ခရီးသွားမိုးတိမ် ဖြူဖြူ

“မိုးတိမ်”ဆိုတဲ့ ဝေါဟာရလေးကို ဒီနေရာမှာလွတ်လပ်ပေါ့ပါးစွာလှပခြင်းဆိုတဲ့ တင်စားမှုလေးနဲ့ အသုံးပြုချင်မိပါကြောင်း စာဖတ်သူမိတ်ဆွေများထံသို့ ဦးစွာပထမ လေးလေးစားစား အသိပေးရေးသားပါရစေ…။

အဘယ်ကြောင့်ဆိုသော် ဒီစာမျက်နှာများထက်မှာ ဆက်လက်ဖော်ပြမယ့် ခရီးသွားအကြောင်းအရာတွေဟာ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ 100% လွတ်လပ်ပျော်ရွှင် ကြည်နူးမှုအပြည့်နဲ့ ဖိစီးမှုမှန်သမျှ လုံးဝမရှိရတဲ့ ခရီးစဉ်လေး ဖြစ်နေတဲ့အတွက်ပါ။ 

(ပြင်သစ်နိုင်ငံ၊ Clermont-Ferrand မြို့က Clermont Cathedral မျှော်စင်ပေါ်မှာ)

သူမအနေနဲ့ အလုပ်သဘောအရ သွားလာရတဲ့ ပြည်ပပြည်တွင်းခရီးများစွာဟာ ခုလိုအပန်းဖြေခရီးမသွားမီမှာရော၊ သွားပြီးပြန်ရောက်လာခဲ့ချိန်မှာရော ဆက်တိုက်ကို ရှိနေခဲ့ပါတယ်။ အဲဒီလို သူမရဲ့ခရီးပေါင်းများစွာထဲကမှ ဒီခရီးစဉ်လေးကို ပြန်လည်ဝေမျှဖို့ ရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက်ကတော့...

ချစ်ပရိသတ်များအားလုံး ဖြူဖြူ့ရဲ့ ပျော်ရွှင် ခြင်းတွေနဲ့အတူ လိုက်ပါခံစား ပျော်ရွှင်ရင်း ဗဟုသုတသစ်၊ အတွးသစ်၊ ရသသစ်၊ တစ်စုံတစ်ရာ သော ခံစားချက်သစ်များစွာကို ရရှိနိုင်မယ်လို့ ယုံကြည်ခြင်းနဲ့အတူ…

စာဖတ်သူတို့ရင်ထဲကခရီးနဲ့ ဖြူဖြူ့ရင်ထဲ ကခရီး ဘယ်လောက်နီးသလဲဆိုတဲ့ အဖြေလေးကို ရင်ခုန်စွာမျှော်လင့်ရင်း…

(Piano Vertial ပွဲမှာ Piano ကို ကောင်းကင်ကနေ ကရိန်းနဲ့ကြိုးဆွဲပြီး ဇောက်ထိုးတီးပြတဲ့ ပွဲကို ကြည့်နေတာပါ။ အဲဒီရင်ပြင်က သန့်ပြန့်နေတာ ခုလိုအိပ်ပြီးကြည့်လို့ရပါတယ်။ လူတွေအားလုံးက အရမ်းစည်းကမ်းရှိကြတယ်။)

ဖြူဖြူချစ်သော ခရီးသွားခြင်း
ကိုယ်က အနုပညာသမားဆိုတော့ အပန်းဖြေခရီးသွားရတာထက် အလုပ်နဲ့သွားတဲ့ခရီးတွေ ပိုများပါတယ်။ အလုပ်နဲ့သွားတဲ့ခရီးကို ပျော်အောင်လို့ အပန်းဖြေတယ်ဆိုတဲ့ ခံစားချက်ရအောင်တော့ ကိုယ့်ဘာသာကိုယ်လုပ်ယူရတာပေါ့။ ဒါပေမဲ့ မတူဘူးလေ။ စိတ်ဖိစီးမှုရှိတာ၊ အလုပ်လုပ်ရဦးမယ်ဆိုတဲ့ စိတ်ရှိတာကို အလုပ်နဲ့သွားတဲ့ ခရီးတိုင်းမှာဖျောက်လို့မရနိုင်ဘူး။ ကိုယ့်ရဲ့ Profession နဲ့ သွားတဲ့ ခရီးတွေပဲဖြစ်တာကြောင့် ပျော်တာကတော့ ပျော်ပါတယ်။ 

(Piano ဇောက်ထိုးတီးတာကို နေ့ဘက်မှာ မြင်ရတဲ့ပုံ)

အခုလိုမျိုး အလုပ်လုံးဝမပါဘဲနဲ့ ဖေဖေရော၊ မေမေရော မိသားစုနဲ့သွားတဲ့ခရီး... ပြင်သစ်မှာနေကြတဲ့ ကိုယ့်အစ်မရဲ့မိသားစု၊ တူလေးတွေရှိတဲ့ဆီကို မိသားစုဆုံဖို့အတွက် အလုပ်မပါဘဲသွားတယ်။ စိတ်ဖိစီးမှုလုံးဝမရှိဘဲနဲ့ လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင် အပန်းဖြေသက်သက် ခရီးမျိုးသွားရတာကတော့ ရှားတယ်။ ကိုယ်တစ်ယောက်တည်းသွားတာ မဟုတ်တဲ့အတွက် ကျန်ခဲ့မယ့် မိသားစုကိုလည်း နောက်ဆံတင်းစရာမလိုဘူး။ မိသားစုတွေ ခုလိုတစ်နှစ်တစ်ခါ ဆုံစည်းရတယ်
ဆိုတဲ့ ဖီလင်မျိုးကလည်း ဘာနဲ့မှ မတူဘူး။ အဲဒါကြောင့် အရမ်းပျော်ပါတယ်။

(ချစ်တူလေးနှစ်ယောက်နဲ့... အကြီးလေးက မင်းဝဏ္ဏကျော် @ Theodore ၊ အငယ်လေးက မင်းဘုန်းမြတ်ကျော် @ Samuel)

ကြိုတင်ပြင်ဆင်ခဲ့ရခြင်းများ
အဓိကအနေနဲ့  (၇) ပတ်ဆိုတဲ့ အချိန်အတွင်း ခရီးသွားခွင့်ရဖို့ အလုပ်တွေကို ကြိုပြီးလုပ်တာတွေလည်း လုပ်ခဲ့၊ ပွဲတွေဆိုလည်း ဖျက်ခဲ့ရတာတွေလည်း ရှိတာပေါ့နော်။ ကိုယ်ကနေ့တိုင်းအလုပ်တွေ ဇယ်ဆက်သလိုရှိတဲ့အခါ အလုပ် အလုပ် အလုပ်ပဲ... မိသားစုကို အချိန်မပေးနိုင်ဘူး။ ဒါပေမဲ့ ဒီ (၇) ပတ်မှာတော့ မိသားစုအပန်းဖြေခရီးလေးသွားမယ်။ ဖေဖေနဲ့ မေမေကို မြေးလေးတွေနဲ့ တွေ့ရအောင် ပို့မယ်ဆိုပြီး ကြိုပြီးတော့ အလုပ်တွေကို မသွားခင် အချိန်အကန့်တစ်ခုအထိပြီးအောင် လုပ်ရတော့ အလုပ်တွေအရမ်းများတယ်။ ဟိုမှာ သွားနေမယ့်အချိန်အတွင်း ပွဲတွေလည်း ငြင်းရတယ်ဆိုတော့ ကိုယ့်အနေနဲ့ အလုပ်တွေ လစ်ဟာမှု ဖြစ်ပါတယ်။ ဒါပေမဲ့ နောင်တတော့ မရဘူး။ တစ်ဖက်ကလည်း ကိုယ်မိသားစုနဲ့အတူတူ သွားရမယ်ဆိုတော့လေ။ ပြန်လာချိန်မှာ ဆက်တိုက်ဆက်လုပ်လို့ရမယ့် အလုပ်လေးတွေကိုတော့ ကြိုပြီး လက်ခံထားခဲ့ပါတယ်။

(စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဥရောပအကြီးဆုံး ဘောလုံးကွင်းဖြစ်တဲ့ Camp Nou ဘောလုံးကွင်းကိုလည်း သွားလည်ခဲ့တယ်)

ပျော်ရွှင်ခြင်းခရီးစဉ်
၂၀၁၇၊ ဇွန် ၁၅ ရက်နေ့မှာ စသွားခဲ့ပြီး သြဂုတ် (၇) နေ့မှာ ပြန်ရောက်ပါတယ်။ ပြင်သစ် နိုင်ငံ၊ ကလဲမွန့် ဖရန့်(Clermont-Ferrand) မြို့။ ပဲရစ်မြို့ကနေ လေယာဉ် တစ်နာရီစီးပြီး သွားရတယ်။ 

အဲဒီမှာ မမညိုတို့ မိသားစုက အခြေချ နေထိုင်ကြတယ်။ အဲဒီကနေပြီးတော့မှ ဖြူဖြူတို့ ပြင်သစ်တောင်ပိုင်း၊ ပရောဗန့်စ် (Provence) ပြည်နယ်၊ ဂေါ့ (Gorde) မြို့ကို သွားလည်ကြတယ်။ မမညိုရဲ့ အမျိုးသားဘက်က အမျိုးတွေရှိတဲ့၊ သူတို့ရဲ့ နွေရာသီအိမ်ရှိတဲ့မြို့ပေါ့။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေဖြစ်တဲ့ သူတို့ရဲ့နွေရာသီရောက်ပြီဆိုရင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သူတို့ရဲ့မိသားစုတွေ အားလုံးအိမ်မှာ ပြန်ဆုံကြတယ်။ သူတို့တွေ Family Union လုပ်တယ်ပေါ့နော်။

နောက်ထပ် ပြင်သစ်နိုင်ငံရဲ့ ပဲရစ်ပြီးရင် ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လီယွန် (Lyon) မြို့ကိုလည်း ဖြူဖြူတို့မိသားစု သွားလည်ကြတယ်။ မမညိုတို့မြို့ကမှတစ်ခါ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ကိုတော့ ဖြူဖြူတို့ ညီအစ်မနှစ်ယောက်တည်း သီးသန့် အပျော်ခရီးသွားခဲ့ကြတယ်။ သူကလည်း EU နိုင်ငံထဲမှာပဲရှိတာဆိုတော့ ဗီဇာအထူးတလည်မလိုဘူး။ Clermont-Ferrand ကနေ ဘာစီလိုနာကိုလည်း လေယာဉ်တိုက်ရိုက်သွားလို့ ရတယ်။ Transit ကတော့ ပဲရစ်ပဲ။ စုစုပေါင်းလေယာဉ်စီးချိန်ကတော့ သုံးနာရီလောက် ကြာတယ်။

(Michelin ကားတာရာတွေလုပ်တဲ့ ကုမ္ပဏီမှာ လေယာဉ်၊ ရထား၊ ပြိုင်ကားအစစ်တွေ သုံးမျိုးလုံးတွေ့ရလို့ ...)

ဒီတစ်ခေါက်မှာ ပဲရစ်ကို သွားမလည်တော့ဘဲ မရောက်ဖူးတဲ့နေရာတွေကို ဦးစားပေးပြီး သွားခဲ့တယ်။ ပရိသတ်တွေကတော့ ဖြူဖြူပြင်သစ်ရောက်နေတယ်ဆိုတော့ အီဖယ်မျှော်စင်ရှေ့က ပုံလေးတွေ တင်ပေးပါပြောကြာတယ်။ ဖြူဖြူအရင် က ပဲရစ်ကို နှစ်ခေါက်လောက် လည်ခဲ့ပြီးပြီဆိုတော့ အရင်အခေါက်တွေက မရောက်ဖြစ်တဲ့ နေရာလေးတွေကို သွားချင်တာနဲ့ ဦးစားပေးပြီးသွားခဲ့တယ်။

ထာဝစဉ် ရင်ထဲကနေရာ
ဒီတစ်ခေါက် ရောက်ခဲ့တဲ့အထဲမှာ အကျေနပ်ဆုံးနေရာလေးကတော့ ပြင်သစ်တောင်ပိုင်း၊ ပရောဗန့်စ် (Provence) ပြည်နယ်၊ ဂေါ့ (Gorde) မြို့နားက Lavender လာဗင်ဒါပန်းခင်းတွေရှိတဲ့ ဆီကိုပါ။ မနှစ်ကလည်း ဖြူဖြူရောက်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဘ၀မှာ ရောက်ဖူးလည်း ထပ်ခါထပ်ခါထပ်သွားချင်တာဆိုလို့ နှစ်နေရာပဲရှိတယ်။ ပုဂံရယ်၊ အဲဒီလာဗင်ဒါခင်းတွေဆီရယ်ကိုပဲ။ ပုဂံကတော့ ဖြူဖြူအခုချိန်ထိဆို (၈) ခေါက်ရောက်ခဲ့ပြီးပါပြီ။ လာဗင်ဒါခင်းတွေကတော့ နှစ်ကြိမ် မြောက်ပေါ့နော်။ ဒီတစ်ခေါက်ဆိုရင် အဲဒီမြို့မှာနေတဲ့ တစ်ပတ် ဆယ်ရက်ကာလအတွင်းမှာ အတိအကျပြောရရင် တစ်ရက်ခြားစီကိုရောက်တယ်။ အရမ်းပျော်လို့...။ 

(စပိန်၊ ဘာစီလိုနာမြို့ Mt. Serratte တောင်ပေါ်က ဘုရားကျောင်းမြင်ကွင်း)

ငယ်ငယ်တုန်းကတော့ ဒီပန်းခင်းတွေကို ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတယ်။ ကိုယ့်မြန်မာပရိသတ်တွေနဲ့ အရင်းနှီးဆုံးဆိုရင် ဆရာမ ဂျူးရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်းပေါ့။ အဲ့မှာ အကြီးအကျယ် လာဗင်ဒါ လာဗင်ဒါဆိုပြီး လူငယ်တွေကြားမှာ ခေတ်စားခဲ့တာပေါ့။ ကိုယ်လည်း အဲဒီပန်းခင်းကြီးထဲကို တကယ်ရောက်ဖူးပြီး ကိုယ့်လက်နဲ့ကိုယ် တကယ်ကိုင်ဖူးကြည့်ချင်တယ်။ အရင်ကဆို ဓာတ်ပုံတွေကြည့်ရင် ပြုပြင်ထား တယ်... ဒီအရောင်အတိုင်းပဲ မထွက်နိုင်ပါဘူးကွာ လို့ ထင်တာပေါ့နော်။ 

တကယ်တမ်းရောက်သွားတဲ့ အခါကျတော့ အဲဒီ ပို့စ်ကဒ်တွေထဲကအတိုင်း နေရာဒေသမြင်ကွင်းတွေအားလုံးက ကွက်တိ... ရှုခင်းဒီနေရာဆို ဒီနေရာအတိုင်းကို မြင်လိုက်ရတော့ အိပ်မက်ထဲကို ရောက်သွားသွားသလိုပဲ... ပန်းနံ့လေးတွေက 
မွှေးနေတာ... အဲဒီထဲမှာ ပတ်ပြေးလိုက်ရတာကိုက ဘာနဲ့မှမတူဘူး။ ပျားတွေနဲ့ အပြိုင်ပေါ့နော်... ပျားတွေက တ၀ီဝီနဲ့။ ပျားတုပ်မှာလည်း မကြောက်ဘူး။ ပျားတွေကလည်း မတုပ်ပါဘူး။ သူတို့လည်း လာဗင်ဒါရဲ့ဝတ်ရည်ကိုပဲ ပိုစိတ်ဝင်စားတာ ပေါ့နော်။ ဒီလောက်ချိုမွှေးနေတာ...။ အဲဒီအပင်ရဲ့ အပွင့်လေးတွေကို ကိုယ်ကိုယ်တိုင် လက်နဲ့  ကိုင် ကြည့်ခွင့်ရတာ တကယ့်ဘုရားကျေးဇူးပဲ။ 

ကိုယ်ကလည်း ကိုယ်ပျော်ပြီဆိုရင် ချစ်တဲ့သူတွေကိုသတိရတယ်။ အဲဒါနဲ့ ပရိသတ်တွေပါ မြင်ရအောင် Live လွှင့်ချင်တယ်။ ဒါပေမဲ့ ဥရောပမှာ ဘယ်လောက်အင်တာနက်ကောင်းတယ်ပဲပြောပြော   အဲဒီလိုတောထဲမှာတော့ အင်တာနက်က မရ
ပြန်ဘူး။ အဲဒါနဲ့ ဖြူဖြူမှာ ဗီဒီယိုလေးတွေရိုက်ပြီး အိမ်ပြန်ရောက်တော့မှ ပြန်တင်ရတယ်။ ပရိသတ်ကို ကိုယ်ခံစားရသလို အပျော်တွေ ကူးစက်စေချင်တယ်။

(စပိန်၊ ဘာစီလိုနာမှာပဲ Spanish Guitar သီးသန့်ပွဲလည်း သွားကြည့်ခဲ့တယ်)

ယာဉ်မျိုးစုံလည်း စီးခဲ့တယ်
အဲဒီမှာ ဖြူဖြူပျော်ခဲ့တဲ့ နောက်ထပ်အတွေ့အကြုံတစ်ခုကတော့ ယာဉ်မျိုးစုံစီးခဲ့တာ။ မြန်မာပြည်ကနေ ပြင်သစ်သွားတာ၊ ပြင်သစ်ကနေ စပိန်သွားတာမှာ လေယာဉ်ပျံစီးတယ်ပေါ့နော်။ Clermont-Ferrand မြို့မှာ ဘတ်စ်ကားစီးတယ်။ ဒီမှာဆိုရင် ကိုယ်က အနုပညာရှင်ဖြစ်နေတော့ စီးရမှ အခက်အခဲရှိတယ်ပေါ့။ ဟိုမှာကျတော့ ကိုယ့်ကို ဘယ်သူမှမသိတဲ့ ရိုးရိုးသာမန်ပြည်သူ တစ်ယောက်အနေနဲ့ တစ်ကျပ်တန် Ticket လေး ကိုင်သွားပြီးတော့ စီးပေတော့ပဲ။ ဘတ်စ်ကားတွေကလည်း သန့်ရှင်းပြီး အေးနေတာပဲ။ အချိန်ဆိုလည်း အတိအကျပဲရောက်တယ်။ အရမ်းပျော်ဖို့ ကောင်းတယ်။ ဖြူဖြူ့တူလေးတွေနဲ့ အတူတူပတ်စီးကြတယ်။

ဓာတ်ရထား (Tramway) လည်းစီးတယ်။ အဲဒါလည်း အရမ်းပျော်ဖို့ကောင်းတယ်။ သူကမြို့စွန်နားတွေ အထိရောက်တယ်။ ပြီးတော့ မြို့ထဲမှာပဲ  ခရီးသွား Tourist တွေအတွက် မြို့ပတ်ပြီးပြတဲ့ အလှပြရထားလည်းစီးတယ်။

(စပိန်၊ ဘာစီလိုနာက ကမ္ဘာကျော်ဗိသုကာ အန်တိုနီဂေါဒီ (Antoni Gaudi) ရဲ့လက်ရာ ကမ္ဘာ့အထူးခြားဆုံးအိမ်)

မမညိုတို့မြို့ကနေ Lyon မြို့ကို သွားတော့ သူတို့နိုင်ငံက ရထားလိုင်းကိုစီးတယ်။ လီယွန်မြို့ရောက်တဲ့အခါမှာလည်း တောင်ပေါ်က ဘုရား ကျောင်းကို စီးပြီးသွားလို့ရတဲ့ Funnicular ဖျူနီကယူလာ စီးတယ်။ တောင်အောက်ကနေ တောင်ပေါ်ကို လိုဏ်ခေါင်းဖောက်ထားပြီးတော့ ဒေါင်လိုက်ကြီးတက်သွားတာ။ စပိန်မှာလည်း Mt. Serratte တောင်ကိုတက်တုန်းက အဲဒါကြီး စီးခဲ့တယ်။ ဘာစီလိုနာက အဲဒီတောင်ပေါ် ဘုရားကျောင်းကို သွားတဲ့အခါတုန်းကတော့ တောင်ကမ်းပါးကိုကပ်ပြီး အပေါ်ကိုတက်သွားတာဆိုတော့ ပြင်ပရှုခင်းတွေကိုမြင်ရလို့ ဖြူဖြူ Live လွှင့်လိုက်သေးတယ်။

နောက်ထပ်စီးခဲ့တဲ့ယာဉ်က မြေထဲပင်လယ်မှာ သင်္ဘောစီးခဲ့တာ။ ပင်လယ်ကမ်းရိုးတန်းတစ် လျှောက်မှာ တစ်နာရီလောက်ပတ်ပြီး စီးရတဲ့ အပျော်စီးသင်္ဘောပေါ့နော်။ အဲဒီမှာ အံ့သြစရာကောင်းလောက် အရမ်းလှတဲ့ ၁၀ ထပ်၊ ၁၂ ထပ် သင်္ဘောကြီးတွေ ကမ်းကပ်ထားတာတွေ့ခဲ့တယ်။ ဖြူဖြူတို့စီးတာကတော့ အပျော်စီး အလှစီးသင်္ဘော လေးပေါ့။ အရင်အခေါက်တွေတုန်းကတော့ သူတို့ရဲ့ နာမည်ကြီး စိန်းမြစ်တို့ သိမ်းစ်မြစ်တို့မှာစီးခဲ့တာပေါ့လေ။ ငယ်ငယ်က ပထ၀ီမှာသင်ခဲ့ရတဲ့ ၊ သမိုင်းမှာ သင်ခဲ့ရတဲ့ မြေထဲပင်လယ်ဆိုတာကြီးကို အခုမှရောက်ဖူးတာ။ အရမ်းလှတယ်... ပင်လယ်ကြီးဆိုတာ ပြာနှမ်းနေတာ... ကောင်းကင်ကြီးက လည်းပြာ... အဲဒီနှစ်ခုက တူတူပဲလိုပဲ။

(စပိန်၊ ဘာစီလိုနာက Sagarada Familia ဘုရားကျောင်း)

လေ့လာသင်ယူမိခြင်းများ
ဒီတစ်ခေါက်မှာ ဖြူဖြူလုပ်ဖြစ်ခဲ့တာက ထူးခြားတဲ့ပွဲလေးတွေ၊ ကိုယ့်ဘ၀မှာ တစ်သီးတစ် သန့်အနေနဲ့ သိပ်မကြည့်ဖြစ်တဲ့ပွဲလေးတွေ၊ အရမ်းရှားတဲ့ ပွဲလေးတွေကြည့်ဖြစ်တယ်။ 

ဥပမာ ပြောရမယ်ဆိုရင် Clermont-Ferrand မြို့မှာ Piano Vertical ဆိုတဲ့ပွဲ... ကရိန်း အမြင့်ကြီးပေါ်ကနေ ဇောက်ထိုးချိတ်ထားတဲ့ Piano ကို Piano ဆရာကလည်း ဇောက်ထိုးတွဲလောင်းတီးပြီး တစ်နာရီကြာလောက်ဖျော်ဖြေတဲ့ပွဲ။ သူလည်း ခါးပတ်တွေနဲ့ သေချာချိတ်ထားတာပေါ့နော်။ အဲဒီပွဲကို ကျင်းပနေတဲ့နေရာ ရင်ပြင်မှာ တစ်မြို့လုံးကလူတွေထွက်လာပြီး ကြည့်ကြတယ်။

ကြည့်တဲ့နေရာမှာ ခုံလေးတွေနဲ့ထိုင်ပြီး ကြည့်တဲ့သူရှိတယ်။ ကြမ်းပြင်ကျောက်ပြားတွေေ ပ်ါမှာ ပက်လက်လှန်အိပ်ပြီး ကြည့်တဲ့သူရှိတယ်။ ဖြူဖြူနဲ့ သီအိုဒေါလေးနဲ့ဆို ပက်လက်အိပ်ပြီး ကြည့်တာ။ အဲလိုကြည့်နေလို့လဲ ဒါကိုဘယ်သူ့ ဘယ်သူကမှ လှောင်ပြောင်သရော်တာမျိုး မရှိဘူး။ လူလူချင်းလေးစားကြတယ်။

(စပိန်၊ ဘာစီလိုနာမှာ ဖလန်မန်ဂိုကပွဲ ကြည့်ဖြစ်တယ်)

အဲ့နေရာမှာ တစ်မျိုးစဉ်းစားနိုင်တာက လူတကာသွားတဲ့ ကြမ်းပြင်ကြီးပေါ်မှာ ပက်လက်လှန်ပြီးအိပ်နေတာ မညစ်ပတ်ဘူးလားပေါ့... အဲဒီမှာ ဘာအညစ်အကြေးမှ တစ်စက်မှမရှိဘဲကို သန့်ပြန့်နေတာ။ အဲဒီပွဲပြီးသွားတဲ့ အခါမှာလည်း အမှိုက်တစ်စမှ မချခဲ့ကြတာ။ အမှိုက်တွေကို အမှိုက်ပုံးမှာပဲ စနစ်တကျပစ်သွားကြတယ်။ အမှိုက်ပုံးမဆန့်ရင်လည်း ဘေးနားလေးတွေမှာ အိတ်လေးတွေ အိတ်လေးတွေနဲ့ စည်းစနစ်ကျကျချသွားခဲ့တယ်။ ပွဲပြီးတာနဲ့ သူတို့မြို့တော်စည်ပင်က ချက်ချင်းလာသိမ်းသွားတယ်။

ပွဲကပြန်တဲ့လူတွေကလည်း အားလုံးအေးအေးဆေးဆေးပဲ ပြန်သွားကြတယ်။ သောက်စားမူးယစ်ပျော်ပါးပြီး တစ်ယောက်နဲ့ တစ်ယောက်ဆဲဆိုနေတာမျိုး တစ်ယောက်မှကိုမရှိဘူး။ အရမ်းကို အားကျအတုယူဖို့ ဂုဏ်ယူဖို့ကောင်းတယ်။ 

(ပြင်သစ်တောင်ပိုင်း၊ Gorde မြို့မှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး)

ဒါဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ စည်းကမ်း ပေါ့နော်... ဘယ်လောက်ထိ အလေးထားလဲဆိုတာ ပြတယ်။ 

တိုင်းပြည်ကို ချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်ဆိုတဲ့နေရာမှာ တခြားဟာတွေ လျှောက် အော်နေ၊ ပြောနေမှ မဟုတ်ဘူး။ ကိုယ့်ရပ် ကိုယ့် ရွာ ကိုယ့်လူမျိုးကို   ကမ္ဘာကြီးရဲ့အမြင်မှာ မြင့်မားတယ်... ယဉ်ကျေးတယ်လို့ ထားနိုင်ခြင်းကိုက အဲဒီလူတစ်ယောက်ချင်း... တစ်ဦးချင်းစီရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာ နားလည်သဘောပေါက်ရတယ်။ သိပ်ဂုဏ်ယူစရာကောင်းပါတယ်။ အဲဒါကို လေ့လာသင်ယူမိတယ်။

(ပြင်သစ်တောင်ပိုင်း၊ Provence ပြည်နယ်၊ Gorde မြို့နားက Lavender ပန်းခင်းကြီးထဲမှာပါ)

ပြည်သူများ အပန်းပြေစေရာ 
နောက်တစ်ခုကဘာရှိလဲဆိုတော့ ပြင်သစ် ပြည်မှာ နွေရာသီရောက်ပြီဆို မြို့တိုင်းမှာ မြို့တော်ဝန်တိုင်းက သူတို့ပြည်သူတွေ ပျော်ရွှင်အောင်ဆိုပြီး ရာသီဥတုကောင်းတဲ့ သောကြာည၊ စနေညလို အပတ်တိုင်းမှာ Free ပွဲတွေလုပ်ပေးကြတယ်။ ပြည်သူတွေဆီက ပိုက်ဆံတစ်ပြားမှ မယူဘူး။ ဒါပေမဲ့ အဲဒီ Artist တွေကို အဲဒီ မြို့တော်ဝန်က အနုပညာကြေး Professional Fees ကို ပေးပြီးငှားတာ။ တစ်ပတ်တစ်ခု မပျင်းရဘူး။ နောက်တစ်ပတ်ဆို ဆပ်ကပ်စသဖြင့်ပေါ့။ ဂီတနဲ့ ပတ်သက် ရင်လည်း  မြို့ရဲ့နေရာအနှံ့ လမ်းတွေတိုင်းမှာ Reggae စင်၊  Hip Hop စင် ၊ Country Rock စင်၊ Rock စင် အဲလိုမျိုးတွေနဲ့ ဖျော်ဖြေရေးတွေ လုပ်ပေးလေ့ရှိတာကို တွေ့ရပါတယ်။

(Gorde မြို့မှာ တစ်ပတ်တစ်ခါ အင်္ဂါနေ့ နံနက်တိုင်း ရွာနီးချုပ်စပ်က ဆိုင်လေးတွေနဲ့ လာရောင်းတဲ့ဈေးလေး) 

ကြုံတွေ့ခဲ့ရသမျှ စိတ်နေသဘာဝ
သူတို့ဆီက လူတွေကို ကြည့်လိုက်လို့ရှိရင် မျက်လုံးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ တွေ့ရတယ်။ စိုးရိမ်ပူပန်ကြောင့်ကြမနေဘူး။ အလုပ်များတဲ့အတွက်ကြောင့် သွက်သွက်လက်လက် လှုပ်ရှားချင် လှုပ်ရှားနေမယ်။ ဒါပေမဲ့ ကျီးလန့်စာစားဖြစ်မနေဘူး။ ကြောက်မနေဘူး။ ကိုယ့်အတွက် လုံခြံမှုမရှိဘူးဆိုတဲ့ မသေချာခြင်း၊ စိတ်မချခြင်းဆိုတဲ့အရာကို ကလေးကစ အဘိုးအဘွားတွေအထိ ဘယ်သူ့ဆီမှာမှ မမြင်ရဘူး။

(လာဗင်ဒါပန်းခင်းထဲကို နေ့တိုင်းလိုလို ရောက်နေတော့ dress အမျိုးမျိုးနဲ့ဖြစ်နေတာ...)

ငွေစကားမပြောတဲ့ ကျန်းမာရေးစောင့်ရှောက်မှု
အဲဒါဘာလို့လဲဆိုတော့ သူတို့နိုင်ငံမှာ အများကြီး ရှိမယ်ပေါ့နော်။ အဲဒီထဲမှာ ဖြူဖြူသိပ် သဘောကျတဲ့ အချက်တစ်ခုက ကျန်းမာရေးစောင့် ရှောက်မှုပုံစံပေါ့။ ဘယ်လိုရှိလဲဆိုတော့ သူတို့ နိုင်ငံသားမှန်ရင်ပဲဖြစ်ဖြစ်၊ သူတို့ဆီက PR ရထားတဲ့သူပဲဖြစ်ဖြစ်၊ နိုင်ငံသားမဖြစ်သေးရင်တောင်မှ နေထိုင်ခွင့်ရထားသူပဲဖြစ်ဖြစ်၊ သူတို့က ကဒ်တစ်ခုပေးထားတယ်။ နိုင်ငံသားတော့ တန်းမပေးဘူး နော်။ ပိုက်ဆံပေးချင်လို့လည်း မရဘူး။ အဲဒီလို အဆင့်လေးတွေတော့ ခွဲထားပေးတယ်။

အဲလိုမျိုး ကဒ်နံပါတ်တစ်ခုရထားတဲ့ သူမှာ ဘာရောဂါပဲဖြစ်ဖြစ် အဲဒီကဒ်နဲ့ပြလို့ရှိရင် အားလုံးနီးပါး အလကားကုပေးတယ်။ တကယ်လို့ သိန်းရာချီ၊ ထောင်ချီတန်တဲ့ အော်ပရေးရှင်းမျိုးနဲ့ ကုမှရမယ့် ပျောက်မယ့် ရောဂါမျိုးဆိုရင်လည်း အဲဒီအစိုးရက ကုပေးတယ်။ တစ်ကျပ်တန် ပလာစတာကနေ အဲဒီအထိကဒ်ရှိထားသူသည် ဘာမှပေးစရာမလိုဘူး။ သူ့ရဲ့ကျသင့်တာကို သူ့ရဲကုမ္ပဏီသို့ ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရကနေပြီးတော့ ဆေးရုံဆေးခန်းကို ပေးသွားတယ်။ ဒီကဒ်နဲ့ပဲ System 
ကနေ ဖြတ်ထားတာဖြစ်တဲ့အတွက် ဆေးရုံဆေးခန်းအနေနဲ့လည်း အလကားလုပ်ပေးရတာ မဟုတ်ဘူး။

(မြို့ပတ် Tourist အလှရထားစီးမလို့)

စနစ်ကျတဲ့ ၀င်ငွေရှိသူများ
အဲဒီအတွက် ဘာရှိလဲဆိုတော့ သူတို့ဆီမှာ အခွန်စနစ်ကောင်းကောင်းရှိတယ်။ လူအားလုံးက ကိုယ့်ရဲ့ဝင်ငွေပေါ် မူတည်ပြီးတော့ အခွန်မှန်မှန်ဆောင်ရတယ်။ သူတို့မှာ ပိုက်ဆံကို Card System နဲ့ပဲထားတော့ လူတွေရဲ့လက်ထဲမှာ ငွေသားမကိုင်ဘူး။ 

လကုန်လို့ လစာနှစ်ထောင်ဝင်တယ်ဆိုရင် သူနဲ့သက်ဆိုင်ရာအခွန်ကို သူ့ရာခိုင်နှုန်းကျသင့်သလောက်ဖြတ်ပြီးသား။ အိမ်ငှားနေတယ်ဆိုရင် အိမ်ငှားခကို ဖြတ်ပြီးသား။ အိမ်/ကားစသဖြင့် ၀ယ်ထားတယ်ဆိုလို့ရှိရင်လည်း Cash down ပေးရတာမျိုးမဟုတ်ဘဲ တစ်လတစ်လ လစာထဲက ဘယ်လောက်ရာခိုင်နှုန်းဖြတ်သွားပြီးမှ လစာကို အသားတင်ပေးတာ အသားတင်ပေးတာ။ ဥပမာ  ယူရို နှစ်ထောင်ရတဲ့သူက အားလုံးဖြတ်ပီးရင် ထောင့်ငါးရာခြောက်ရာလား ကျန်တယ်ပေါ့။

(ဖြူဖြူ့မမညိုနဲ့အတူ)

အရမ်းသဘောကျဖို့ကောင်းတာ နောက်တစ်ခုက အခြေခံစားသောက်ကုန်တွေကလည်း သူတို့ရတဲ့ လစာနဲ့တွက်ကြည့်ရင် အရမ်းကို သက်သာတယ်။ ကိုယ့်ဆီမှာဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လိုပေါ့... သူတို့ဆီမှာ ဂျုံ၊ ပေါင်မုန့်၊ အသား၊ ဥအမျိုးမျိုး၊ ချိစ်ပေါ့။ လူတန်းစား အားလုံးစားနိုင်တယ်။ သူတို့ဆီမှာ တရားဝင် အနည်းဆုံးဝင်ငွေက ယူရိုတစ်ထောင့်နှစ်ရာ။ ကောင်းကောင်းဝလင်နပ်မှန် အောင်စားနိုင်တဲ့ အနေအထားမှာကို ရှိတယ်။ လစာနဲ့မတော်မတရား နေ့တိုင်း Restaurant တက်ပြီး စားချင်နေလို့တော့ မရဘူးပေါ့နော်။ တရားမ၀င်ခိုလှုံဝင်နေတဲ့ သူတွေကိုတောင်မှ သူတို့အစိုးရက ဘယ်နှစ်လတန်သည် သူတို့အလုပ်မရခင်အထိ အစားကျွေးထားတယ်ဆိုတာမျိုးလုပ်တာ။

(လီယွန်မြို့က လူသားဗေဒပြတိုက် - ပုံစံက အာကာသလွန်းပျံယာဉ်ကြီးလိုပဲ ဗိသုကာလက်ရာ ထူးခြားတာပေါ့နော်)

လူလူချင်း လေးစားမှုဆိုတာ
နောက်ထပ် ဖြူဖြူအရမ်းကြိုက်တဲ့ အချက် တစ်ခုက သူတို့နိုင်ငံမှာ ဖြူဖြူအခုတွေ့ခဲ့သမျှ လူလူချင်း လေးစားကြတယ်။ ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ်၊ ဘယ်လို အ သားအရောင်ပဲဖြစ်ဖြစ် အပြင်ပိုင်း ပုံပန်းသဏ္ဍာန် 
နဲ့ လူကို မဆုံးဖြတ်ဘူး။ မခွဲခြားဘူး။  ဘာကိုသူတို့ကခွဲခြားလည်းဆို လူတစ်ယာက်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို။ အပျံစားဝတ်စားထားပါစေ... မယဉ်ကျေးတဲ့ အမူအရာမျိုးရှိတယ်။ လူမဆန်တဲ့ အပြုအမူမျိုးရှိတယ်။ အပြောအဆိုမျိုးရှိတယ်ဆို အဲဒီ
လူကို သူတို့အထင်သေး တယ်။ အဖတ်မလုပ်ဘူး။

(ပြင်သစ်နိုင်ငံ၊ လီယွန်မြို့က Miniature Museum မှာ... ရုပ်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ သိပ္ပံဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ပုံစံငယ် တွေပြထားတဲ့ ပြတိုက်ပါ)

လူဖြစ်ခြင်း ပညာတတ်ဖြစ်ခြင်းဆိုတာကို သူတို့ ဘယ်လိုသတ်မှတ်သလဲ
သူတို့ပြည်မှာ ပညာရေးဆိုတာ အတတ်ပညာတွေတတ်တာ၊ ကျောင်းတွေ တက္ကသိုလ်တွေ တက်တာကိုချည်းပဲခေါ်တာ မဟုတ်ဘူးတဲ့။ သူတို့ ရဲ့ Education ဆိုတာ လူယဉ်ကျေးနိုင်ငံသား (Civilize) ဖြစ်ခြင်းတဲ့... အဲလိုမှမဟုတ်ရင် အဲဒီ 
လူကို ပညာတတ်တယ်လို့ မခေါ်ဘူးတဲ့...ရှင်းရောပဲနော်။ ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်နေဖြစ်နေ ဒီလူ့ယဉ်ကျေးမှုကို မသိတဲ့ သူကို လုံးဝပညာတတ်လို့ မခေါ်ဘူးတဲ့။

ကလေးတွေကို  သင်ပေးတဲ့ နေရာမှာလည်း ကလေးရဲ့အဘိုးအဘွားဆွေမျိုးသားချင်းတွေသာမကဘဲ လမ်းမှာတွေ့တဲ့လူကြီးတွေကလည်း ကောင်းကောင်းမွန်မွန်ဝင်ရောက် ပြောဆိုပိုင် ခွင့်ရှိတယ်။

(လီယွန်မြို့က တောင်ပေါ်ဘုရားကျောင်း...  Funnicular စီးပြီးတက်ရတယ်)

ပြီးတော့ ကလေးငယ်ငယ်အရွယ်မှာကတည်းက ယောက်ျားလေးက ပိုအင်အားကြီးတယ်။ မိန်းကလေးက ပိုအင်အားနည်းတယ်ဆိုတာမျိုး လုံးဝအသင်မခံဘူး။ ပြင်သစ်ဘွားဘွား တစ်ယောက်ပြောတာက "ငါတို့ ပြင်သစ်လူမျိုးမှာ အမျိုး သား၊ အမျိုးသမီးခွဲခြားတာမရှိဘူး။ ပြင်သစ်ပြည်မှာ အမျိုးသားနဲ့ အမျိုးသမီးဟာ အတူတူ အခွင့်အရေးရှိတယ်" ကလေးတွေကို အဲလိုသင်တာ။ ကလေးတွေ ကစားနေလို့ ယောက်ျားလေးတစ် ယောက်က မိန်းကလေးတွေက ခွဲခြားပြီးတော့ ပြောတာ ပြုတာမျိုး အမြင်မတော်တာတွေ့ရင် အဲလိုပဲ ၀င်သင်သွားကြတာ။ ကလေးတွေ မိန်းကလေး ယောက်ျားလေး စသိလာတဲ့အချိန် ယောက်ျားလေးတွေက ပိုအင်အားကြီးတာတို့၊ မိန်းကလေးဆို ဟိုဟာမလုပ်နိုင်ပါဘူး၊ ဒီဟာ မလုပ်နိုင်ပါဘူးဆိုတဲ့ အတွေးမျိုးကို လုံးဝ အ၀င် မခံတာပါ။

(ကလဲမွန့် မြို့ကနေ လီယွန်မြို့ကို ရထားစီးနေတာ)

ဥရောပရဲ့ ခရီးသွားခြင်း
သူတို့နိုင်ငံမှာ အလုပ်လုပ်တဲ့သူ မည်သူမဆို တစ်နှစ်မှာ ငါးပတ်ခွင့်နဲ့ အပန်းဖြေခရီး သွားခွင့်ရှိတယ်။ မသွားလို့မရဘူး။ သူတို့အစိုးရကလည်း Private Company မှာ လုပ်နေလုပ်နေ၊ Public ဆိုင်ရာမှာ လုပ်နေလုပ်နေ အတင်းကို ပေးသွားတာ။ ဘာလို့လည်းဆိုတော့ ဒါဟာတစ်နှစ်ပတ်လုံးအတွက် အနားယူတာ။ ဦးနှောက်ဆေးရမယ်။ Refresh ဖြစ်အောင်လုပ်ရမယ်။ အဲလိုမလုပ်လို့ ရှိရင် အလုပ်မှာငြီးငွေ့မှုတွေ၊ မှားယွင်းမှုတွေ၊ စိတ်ကူးဖန်တီးမှု မလုပ်နိုင်တော့တာမျိုးတွေ အဖြစ်
မခံနိုင်ဘူး။ အဲဒီအတွက် အလုပ်လုပ်သူတိုင်းကို ခွင့်ငါးပတ်ပေးတယ်။ ယူတဲ့သူက ငါးပတ်စလုံး ယူချင်ယူ၊ နှစ်ပတ်စီ ခွဲပြီးယူချင်ယူပေါ့။ အဲဒါလေးတွေ တွေ့လာတာ အရမ်းသဘောကျတယ်။

(ကလဲမွန့် အော်ပရာဇာတ်ရုံမှာ ကပွဲသွားကြည့်ဖြစ်ခဲ့စဉ်)

ဖြူဖြူ ခုလိုကြုံတွေ့လာတာတွေကတော့ သေးသေးလေးပဲ။ သာမန်လူတစ်ယောက်အနေနဲ့  သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာလေးကို တွေ့လာပြီးတော့ သူတို့နည်းတူ ပျော်ရွှင်စွာနဲ့ ခံစားခဲ့တယ်။ အဲဒီလို ခံစားနိုင်မှုဆိုတာ ဘယ်ကလာလဲ ဆိုတော့ မှန်ကန်စနစ်ကျမှုကလာတယ်။ ဒါဟာ နိုင်ငံရဲ့ အုပ်ချုပ်မှုပုံစံ မှန်ကန်စနစ်ကျတယ် ဆိုတာကို ပြတာ။ သူတို့ဆီက လူတွေကို ကြည့်လိုက်ရင်လည်း လူတွေက ပျော်ကြတယ်။

(ဒါက ဓာတ်ရထား (Tramway) စီးနေတာပါ)

ခရီးသွားခြင်းနဲ့ ဖြူဖြူ့အလေ့အထ
အရင်ကဆို ခရီးတွေရောက်ရင် ဟိုဟာလျှောက်ဝယ် ဒီဟာလျှောက်ဝယ်ပေါ့။ ဘာကို အဓိကထားပြီး ၀ယ်ရမယ်ဆိုတာမသိဘူး။ အခုဆိုရင် ဘာကိုအဓိကထားပြီး အမှတ်တရဖြစ်အောင် ယူရမလဲပေါ့နော်... ဓာတ်ပုံရိုက်တယ်။ ပရိသတ်နဲ့ပါ အမှတ်တရလေးဖြစ်အောင် Fb မှာ ဖြူဖြူ့ Official Page လေးရှိတော့ Live လေးတွေ လွှင့်တယ်။ 

(Phyu Phyu ♥ Cherry)

သူတို့လည်း တစ်ခါတည်း တန်းကြည့်ရတယ်။ အခုဆို ရောက်တဲ့ နေရာတိုင်းမှာ ရနိုင်မယ်ဆိုလို့ရှိရင် ပုံစံငယ်သံလိုက်ရုပ် Magnet လေးတွေဝယ်တယ်။ အခု ဖြူဖြူ ရေခဲသေတ္တာမှာ ကပ်ထားတယ်။ ဒီတစ်ခေါက်စပိန်ရောက်တော့ Sagrada Familia ဘုရားကျောင်းမှာ Magnet လေးတွေ ၀ယ်လိုက်တယ်။ ဒီနေရာကိုယ်ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်တရလေးပေါ့နော်။ အဲဒီ နေရာရောက်မှ ရနိုင်တယ်။ လက်ဆောင်လေးတွေလည်း ပေးလို့ရတယ်ပေါ့နော်။ 

(တူလေးကို ကျောင်းပို့ ကျောင်းကြို)

ခရီးတစ်ခုရောက်တိုင်း မလုပ်မဖြစ်လုပ်လေ့ရှိတာ
မလုပ်မဖြစ်လုပ်တာက ဘုရားကို ကျေးဇူးတင်တယ်လို့ ပြောဖြစ်တယ်။ ကိုယ်အသက်ရှင် နေတုန်းမှာ ဒီနေရာလေးတွေကို  မျက်ဝါးထင်ထင် မြင်ခွင့်ရတာ အဲဒီအတွက် ဘုရားကိုကျေးဇူးတင်တယ်။ နောက်ပြီး ကိုယ့်နဲတူတူသွားတဲ့သူ၊ ကိုယ့်ကို 
လိုက်ပို့ပေးတဲ့သူ (ဥပမာ ဒီခရီးမှာဆို မမညိုတို့ကိုပေါ့နော်) တွေကို သေသေချာချာ ဂရုတစိုက်ကျေးဇူးတင်ကြောင်းကို ပြောဖြစ်ပါတယ်။ 

(ကလဲမွန့်မြို့က Pyude Dome ဖီးဒီဒွန်းမ် မီးတောင်သေပေါ်မှာ ရှုခင်းအရမ်းလှတယ်)

ခုလို ဖြူဖြူရဲ့ ခရီးသွားအတွေ့အကြုံ မျှဝေခြင်းတွေဟာ အားပေးဖတ်ရှုခဲ့ကြတဲ့ စာချစ်သူပရိသတ်များအား တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကျေနပ်နှစ်သက်မှုနဲ့ အထွေထွေ ဗဟုသုတအချို့ကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံ ကြည်ရင်း People ကို အမြဲတမ်းချစ်ခင်စွာ ကူညီလက်တွဲလေ့ရှိတဲ့ ဖြူဖြူနဲ့ အစဉ်အမြဲ အားပေးလျက်ရှိတဲ့ ချစ်ပရိသတ်အားလုံးကို  ကျေးဇူးအထူးတင်ရှိပါကြောင်း….။