Photographer ခရီးသွား ရိုက်ချက်များ

ရှုမောမဆုံးဖွယ်လှပခြင်းများနဲ့ သဘာဝရဲ့လက်ဆောင်တွေထဲကို ခရီးသွားကြည့်ဖို့အတွက် ဓာတ်ပုံဆရာတစ်ဦးရဲ့ခရီးသွားရိုက်ချက်များထဲသို့ ရွက်လွှင့်ဖြစ်ခဲ့ပါတယ်။
သဘာဝအတိုင်းတည်ရှိနေတဲ့ ရှုမျှော်ခင်းမြင်ကွင်းတွေဟာ ဓာတ်ပုံဆရာရဲ့အိုင်ဒီယာနဲ့ ကင်မရာအယူအဆတွေကြားမှာ သက်ဝင်ထင်ရှားလှပတဲ့ ရသတွေကို မည်ကဲ့သို့ ဖော်ကြူးခဲ့ကြပါသလဲ...။
ခရီးချစ်သူတို့နဲ့အတူ လိုက်ပါခံစားစီးမျော ကြည့်ရအောင်...။

ပြည်မြို့ရဲ့ကျက်သရေဆောင် နိုင်ငံကျော်ထင်ရှား ပြည်ရွှေဆံတော်စေတီဘုရားကို ဖူးမြင်နေရတဲ့ ဒီဓာတ်ပုံကို  ကိုဖြိုးမင်းဇော် (ဓာတ်ပုံ - P.M.ZAW PAPARAZZI ) ဟာ ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဖြိုးမင်းဇော်ဟာ ၂၀၁၃ မှာ ဓာတ်ပုံလောကကို စတင်ဝင်ရောက်ခဲ့ တာဖြစ်သလို ဒီဓာတ်ပုံလေးကနေ ဖြိုးမင်းဇော် စဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

၂၀၁၃ မှာ ၁၅၀၀ တန်ဆင်းမ်ကဒ်တွေ မပေါ်သေးတဲ့အတွက် Fb user တွေ ခုလောက်များများ မရှိသေးချိန်မှာ ဒီပုံလေးအတွက်ရရှိခဲ့တဲ့ Like 500 ကျော်ဟာ အလွန်များပြားခဲ့တယ်ဆိုနိုင်ပြီး ပြည်မြို့က Fb အသုံးပြုတွေရဲ့ Cover Photo အဖြစ် ချိန်းခဲ့ကြတဲ့အတွက် ပုံတင်တဲ့နေ့ရဲ့ Photo of the Day အဖြစ် အမှတ်တရဖြစ်ခဲ့ရသလို ပြည်မြို့ဇာတိဖွား ပြည်မြို့သားတစ်ယောက်အနေနဲ့  ပြည်ရွှေဆံတော် နဲ့ ဧရာဝတီရဲ့မြင်ကွင်းနဲ့ စတင်ခဲ့တဲ့ ပုံရိပ်ဟာ တစ်သက်တာအတွက် အမှတ်တရ မှတ်တိုင်လည်း ဖြစ်ခဲ့ပါတယ်။ ဒီပုံလေးကိုရရှိဖို့အတွက် ပြည်မြို့တစ်ဖက်ကမ်း၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ နဝဒေးတံတားထိပ်နေရာကနေ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ အောက်တိုဘာ၊ နံနက် ၁၁: ၁၅အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး တိမ်သာတဲ့နေ့တစ်နေ့ဖြစ်ခဲ့တဲ့အတွက် မိုးအုံ့ပြီး သစ်ပင်အုပ်လေးတွေပေါ်မှာ မြုဆိုင်းနေတဲ့ မြင်ကွင်းကို အမိအရရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ကြည်လင်စိမ်းမြနေတဲ့ ရေပြင်နဲ့ သစ်ပင်စိမ်းစိမ်းတွေကြားက  ထူးခြားလှပတဲ့ ခုလိုပုံရိပ်လေး ကို ရရှိဖို့အတွက် ခရီးသွားရိုက်ကူးခဲ့တာကတော့ မန္တလေးက ဒုဋ္ဌ၀တီမြစ်ထဲမှာပါ။ မြစ်တစ်ဖက်ကမ်းက သစ်ပင်ကြီးတွေဆီကိုရောက်ဖို့ လှေနဲ့ကူးပြီး
မင်္ဂလာမောင်နှံကိုသစ်ပင်ပေါ်တင်ပြီး ဓာတ်ပုံဆရာက မြစ်အလယ် လှေပေါ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ စွန့်စွန့်စားစားသွားရောက် ရိုက်ကူးခဲ့ရတာနဲ့တန်တယ်လို့ ခံစားမိစေပါတယ်။

ကန်ထဲမှာ ကြာပန်းတွေအပြည့်နဲ့ ရေပြင်ညီ ရိုက်ချက်ရအောင် တစ်ဖက်လှေထဲကနေ ၀မ်းလျားမှောက်ရိုက်ကူးခဲ့တဲ့ပုံလေးလို့ သိရပါတယ်။ နေရာကတော့ ပြည်မြို့နယ်၊ ၀က်ထီးကန်က ကြာတွေအပြည့်ရှိတဲ့ ရေကန်မှာ သွားရောက်ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံဆရာရဲ့ သီးခြားခံစားချက်အရ ခဏခဏရောက်လည်း ခဏခဏထပ်သွားချင်တဲ့နေ ရာ၊ ဘယ်နှစ်ခေါက်သွားသွား မရိုးတဲ့နေရာက  ငွေဆောင်ကမ်းခြေလို့ ဆိုပါတယ်။ ပင်လယ်ရှုခင်းတွေကို ရိုက်ကူးရတာ နှစ်သက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


ဒီပုံရိပ်တွေကတော့ ငွေဆောင်က ငှက်ကျွန်းတစ်ခုလုံးကို မြင်တွေ့ရဖို့အတွက် ကောင်းကင်ကနေ Drone နဲ့လွှတ်တင်ပြီး ရိုက်ကူးခဲ့တာပါ။ ဓာတ်ပုံဆရာရှိနေတဲ့ နေရာကတော့ ကျွန်းအနီးမှာ ဆိုက်ကပ်ထားတဲ့ လှေငယ်တစ်စီးပေါ်ကနေပဲ ဖြစ်ပါတယ်။ 
ငှက်ကျွန်းဟာ ပင်လယ်ထဲမှာရှိတဲ့ တောင်ကြီးတစ်တောင်ရဲ့ တောင်ထိပ်ဖျားနေရာဖြစ်တယ်လို့ သိရပါတယ်။

ငွေဆောင်ကမ်းခြေကို အပန်းဖြေထွက်ဖြစ်ခဲ့တဲ့ ခရီးတစ်ခုမှာ ညနေဆည်းဆာချိန်နဲ့ မော်ဒယ်လ်သရုပ်ဆောင် မိုးမြင့်သဇင်ကို Snap Shot လေးတွေ ရိုက်ကူးဖြစ်ခဲ့တဲ့ ပုံရိပ်လေးတချို့ပါ။ ညနေအပြန် ကမ်းစပ်မှာ ဆိုက်ကပ်ထားတဲ့ တံငါလှေလေးတစ်စီးပေါ်မှာလည်း မထင်မှတ်ဘဲ ရိုက်ကူးဖြစ်ခဲ့တယ်။

အေးမြတ်သူရဲ့ Personal Photographer လည်းဖြစ်တဲ့အတွက် အေးမြတ်သူနဲ့အတူ ခရီးစဉ်တွေမှာ လိုက်ပါရိုက်ကူးခဲ့တဲ့ အမှတ်တရ Sanp Shot ပုံရိပ်လေးတွေပါ။ 
ဘန်ကောက်ခရီးမှာ အေးအေးဆေးဆေးလျှောက်လည် လျှောက်သွားနေတဲ့ အေးမြတ်သူရဲ့ မိတ်ကပ်မပါတဲ့ သဘာဝအလှ လျှပ်တစ်ပြက်ရိုက်ချက်တချို့...။

ပြင်ဦးလွင်က ဒီဇင်ဘာခြံထဲမှာ..။


ဒီပုံလေးတွေကတော့ ပြင်ဦးလွင်၊ ရတနာပုံ ဆိုက်ဘာစီးတီးမှာ အေးမြတ်သူကားရိုက်နဲ့ သွားတုန်း ရှုတင်နားတဲ့အချိန် အမှတ်တရ Snap Shots


ဒါလည်း ပြင်ဦးလွင် ဆိုက်ဘာစီးတီးမှာပဲ...ဓာတ်ပုံဆရာနဲ့ မင်းသမီးအမှတ်တရ... ။


ဒီပုံလေးကတော့ သင်္ကြန်တစ်နှစ်မှာ အေးမြတ်သူအရမ်းပေါက်ခဲ့တဲ့ပုံလေး။ မရည်ရွယ်ဘဲ အေးမြတ်သူက သူတို့နေတဲ့ ရွှေဂုံတိုင်တိုက်ရှေ့က အုန်းလက်မဏ္ဍပ်လေးမှာ ရေကစားတုန်း သင်္ကြန်ဆိုတော့ ကင်မရာရေစိုမှာစိုးလို့ အဝေးကြီးကနေ ရိုက်ပေးခဲ့ရတာ။ ကျွန်တော်ရိုက်တာကို သူမသိခဲ့ဘူး။ အဲဒီပုံလေးတွေ Fb တင်တော့ ပရိသတ်ကြားမှာ အရမ်းပေါက်သွားခဲ့တယ်။ 

တမူးနယ်စပ်ကို နိုင်ငံခြားသား ဧည့်သည်တွေနဲ့ Tour Trip ထွက်တုန်းက လမ်းပေါ်မှာ နွားလှည်းလေးလည်း တက်လာတုန်း ဟိုးအဝေး က တောင်ပြာပြာတွေနဲ့ လယ်ကွင်းအစိမ်းရောင်ရဲ့ကာလာကလည်း ထင်ရှားပြတ်သားနေတာ အရမ်းလှတာနဲ့ ရိုက်ကူးထားလိုက်တဲ့ပုံပါ။ ဒီပုံထဲမှာမြင်ရတဲ့ရှုခင်းကာလာက အပြင်မှာမြင်ရတဲ့ သဘာဝကာလာအတိုင်းပါပဲ။ ဘာမှမပြောင်းထားပါဘူး။


ဆောင်းရာသီနေ၀င်ချိန်မှာ ပသိချောင်းမှာ မီးခိုးလေးတွေနောက်ခံလွှတ်ပြီး ရိုက်ကူးခဲ့တာပါ။

သံတောင်ကြီးရဲ့တစ်နေရာမှာ...

နော်ဘူဘောတောင်ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ အလှပုံရိပ်တစ်ခု
ဓာတ်ပုံဆရာဟာ ၂၀၁၅ ခုနှစ်က စတင်ပြီး Miss Universe Pyay Organization ရဲ့ City Director အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ဒီပုံရိပ်လေးတွေကတော့ တောင်ငူခရီးမှာ သံတောင်ကြီး၊ နော်ဘူဘောတောင်ပေါ်နဲ့ ပသိချောင်းနေရာတွေမှာ Miss Universe Taungoo 2016 အိစက်မွန် သွားရောက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ပုဂံကို ခရီးသွားပြီးရိုက်ကူးထားတဲ့ ပုံရိပ်လေးတစ်ခုပါ။ ဓာတ်ပုံဆရာဟာ Wedding Photo Studio ဖွင့်လှစ်ထားပြီး One-Stop Service ပေးလျက်ရှိတဲ့အတွက် ခရီးသွား Pre Wedding ပုံရိပ်လေးတွေကိုလည်း များစွာတွေ့ရပါတယ်။  ဒီပုံရိပ်လေးမှာတော့ ပုဂံရဲ့ ရသ၊ ပုဂံရဲ့အရသာကို မြင်တွေ့နေကျထဲက ကွဲထွက်ပြီး ထူးထူးခြားခြားလေး ခံစားမိစေပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီကို ဓာတ်ပုံသင်တန်းသွားတက်စဉ်က သင်တန်းဆရာစီစဉ်ပေးတဲ့ ထိုင်းမော်ဒယ်လ်နဲ့ သင်တန်းသားတွေအားလုံး ရိုက်ကူးခဲ့ကြတဲ့ အမှတ်တရပုံလေးပါ။ မြစ်ရေရဲ့အရောင်ကတော့ အပြင်မှာ အဲလောက်ကြည်လင်မနေဘူး။ တိမ်အရိပ်လေးတွေထည့်ပြီး ပြန်ပြင်ထားတာပါ။

ဒီပုံလေးကလည်း ခရီးသွားရိုက်ချက် လေးတစ်ခုပဲ ဖြစ်ပါတယ်။ နေရာလေးကတော့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက မိုးထိတောင် မှာ ဖြစ်ပါတယ်။ Miss Universe Pyay 2016 အိအိငြိမ်းနဲ့ သာယာလွန်းတဲ့ တောင်ပေါ်ရှုခင်းကို ပေါင်းစပ်ထားတဲ့ ရှုမောမဆုံးဖွယ် လှပလွန်းတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။


ခုလို သဘာဝရဲ့အလှတရားတွေနဲ့ ဓာတ်ပုံဆရာရဲ့စိတ်ကူးတွေပေါင်းစပ်ထားတဲ့ ခရီးသွားရိုက်ချက် အရောင်အသွေးစုံစုံ ပုံရိပ်များကို ကြည့်ရှုရင်း ခရီးချစ်သူပရိသတ်များအားလုံး သာယာပျော်ရွှင်အေးချမ်းခြင်းတွေ ရရှိခံစားနိုင်ပါစေလို့ People မဂ္ဂဇင်းက ဆန္ဒပြုတင်ဆက်လိုက်ပါတယ်ရှင်။