှမ်းမှာ ကူးခတ်နေတာတွေ့ရတယ်။ နွေရာသီ ရေပြည့်ပြည့်၀၀ မရှိတော့ချိန်မို့ လှေသွားဖို့ ရေလမ်းကြောင်းတူးမြောင်းလေးတွေ ဖောက်ထားတာကိုလည်း တွေ့ရတယ်။ ဒီအင်းရေဟာ ဝေါမြို့နယ်ထဲက လယ်ဧကများစွာအတွက်လည်း ရေသွင်းပေးတယ်လို့ သိရတယ်။ သစ်တောစိမ်းစိမ်းအုပ်ကလေးတွေ ပြုလုပ်စိုက်ပျိုးထားတဲ့ ကျွန်းတွေလည်း အင်းရေပြင်ထဲမှာ ၁၇ ကျွန်း တည်ရှိနေတယ်။ 

အ၀င်ဝ သစ်သားတံတားရှည်ရဲ့ အဆုံးမှာတော့ သစ်ပင်စိမ်းစိမ်းတွေ စီတန်းလို့ အုံ့ဆိုင်းနေတဲ့ ကျွန်းကလေးတစ်ခုပေါ်ရောက်တယ်။ ကျွန်းအစမှာ မိုးယွန်းကြီးအင်းမြေပုံကို ကြည့်ရှုလေ့လာပြီး သစ်ပင်တန်းလေးကြားက လူတစ်ဦး နှစ်ဦးစီလောက် အစဉ်လိုက် တန်းစီလျှောက်ရမယ့် ကွန်ကရစ်လမ်းလေးအတိုင်းလျှောက်လာရင်း လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ပြသထားတဲ့ ငှက်ရုပ်ပုံ ကားချပ်လေးတွေကို ကြည့်ရင်း စွန်ခေါင်းဖြူ၊ ပိန်ညှင်းစတဲ့ ငှက်မျိုးစိတ် နာမည်လေးတွေကိုလည်း သိခွင့်ရတယ်။ သစ်ပင်တွေကြားမှာ အပန်းဖြေလာရောက်သူတွေ ထိုင်စရာသစ်သားခုံ သစ်သားစားပွဲလေးတွေလည်း ဖန်တီးပေးထားပါတယ်။ ပထမဆုံး သစ်တောအုပ်ရဲ့ အဆုံးမှာတော့ ရေပြင်ပေါ်က သစ်သားတံတားတိုလေးကို ဖြတ်ပြီး နောက်ထပ်ကျွန်းတစ်ခုပေါ်ကို ရောက်ရှိပါတယ်။

ဒုတိယကျွန်းမှာတော့ နားနေဆောင်လေးတွေကို အများဆုံး တွေ့ရမှာပါ။ ကိုယ့်စားစရာနဲ့ ကိုယ်ပျော်ပွဲစားထွက်လာသူတွေ နားနေဖို့အတွက် အခကြေးငွေပေးစရာမလိုတဲ့ နားနေဆောင်တချို့ရှိသလို တစ်နာရီကို ၁၅၀၀ ကျပ်သတ်မှတ်ထားတဲ့ ၀ါးတဲလေးတွေလည်းရှိပါတယ်။ အဲဒီဝါးတဲလေးတွေမှာတော့ ထန်းရည်၊ ၀ိုင်၊ ဘီယာ၊ ကြက်ကြော်၊ ငါးရံ့ခြောက်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ် စသဖြင့် ရောင်းချပေးပြီး နိုဝင်ဘာကနေ မေလလောက်အထိကို ထန်းရည်ရနိုင်တယ်လို့ သိရပါ
တယ်။ အများသုံးအိမ်သာကိုလည်း ရေ၊ ဘေစင်၊ ဆပ်ပြာ အဆင်ပြေစွာတွေ့ရပါတယ်။ 

စားမယ် နားမယ်
ဒီနေရာမှာ လူဦးရေ ၂၀၀ ဆန့်တဲ့ ကြိုးကြာခန်းမ Crane Function Hall ကိုလည်း ၀န်ဆောင်မှုပေးထားတာတွေ့ရပါတယ်။ ကြိုးကြာခန်းမမှာတော့ Workshop တွေ အများဆုံး လာရောက်ပြုလုပ်လေ့ရှိကြတယ်လို့ သိရပါတယ်။ ဒီခန်းမကို တစ်နေ့တာ ငှားရမ်းခကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီကို လေးသိန်းကျပ်ပါ။ ပါဝင်တဲ့ ၀န်ဆောင်မှုကတော့ လက်ဖက်ရည် သို့ ကော်ဖီ + မုန့် နှစ်ကြိမ်ဖြစ်ပါတယ်။ မုန့်ကိုတော့ ဘူးသီးကြော်၊ ပုစွန်ကြော် စသဖြင့် မြန်မာဆန်ဆန်လေးတွေ စီစဉ်ပေးလေ့ရှိပြီး ကြိုတင်ငှားရမ်းချိန်မှာကတည်းက မိမိလိုချင်တာကို ညှိနှိုင်းနိုင်ပါတယ်။ နေ့ဝက်ငှားရမ်းမယ်ဆိုရင်တော့ အစားအသောက် ၀န်ဆောင်မှုတစ်ကြိမ်အပါအ၀င် နှစ်သိန်းခွဲကျပ်ဖြစ်ပါတယ်။ ခန်းမအသုံး ပြုလိုတယ်ဆိုရင်တော့ အနည်းဆုံးတစ်ပတ်ကြိုပြီး စာရင်းသွင်းမှာယူနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် အပန်းဖြေစရာတစ်ခုကတော့ Family KTV ရှိတဲ့အတွက် ကာရာအိုကေဆိုနိုင်မှာဖြစ်ပါတယ်။ တစ်နာရီကို တစ်သောင်းကျပ်၊ သုံးနာရီကို နှစ်သောင်းခွဲကျပ် စသဖြင့်သတ်မှတ်ထားပြီး အစားအသောက်တွေလည်း မှာယူစားသောက်
နိုင်မှာ ဖြစ်ပါတယ်။ အစားအသောက်အတွက်ကတော့ ၀ါးတဲလေးတွေမှာ စားသောက်နိုင်မယ့်အပြင် ဒုတိယကျွန်းပေါ်ကနေ ဆက်ထွက်လာတဲ့ တံတားလေးမှာ ကော်ဖီဆိုင်တစ်ဆိုင်နဲ့ ကော်ဖီဆိုင်ကိုကျော်ပြီး တံတားအတိုင်းဆက်လျှောက်လာမယ်ဆို မိုးယွန်းကြီး အပန်းဖြေစခန်းရဲ့ စားသောက်ဆိုင်ကို ရောက်ရှိမှာပါ။ မြန်မာအစားအစာနဲ့ တရုတ်စာကို အဓိကရရှိနိုင်ပြီး မိမိနှစ်သက်ရာ ရွေးချယ်မှာယူ စားသောက်နိုင်သလို စားသောက်ဆိုင်ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ဗမာကြက်ကာလသားချက်၊ အင်းငါးကြော် (ငါးပနော်)၊ သီးရွက်စုံကြော်၊ ငါးပိတို့စရာ၊ ရေသန့်၊ အချိုပွဲ ပါဝင်တဲ့ ထမင်းဟင်းပွဲတစ်ဆက်အတွက် ဧည့်သည်တစ်ဦးကို ငါးထောင်ကျပ် သတ်မှတ် ရောင်းချပေးတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။ 

လှေစီးမယ်
စားသောက်ဆိုင်ရှေ့မှာပဲ  ညနေခင်း နေအေးအေးလေးမှာ အင်းရေပြင်ထဲ စက်လှေစီးထွက်ဖို့ စက်လှေဆိပ်ရှိနေပါတယ်။ စက်လှေခကတော့ အင်းတစ်ဝိုက်အသွားအပြန် စုစုပေါင်း ၁ နာရီကို တစ်စီးလုံး နှစ်သောင်းကျပ်ပါ။ တစ်ဦးတည်းပဲ 
စီးစီး၊ နှစ်ဦး၊ သုံးဦးပဲစီးစီး စက်လှေတစ်စီးလုံးဈေး နဲ့ ငှားရမ်းနိုင်ပြီး အများဆုံး ၈ယောက်အထိ လိုက်ပါနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အသွားအပြန် ၁ နာရီခွဲ၊ စက်လှေတစ်စီးလုံးကို ၃ သောင်းကျပ်ဖြစ်ပါတယ်။ ၁၅ ဦးအထိ လိုက်ပါနိုင်ပါတယ်။ ဒါကတော့ ပြည်တွင်းက ဧည့်သည်များအတွက် ဖြစ်ပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေအတွက် ဈေးနှုန်းကတော့ အသွားအပြန် ၁ နာရီခွဲကို တစ်ဦး တည်းစီးမယ်ဆို ကန်ဒေါ်လာ ၂၀၊ တစ်ဦး မှ သုံးဦး အထိ တစ်ယာက်ကို ၁၅ ဒေါ်လာ၊ တစ်ဦး မှ ငါးဦးအထိ  တစ်ယာက်ကို ၁၃ ဒေါ်လာ၊ တစ်ဦး မှ ဆယ်ဦးအထိ  တစ်ယာက်ကို ၁၂ ဒေါ်လာ၊ ၁၀ဦးရဲ့အထက်မှာ တစ်ယောက်ကို ၁၀ ဒေါ်လာ သတ်မှတ်ထား တယ်လို့သိရပါတယ်။

ငှက်ကြည့် မှန်ဘီလူးငှားရမ်းခကတော့ ပြည်တွင်းဧည့်သည်အတွက် တစ်လက်ကို ၅ ထောင်ကျပ်နဲ့ နိုင်ငံခြားသားဧည့်သည်ကတော့ တစ်လက်ကို ၅ ဒေါ်လာဖြစ်ပါတယ်။ အင်းထဲက ငှက်တွေအကြောင်းကို ရှင်းပြပေးဖို့အတွက် Guide ငှားမယ်ဆိုရင်တော့ တစ်သောင်းခွဲကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ 

စက်လှေအပျော်စီးရင်း သဘာဝရှုခင်းတွေ၊ အင်းရေပြင်ထဲက ရေပေါ်ပင်ကလေးတွေ၊ ရေပျော်ငှက်ကလေးတွေကို ဓာတ်ပုံရိုက်ရတဲ့ အရသာက ထူးထူးခြားခြား ပျော်စရာကောင်းလှပါတယ်။ အင်း  ရေပြင်ကိုဖြတ်ပြီး သစ်တောအုပ်တွေဆီ အိပ်တန်းပြန်လာကြတဲ့ ငှက်တွေနဲ့အတူ သာယာလှပတဲ့ အင်းရေပြင်ရှုခင်းက သာယာအေးချမ်းခြင်းအတိပါ။ ဆောင်းရာသီမှာတော့ ပိုလှပါတယ်။ ဒီနွေမှာ ရေပိုခန်းမယ်ဆိုရင်တော့ စက်လှေစီးခြင်းကို ပြုလုပ်နိုင်ဦးမှာမဟုတ်ဘဲ စားသောက် နားနေတည်းခို  သီချင်းဆို အေးမြရိပ်ခိုရင်း အပန်းဖြေနိုင်မှာပါ။

အင်းရေပြင်ပေါ် တည်းမယ်ဆို 
တည်းခိုဖို့အတွက်ကတော့ စားသောက်ဆိုင်နေရာကနေ သစ်သားတံတားလေးပေါ် ဆက်လက်ဖြတ်လျှောက်ပြီး မိုးယွန်းကြီးအင်းရဲ့ နာမည်ကျော်လှေပုံသဏ္ဍာန် ရေပေါ်အိမ် Boat House လေးတွေနဲ့ ဘန်ဂလိုတွေ ဆီရောက်နိုင်ပါတယ်။ အရင်က မြင်ဖူးနေကျ အမည်းရောင်လှေအိမ်လေးတွေဟာ အစိမ်းရောင် ဆေးအသစ်နဲ့ လှေစိမ်းလေးတွေ ဖြစ်လို့နေပါတယ်။ အဲဒီလှေအိမ်လေးတွေကတော့ စုစုပေါင်း ၁၀လုံး ရှိပါတယ်။ တစ်လုံးကို နှစ်ဦးနားနေနိုင်ပြီး နေ့ဘက် တစ်သောင်းခွဲ၊ ညအိပ် ၅ သောင်းပါ။ နိုင်ငံခြားသားကတော့ နေ့ကို ဒေါ်လာ ၄၀ ၊ ညအိပ် ဒေါ်လာ ၈၀ ပါ။ 

လှေအိမ်လေးတွေအပြင် ဘန်ဂလိုတစ်လုံးမှာ တစ်ခြမ်းကို ၈ ဦးဆန့်နဲ့ နှစ်ခြမ်းခွဲဖွဲ့ထားတဲ့ မိသားစုဘန်ဂလိုဆောင် ရွှေဟင်္သာ၊ တစ်ခြမ်း ၃ ဦးဆန့်နဲ့ နှစ်ခြမ်းဖွဲ့စည်းထားတဲ့ ငွေဗျိုင်းဖြူ ဘန်ဂလိုဆောင်အပြင် တစ်ခန်း ၂ ဦးဆန့်နဲ့ နှစ်ခန်းစီ ဖွဲ့စည်းထားတဲ့ Delux ဘန်ဂလို စုစုပေါင်း ၃ လုံးထိရှိပါတယ်။ ဈေးနှုန်းတွေကတော့ ရွှေဟင်္သာမှာ နေ့ဘက်သီးသန့် တစ်ခြမ်းကို ၆ သောင်းခွဲကျပ်၊ နိုင်ငံခြားသား ဒေါ်လာ ၆၀၊ ညအိပ် တစ်ခြမ်းကို ၁ သိန်း ၃ သောင်း၊ နိုင်ငံခြားသား - ဒေါ်လာ ၁၂၀။ 
ငွေဗျိုင်းဖြူမှာ တစ်ခြမ်းကို နေ့ဘက် ၃ သောင်း ခွဲကျပ်၊ နိုင်ငံခြားသား - ဒေါ်လာ ၅၀၊ ညအိပ် တစ်ခြမ်းကို ၇ သောင်း၊ နိုင်ငံခြားသား - ၁၀၅ ဒေါ်လာ ။  Delux ဘန်ဂလိုကတော့ တစ်ခြမ်းကို နေ့ဘက် ၂ သောင်းခွဲကျပ်၊ နိုင်ငံခြားသား - ဒေါ်လာ 
၄၀၊ ညအိပ် တစ်ခြမ်းကို ၆ သောင်း ၊ နိုင်ငံခြားသား - ဒေါ်လာ ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

အခန်းအားလုံးမှာ ညအိပ်တည်းခိုမှုအတွက် နံနက်စာပါဝင်ပါတယ်။ ဒီက ဟိုတယ်မှာ Check in time နေ့လယ် ၂ နာရီနဲ့ Check out က မွန်းတည့် ၁၂ နာရီလို့ သတ်မှတ်ထားပါတယ်။ အခု သိရှိဖော်ပြထားတဲ့ ဈေးနှုန်းတွေအားလုံးဟာ ၂၀၁၇ ခုနှစ်အတွက် ဈေးနှုန်းတွေဖြစ်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ မိုးယွန်းကြီးအပန်းဖြေစခန်းမှာ လာ ရောက်တည်းခိုနားနေဖို့အတွက် ကြိုတင်မှာယူနိုင်မယ့် ဖုန်းနံပါတ်တွေကတော့ ၀၅၂၇၀၁၁၃ ၊ ၀၉ ၄၂၈၁၉၄၀၇၃ ဖြစ်ပါတယ်။

လေ့လာရမယ့် သမိုင်း
ခုလို စာရေးသူတို့ရောက်ရှိနေတဲ့ အများပြည်သူစိတ်လက်အေးချမ်းစွာ လာရောက်အနားယူဖို့ အပန်းဖြေ စခန်းဖွင့်လှစ်ထားပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အထောက်အကူပြုလျက်ရှိတဲ့ မိုးယွန်းကြီးရဲ့ သမိုင်းကြောင်းကိုလည်း လေ့လာကြည့်ကြပါမယ်။ ၁၈၇၈ ခုနှစ်က ပဲခူး-စစ်တောင်း တူးမြောင်းအတွင်း နွေရာသီသစ်ဖောင်မျှောဖို့အတွက် မိုးယွန်းကြီးရေလှောင်တမံအဖြစ်တည်ဆောင်ခဲ့ရာမှ နှစ်ကာလကြာမြင့်လာတဲ့အခါ သဘာဝအင်းအဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ မိုးယွန်းကြီးအင်းဘေးမဲ့တောအဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၅ ခုနှစ်၊ မတ်လ ကစတင်ပြီး နိုင်ငံတကာ ရေတိမ်ဒေသထိန်းသိမ်း ရေးအဖွဲ့အစည်း Ramsar Convention သို့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတဲ့နောက် မိုးယွန်းကြီးအင်းဘေးမဲ့တောဟာ “မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အရေးကြီး ထိန်းသိမ်းရမည့် ရေတိမ်ဒေသ” (Ramsar Site) အဖြစ် ပထမဆုံး အသိအမှတ်ပြု နေရာဖြစ်လာပါတယ်။ ဧရိယာအကျယ်အ၀န်းအားဖြင့် (၂၅၆၀၀.၀၀ ဧက) စတုရန်းမိုင် ၄၀ ရှိပြီး ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ ဝေါမြို့နယ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

အင်းထဲက အဖော်လေးများ
အင်းကိုအမှီပြုပြီး အသက်ရှင်နေထိုင်ကျက်စားလျက်ရှိကြတဲ့ တောသတ္တ၀ါလေးတွေ များစွာရှိနေပါတယ်။ ဌာနေရေပျော်ငှက်လေးတွေ ဖြစ်တဲ့ စစ္စလီ၊ မယ်ညို အစရှိတဲ့ ငှက် ၅၃ မျိုး၊ ကုန်းတွင်းပိုင်း ငှက်လေးတွေဖြစ်တဲ့ ချိုးလည်ပြောက်၊ လင်ကောင်ပိုး၊ ဇီးကွက်၊ ပုဇင်းထိုး၊ စွန်တောင်နက်စတဲ့ ငှက်မျိုးများနဲ့ ဆောင်းခိုငှက်တွေဖြစ်တဲ့ ခရုတုတ်၊ ခရုစုပ်၊ မြစ်တွေး၊ စင်ရော်၊ တောဝမ်းဘဲ၊ လင်းယုန်စတဲ့ ငှက်စုစုပေါင်း ၃၅ မျိုး။ ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးရှဥ့်စတဲ့ ငါးမျိုးစိတ်ပေါင်း ၃၀။ ကုန်းနေ၊ ရေနေတွားသွားသတ္တ၀ါတွေဖြစ်တဲ့  ဖားမျိုးစိတ် ၈ မျိုးခန့်၊ မြွေဟောက်၊ မြွေပွေး၊ ငန်းတော်ကြား၊ လင်းမြွေအပါအ၀င် မြွေမျိုးစိတ် ၁၅ မျိုး။ လိပ်မျိုးစိတ် ၂ မျိုး။ ကင်းလိတ်လျောနဲ့ ပုတ်သင်ညိုမျိုးစိတ် ၅ မျိုးနဲ့ အင်းဆက်များအနေနဲ့ လိပ်ပြာမျိုးစိတ်  ၃၃ မျိုးခန့်ရှိတယ်လို့ လေ့လာ ဖတ်ရှုမှတ်သားရပါတယ်။

ပျော်ပျော်ရွှင်ရွှင် ထိန်းသိမ်းမယ်
မိုးယွန်းကြီးဘေးမဲ့တောကို ထိန်းသိမ်းကာကွယ်ထားတဲ့ ရည်ရွယ်ချက်တွေကိုသိရှိပြီး အပန်းဖြေပြည်သူတွေအနေနဲ့ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်ဆောင်ရွက်နိုင်ဖို့လည်း ပြန်လည်မျှဝေ ပါရစေ။
-    ပြည်တွင်းရေပျော်ငှက်များနှင့် ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်များ၏ နေရင်းဒေသအားထိန်းသိမ်းကာကွယ်ရန်
-    ရာသီအလိုက် ရွှေ့ပြောင်းငှက်များ၊ ဌာနေရေပျော်ငှက်များနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
-    ရေတိမ်ဒေသဂေဟစနစ်နှင့် ယင်း၏ အရေးကြီးပုံများကို ပြည်သူများသိရှိနားလည်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်
-    ပြည်တွင်းပြည်ပလေ့လာသူများ အပန်း ဖြေနိုင်စေရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းအား အထောက်အကူပြုရန် စတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။
နွေရာသီမှာ အပူဒဏ်ကို တိမ်းရှောင်ရင်း အပန်းဖြေ နားနေနိုင်ရုံသက်သက်သာမက ရေမြေသဘာဝအရ ဗဟုသုတများစွာလည်း လေ့လာရှာမှီးနိုင်တဲ့ မိုးယွန်းကြီးအင်းရေပြင်နဲ့ ဥယျာဉ်ကြီးဟာ ဆောင်းရာသီမှာ ရေပျော်ဆောင်းခိုငှက်တွေ 
လာရောက်နားခိုရာဖြစ်တဲ့အတွက် ငှက်ကြည့် ၀ါသနာရှင်တွေနဲ့ စည်ကားလှသလို  ရုက္ခဗေဒ၊ သတ္တဗေဒ ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

ခုလို ကိုယ့်ရေမြေရဲ့ဂုဏ်ယူစရာ သဘာဝ ခရီးသွားနေရာကို ရောက်ရှိတဲ့အခါ တန်ဖိုးရှိစွာ အပန်းဖြေရင်း စိန်းလန်းအေးခြမ်းခြင်းများနဲ့ သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့လားရှင်။