ကျန်းမာပျော်ရွှင် ခရီးစဉ်ဖြစ်စေဖို့

အားလပ်ရက် အပန်းဖြေခရီးဆိုတဲ့ စကားစုလေးကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အားလပ်ရက် ဆိုတဲ့အတိုင်း များမြောင်လှတဲ့ အမျိုးမျိုးသော အလုပ်ကိစ္စတွေကို နောက်ကြောင်းအေးအေး ပစ်ထားခဲ့နိုင်ဖို့  အခြေအနေ အချိန်အခါ ပြည့်စုံနေတဲ့ ကာတစ်ခုလိုပါတယ်။

အကြောင်းကတော့ သတ်မှတ်ထားရှိတဲ့ အများပြည်သူ အားလပ်ရက်တွေဟာလည်း တချို့သောသူများအတွက် အမှန်တကယ် အလုပ်အားလပ်ရက်ဖြစ်ချင်မှ ဖြစ်နေတတ်လို့ပါပဲ။

အပန်းဖြေခရီးဆိုရာမှာတော့ ကိုယ်ရောစိတ်ပါ အမှန်တကယ်အပန်းပြေပြီး ပင်ပန်းမှုအပေါင်းကို ဖြေဖျောက်နိုင်မယ့် ခရီးဖြစ်ဖို့လိုပါပြီ။  မိမိရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေ၊ ငွေတွေကို ရင်းနှီးပြီးမှ သွားခွင့်ရတဲ့ခရီးဟာ ထပ်မံပင်ပန်းတဲ့ ခရီးမျိုးဖြစ်မသွားရစေဖို့ ကြိုတင်လေ့လာ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ခရီးနေရာတစ်ခုကို ရွေးချယ်ပြီး သွားမယ်လို့ စတင်စဉ်းစားလိုက်တာနဲ့ ပြည့်စုံလုံလောက်တဲ့ ငွေကြေးပမာဏ၊ စိတ်တူကိုယ်တူ ခရီးဖော်ရှိပြီဆိုရင် အခြေခံအားဖြင့် ခရီးရောက်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။ ဆက်လက်ပြီး ကြိုတင်ပြင်ဆင် လေ့လာစရာတွေကတော့ သွားရောက်မယ့်ဒေသရဲ့ ရာသီဥတုအခြေအနေ၊ တည်းခိုနေထိုင်စရာ ရွေးချယ်မှု၊ သွားရောက်မယ့် ခရီးလမ်းပုံစံ၊ စိတ်ဝင်စားဖွယ်ရာ အထင်ကရ သွားလာလည်ပတ်စရာ နေရာတွေအကြောင်း၊ ဗဟုသုတသစ်၊အတွေ့အကြုံသစ်တွေ ရယူနိုင်မယ့် ဆောင်ရွက်နိုင်စရာ ကိစ္စရပ်တွေအကြောင်းနဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ခရီးစဉ်အစအဆုံး အပျော်ဆုံးဖြစ်စေဖို့ သတိပြုဆင်ခြင်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ် ။

ဒီနေရာမှာ အဓိကထားပြီး ဖော်ပြချင်တာကတော့ ခရီးထွက်ရာမှာ အစားအသောက် အနေအထိုင် မှားယွင်းမှုကြောင့် ထိခိုက်လေ့ရှိတတ်တဲ့ ကျန်းမာရေးကို ဂရုပြုစောင့်ရှောက်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

* ခရီးသွားချိန်ဟာ ကာလတိုလေး ဖြစ်မယ်ဆိုရင်တောင် အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးကိုနည်းနည်းမှ လျှော့မတွက်မိဖို့ သတိပြုပြီး မိမိရဲ့ အစီအစဉ်မှန်သမျှကို တတ်နိုင်သမျှ ပုံမှန်ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါတယ်။

* ဗီတာမင်အားဆေးကဲ့သို့ နေ့စဉ်ပုံမှန်မှီဝဲသောက်သုံးလေ့ရှိတဲ့ ဆေးဝါးများနဲ့အတူ မူးမော်အော့အန်တတ်သူဆိုရင်လည်း လိုအပ်တဲ့ဆေးဝါးတွေကို မမေ့မလျော့ ယူဆောင်သွားသင့်ပါတယ်။

* အချိန်ကြာကြာစီးပြီး သွားရတဲ့ခရီးလမ်းမှာ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပြီး သွေးလှည့်ပတ်မှုကောင်းအောင် ဆောင်ရွက်သင့်ပါတယ်။ အချိန်တော်တော်များများကို ထိုင်လျက်၊ အိပ်လျက်လိုက်ပါသွားတာမျိုးထက် အခါအခွင့်သင့်ရင် သင့်သလို ခြေဆန့်လက်ဆန့် ပြုလုပ်ပေးတာမျိုး လမ်းထလျှောက်ပေးတာမျိုးကို ဆိုလိုပါတယ်။

* ပင်ပန်းနွမ်းနယ်မှုတွေ မဖြစ်ရလေအောင် ရေကိုပုံမှန်သောက်ပေးနေဖို့ လိုပါတယ်။  ရေဆာတာဟာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်တာကြောင့် ရေဆာတယ်လို့ ခံစားလာရတဲ့အထိမနေဘဲ ရေကိုမှန်မှန်သောက်ပေးသင့်ပါတယ်။

* ထို့အတူပါပဲ။ အဆာလုံးဝမခံရဖို့လည်း ကြိုတင်ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ လမ်းခရီးမှာ စားချင်တာမတွေ့လို့ မစားဘဲနေရတာ ဒါမှမဟုတ် စားကြည့်ကာမှ အရသာမတွေ့လို့ စားမ၀င်ဘဲ အဆာခံနေရတာမျိုးတွေ မကြုံရစေဖို့အတွက် မိမိနှစ်သက်ရာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးကို ကြိုတင်ပြင်ဆင် ယူဆောင်သွားသင့်ပါတယ်။

   ဆက်လက်ပြီး ခရီးသွားတွေအတွက် ရောဂါပိုးမွှားကူးစက်ခြင်း အန္တရာယ်ကို လျှော့ချပေးနိုင်ဖို့ ကြိုတင်ကာကွယ် လုပ်ဆောင်နိုင်မယ့် အချက်တွေကိုလည်း လေ့လာကြည့်ကြပါမယ်။

* နယ်မြေစိမ်းမှာ ရေစိမ်း (ကြိုချက်မထားတဲ့ရေ) သောက်ခြင်း၊ ရေစိမ်းနဲ့ သွားတိုက်ပလုတ်ကျင်းခြင်းကို ရှောင်သင့်ပါတယ်။

* ရေစိမ်းရေခဲသုံးပြီး အအေးသောက်ခြင်း။ ယမကာသောက်ခြင်းကို ရှောင်သင့်ပါတယ်။

* နယ်မြေဒေသစိမ်းတစ်ခုကိုရောက်နေချိန်မှာ ကြိုချက်ပြီးသားရေ၊ ရေခဲကို အသုံးပြုခြင်းကသာ စိတ်ချရမှုအရှိဆုံး ဖြစ်ပါတယ်။

* တချို့အသီးတွေဟာ အခွံမခွာဘဲ စားသင့်တယ်ဆိုပေမဲ့ ခရီးထွက်ချိန်မှာတော့ အခွံမခွာဘဲ သစ်သီးစားခြင်းကို ရှောင်သင့်ပါတယ်။ ဘယ်သစ်သီးကိုပဲစားစား မိမိကိုယ်တိုင် သန့်ရှင်းစွာ အခွံခွာပြီးမှသာ စားသင့်ပါတယ်။

* ထို့အတူ ဟင်းသီးဟင်းရွက်တွေကိုလည်း အစိမ်းစားခြင်းမှ ရှောင်သင့်ပါတယ်။ဂနို့အစိမ်း၊ အသားစိမ်း၊ ငါးစိမ်း မကျက်တကျက်များ စားသောက်ခြင်းကို ရှောင်သင့်ပါ။

* ခရီးစဉ်ရွေးချယ်တဲ့အခါ အင်းဆက်ကိုက်ခဲမှုကြောင့် (ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်စတဲ့) ရောဂါဖြစ်ပွားနိုင်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

* မဖြစ်မနေသွားမယ်ဆိုရင်လည်း အင်းဆက်ကာကွယ်ဆေးကို အပါသယ်ဆောင်သွားဖို့မမေ့သင့်ပါ။

* ပိုးမွှားကိုက်ခဲခြင်းရန်မှ ကာကွယ်နိုင်မယ့် လုံခြုံတဲ့ အ၀တ်အစားမျိုးကို ယူဆောင်သွားသင့်ပါတယ်။

* တတ်နိုင်မယ်ဆိုရင် မိမိရဲ့အ၀တ်အစားတွေကို အင်းဆက်ကာကွယ်ဆေးရည် စိမ်ပြီး အသုံးပြုသင့်ပါတယ်။

* အိပ်ယာ၊ ခြင်ထောင်အသုံးအဆောင်တွေကိုလည်း ဆေးရည်စိမ်သုံးသင့်ပါတယ်။ဂအင်းဆက်အကိုက်မခံရအောင် လှုပ်လှုပ်ရှားရှား သတိထားနေရမှာ ဖြစ်သလို မိမိရဲ့အသားအရေကို ပုံမှန်သတိထား စစ်ဆေးနေဖို့လည်း မမေ့သင့်ပါ။

* မြေကြီးထဲက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် မြေကြီးပေါ်မှာ ဖိနပါမပါ ခြေဗလာနဲ့ လျှောက်မသွားမိစေဖို့ သတိပြုပါ။

* ညနေမှောင်စပြုချိန် ရောက်လာတဲ့နောက်ပိုင်းမှာ အပြင်ထွက်နေထိုင်ခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

* ငှက်ဖျားကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးထိုးနှံသွားဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာစွာကြိုတင် ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

ဖော်ပြပါအချက်တွေကို ဆောင်ရွက်ခြင်းဖြင့် အင်းဆက်အမျိုးမျိုးရန်မှ ကာကွယ်နိုင်မယ့်အပြင် ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်တစ်ကောင်အကိုက်ခံရရာမှ ဖြစ်ပွားလာတဲ့ ငှက်ဖျားရောဂါရဲ့ ပြင်းထန်မှုနဲ့ ပျံ့နှံ့လွယ်မှုကို နားလည်ထားပြီး ဖြစ်တဲ့အလျောက် ခရီးသွားခြင်းကြောင့် ငှက်ဖျားမဖြစ်ရလေအောင်လည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုလို ယေဘုယျအကြံပြုချက်လေးတွေကို လိုအပ်သလိုအသုံးပြုရင်း အမှန်တကယ် လွတ်လပ်ပျော်ရွှင်ရတဲ့ ခရီးတစ်ခုကို လုံခြုံစိတ်ချမှုနဲ့ တည်ဆောက်နိုင်စေဖို့ ဆန္ဒပြုတင်ဆက်လိုက်ရပါတယ်။