Percy Jackson: Sea of Monsters

Monday, January 6, 2014

ဒါက “ပါစီဂျက်ဆင်”ဇာတ်လမ်းတွဲလို့ ဆိုရမယ်။ ၂၀၁၀ ခုနှစ်က “ပေါက်” ခဲ့တဲ့ Percy Jackson & the Olympians: The Lightning Thief ရဲ့ “အရှိန်ဆက်” ဇာတ်ကားကောင်းမို့လို့ပါပဲ ။ခေါမ ဒဏ္ဍာရီနတ်ဘုရားအနွယ် “လူတဖြစ်လဲ” Half-blood လူငယ်လေး တွေရဲ့ စွန့်စားခန်း ဇာတ်ကား။

 “အင်နာဘက်သ်”၊ “လျုခ်”၊ “ဂရိုဗာ”နဲ့ “သာလီယာ”တို့ရဲ့ ငယ်စဉ်အချိန်နောက်ခံနဲ့ ဇာတ်လမ်းစတယ်။ သူတို့က လူတဖြစ်လဲ “စခန်း”ဆီအပြေးသွားနေကြတယ်။ သူတို့ကို ဒဏ္ဍာရီသတ္တ၀ါဆိုးကြီးတွေက ထပ်ချပ်လိုက် တိုက်ခိုက်ကြတယ်။ အခြားသူတွေ စခန်းထဲ ရောက်စေဖို့ သာလီယာတစ်ယောက် အသေခံပေးလိုက်ရတယ်။ သူ့အဖေနတ်ဘုရား “ဇီယူးစ်”က သူ့ကိုထင်းရှူးပင်အဖြစ် ပြောင်းလဲပေး လိုက်တယ်။ နောက်ထပ်လူတဖြစ်လဲလေးတွေသာ လီယာ့လို ကြမ္မာဆိုးမျိုးမကြုံစေရအောင်လို့လည်း “သာလီယာထင်းရှူးပင်” ရှင်သန်နေသရွေ့ စခန်းလုံခြုံစေလို့ တန်ခိုးနဲ့အကာအရန် လုပ်ထားပေး လိုက်တယ်။

မြင်ကွင်းက စခန်းအတွင်းက ပါစီ့ထံပြောင်းသွားတယ်။ သူကအခြားစခန်းသူတစ်ဦးဖြစ်သူ “ကလာရီဆေး-လာ-ရူး”နဲ့ ပြိုင်ပွဲတစ်ခု မှာရှုံးလို့ ခိုင်းသမျှလုပ်ပေးရမယ့် အခြေအနေဆိုက်နေတယ်။ ဒီအချိန်မှာ “ဆိုင်ကလော့ပ်စ်” လို့ခေါ်တဲ့ မျက်စေ့တစ်လုံးထဲပါတဲ့ ဘီလူး တစ်ကောင်စခန်းထဲကို ဖောက်ဝင်လာလို့ စခန်းမှူး “မစ္စတာဒီ”နဲ့ “ချိုင်ရွန်”တို့က အကြောင်းရင်းသိရအောင် စေ့ငှကြရတယ်။ အဲဒီဆိုင်က လော့ပ်စ်ကပါစီ့ညီမ၀မ်းကွဲ “တိုင်ဆန်” ဖြစ်နေတာတွေ့ကြရတယ်။ စခန်းသားတွေက ပါစီတို့ညီနောင်ကို ဆွဲသွင်းကြတုန်းမှာပဲ “ကောလ်ချစ်နွားသိုး” လို့ခေါ်တဲ့သတ္တ၀ါကြီးက စခန်းကိုဝင် တိုက်တယ်။ ပါစီလည်း အန်နာဘက်သ်၊ တိုင်ဆန်၊ ကလာရီဆေးတို့ရဲ့ အကူအညီနဲ့ အနိုင်ပြန်တိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ လျုခ်ပေါ်လာပြီး “ပိုဆိုက်ဒွန်”ရဲ့ သားဖြစ်တဲ့တိုင်ဆန့်ကို သူ့ဆီလွှဲပေး ဖို့အပြင်းအထန်တောင်းဆိုတယ်။ ပါစီကငြင်းလိုက်တော့ လျုခ်ပြန်ကွယ်ပျောက်သွားတယ်။

သာလီယာထင်းရှူးပင်တော့ တစ်နည်းတစ်ဖုံအဆိပ်သင့်နေပြီဖြစ်ကြောင်းနဲ့ သူတို့လည်းအကာအကွယ်မဲ့နေပြီဆိုတာ စခန်းသား တွေ သဘောပေါက်လာကြတယ်။ ချိုင်ရွန်အပါအ၀င် အကြားအမြင် ဆရာတွေဆီက တစ်ဆင့်အဖြေရှာကြရတယ်။ သူတို့က “အိုလင်း ပတ်စ်” နတ်ပြည်ရဲ့ အနာဂတ်ရေးဟာ ပါစီနဲ့တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာ သိထားကြတယ်။

ယီယာထင်းရှူးပင်ကို “ရွှေသိုးမွှေး”နဲ့သာ ပြန်ကုစားနိုင်မယ်ဆိုတဲ့အဖြေကို ရလိုက်ကြတယ်။ ဒါပေမယ့် ရွှေသိုးမွှေးက ဆိုင်က လော့ပ်စ်စံနန်းမှာရှိနေပြီး အဲဒီစံနန်းကလည်း “မိစ္ဆာကောင်ကြီးများရဲ့ပင် လယ်”ဆိုတဲ့ နေရာမှာရှိနေတယ်။

ရွှေသိုးမွှေးကို သွားရှာကြမယ်ဆိုတော့ မစ္စတာဒီက “ကလာရီဆေး”ကို ဦးဆောင်ခိုင်းတယ်။ ပါစီတို့ ဘယ်လိုပြောပြောမရဘူး။ ပါစီလည်း ကလာရီဆေးကိုဘေးကကူရင်း လိုက်ကြတာပေါ့လို့ အန်နာ ဘက်သ်နဲ့ ဂရိုဗာကို စည်းရုံးတယ်။တိုင်ဆန်ကလည်း လိုက်မယ် လုပ်တယ်။ အန်နာဘက်သ်က တိုင်ဆန့်အပေါ်သက်ရောက်နေတဲ့ ကျိန်စာကို ဖြေပေးလိုက်တယ်။ ပါစီကလည်း “မိစ္ဆာကောင် ကြီးများရဲ့ ပင်လယ်” တည်ရာညွန်းရပ်ကို ရအောင်ယူလိုက်တယ်။ ဒီအတောအတွင်းမှာ ဂရိုဗာအဖမ်းခံလိုက်ရပြီးလျုခ်ဆီရောက်သွားတယ်။

ပါစီ၊ အန်နာဘက်သ်နဲ့ တိုင်ဆန်တို့ နတ်ဘုရား “ဟာမီးစ်”ကိုသွားတွေ့တယ်။ ဟာမီးစ်က  သူတို့ကို မုန်တိုင်းဓါတ်ဗူးတစ်လုံး ပေးတယ်။ ဒါကိုသုံးရင် အရပ်လေးမျက်နှာကနေ လေပြင်းတွေ ၀င်လာ မယ်။ လေးဘက်လုံလို့ခေါ်တဲ့ မှော်သေတ္တာတစ်လုံးလည်း ပေး လိုက်တယ်။ ဒါကလေးဘက်လေးတန် ရှိသမျှအရာတွေ ကိုယ်ရောင်ပျောက်သွားနိုင်တယ်။ သုံးယောက်သားလျုခ်ရဲ့ရွက်သင်္ဘောကြီးဆီ လိုက်သွားကြတယ်။ ဟိုရောက်တော့ အဖမ်းခံရတယ်။ ပါစီကလေးဘက် လုံမှော်သေတ္တာအစွမ်းနဲ့ ရအောင်ပြန်ထွက်တယ်။ သုံးယောက် သားလျုခ်ရဲ့ တပည့်တွေနဲ့ တိုက်ခိုက်ကြရတယ်။ နောက်ဆုံး “မန်တီကော့စ်”လို့ခေါ်တဲ့ ပဉ္စရူပသတ္တ၀ါကြီးနဲ့ပါ တိုက်ခိုက်ရတယ်။ မုန်တိုင်း ဓါတ်ဗူးအကူအညီနဲ့ ထွက်ပြေးနိုင်ခဲ့ကြတယ်။

ဒါပေမဲ့ ကိုရွှေတိုင်ဆန့်လက်ထဲကနေ မုန်တိုင်းဓါတ်ဗူးပျောက်သွားတော့ တစ်စုလုံးကို “ကာရီဘစ္စ”လို့ခေါ်တဲ့ “စုတ်ဝဲ” မိစ္ဆာကြီး က မျိုချပစ်လိုက်တယ်။ မိစ္ဆာကြီးဗိုက်ထဲမှာ ကလာရီဆေးကို သွားတွေ့ ကြရတယ်။ ပါစီနဲ့ ကလာရီဆေးတို့ လွတ်အောင်ကြိုးစားကြပြီး ဆိုင်ကလော့ပ်စ်စံနန်းဂူကြီးထဲဆီ အရောက်သွားကြတယ်။ အဲဒီမှာ ဂရိုဗာအဖမ်းခံထားရတယ်။ ဆိုင်ကလော့ပ်စ်ကြီးကို ထောင်ချောက် ဆင်ဖမ်း၊ ဂရိုဗာကိုပြန်ကယ်၊ ရွှေသိုးမွှေးကိုအရယူပြီး ငါးဦးသားပြန်ထွက်ပြေးဖို့ လုပ်ကြတယ်။

အဲဒီအချိန်မှာ လျုခ်ရောက်လာပြီး ရွှေသိုးမွှေးကိုတောင်းတယ်။ ပါစီကငြင်းတယ်။ လျုခ်က ပါစီ့ကိုဒူးလေးနဲ့ပစ်တယ်။ တိုင်ဆန်က သူ့ရင် ဘတ်နဲ့ဝင်ခံတယ်။ လေးအရှိန်နဲ့ တိုင်ဆန်ရေထဲ အထိလွင့်ကျ သွားတယ်။ ပါစီအရမ်း တုန်လှုပ်ဝမ်း နည်းသွားတယ်။

ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လျုခ်က “ခရိုနို့စ်”ဆိုတဲ့ မိစ္ဆာကြီးကို အသက်သွင်းတယ်။ ပါစီတို့ အဖွဲ့လွတ်မြောက် ရေးအတွက် အသေအကြေတိုက်ခိုက်ကြရတယ်။ လျုခ်ကပါစီ့ဆီကရွှေ သိုးမွှေးကို အရလုတယ်။ ပါစီကပြန် လုတယ်။ ဒါပေမဲ့ လျုခ်ကို မယှဉ်နိုင်ဘူး။ အဲဒီတုန်းမှာ အပူမြားဒဏ်ရာက ရေကြောင့်သက်သာသွားတဲ့ တိုင်ဆန်ပြန်ပေါ်လာတယ်။ သူကပိုဆိုင်ဒွန်ရဲ့သားဆိုတော့ ဒီအစွမ်းမျိုးရှိတယ်။ တိုင်ဆန်ကလျုခ်ကို ကိုင်ပေါက်ပစ်လိုက်တယ်။

အဲဒီအချိန်မှာပဲ ခရိုနို့စ်ကြီး ကျောက်တလားထဲကနေ ကျုံးရုံးထလာတယ်။ အားလုံးကြောက်လန့်မင်သက်မိနေတုန်းမှာပဲ မိစ္ဆာ ကြီးက လျုခ်နဲ့ဂရိုဗာကို မျိုချလိုက်ပြီး ပါစီတို့ကို တိုက်ခိုက်တော့တယ်။ ပါစီကသူ့ကို “ကျိန်စာဓား”နဲ့ အသေသတ်ပစ်လိုက်တယ်။ လျုခ်နဲ့ ဂရိုဗာ ပြန်အန်ထွက်လာတယ်။

လျုခ်လက်ကနေ ငါးဦးသားထွက်ပြေးကြရတယ်။ ဆိုင်ကလော့ပ်စ်ဂူကို ပြန်ရောက်တော့ပျော်မယ်မှ မကြံရသေးဘူး ပဉ္စရူပ ကောင်ကြီးက အန်နာဘက်သ်ကို နောက်ကျောကနေ ဓားနဲ့ထိုးသတ်ပစ်လိုက်တယ်။ သူ့ကိုကလာရီဆေးနဲ့ ဂရိုဗာက ပြန်သတ်လိုက်တယ်။ အန်နာဘက်သ်တစ်ယောက်ပါစီ့လက်ပေါ်မှာတင် အသက်ပျောက် သွားတယ်။ ဒါပေမဲ့ ရွှေသိုးမွှေးအ စွမ်းကြောင့် ပြန်ရှင်လာတယ်။

ပါစီက ရွှေသိုးမွှေးကို ကလာရီဆေးလက်ထဲထည့်ပေးပြီး အားလုံးစခန်းကို ပြန်လာခဲ့ကြတယ်။ ကလာရီဆေးက ရွှေသိုးမွှေးကို သာလီယာထင်းရှူးပင်မှာ သွားကပ်ပေးလိုက်တယ်။ သူတို့တစ်ခေါက်ပြန်လာကြတော့ သာလီယာအသက်ပြန်ရှင်နေတာ တွေ့လိုက်ရ တယ်။ ဒါနဲ့သာလီယာ့ကို လူသားအသွင်နဲ့ပဲ စခန်းဆီ ပြန်ခေါ်လာခဲ့ကြတယ်။

ပါစီလည်း သာလီယာဟာ ဇီးယူးစ်ရဲ့ကလေးဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့်လည်း ဇီးယူးစ်ရဲ့ရင်သွေးလည်းဖြစ်ပြီး  အိုလင်းပတ်စ်နတ်နန်းတောင်ကြီးကို ဖျက်ဆီးမှာလား၊ ကာကွယ်မှာ လားမသိဘူးဆိုတဲ့ ဟောချက်ထဲက နောက်ကလေးတစ်ယောက် အကြောင်းကို စောကြောစရာဖြစ်လာရတော့တယ်။

ဒါက ဒီတစ်ကားရဲ့ ဇာတ်သိမ်းခန်းဖြစ်သလို နောက်တစ်ကားအတွက် အစပျိုးချက်လည်း ဖြစ်ပါတယ်။

တကယ်တော့ ကနဦးမှာဆိုခဲ့သလိုပါပဲ။ “ရစ်ခ် ရိုင်ယော်ဒန်”ရဲ့ ပါစီဂျက်ဆင်ဝတ္ထု ငါးအုပ်တွဲကို တစ်တွဲပြီးတစ်တွဲရုပ်ရှင်အဖြစ် အသက်သွင်းမယ့် စီမံချက်အကြီးစားပါ။ ခေါမဒဏ္ဍာရီ လာနတ်ဘုရား ဇီး ယူးစ်နဲ့ သူ့ပြိုင်ဘက် ပိုဆိုက်ဒွန်တို့ရဲ့အားပြိုင်ပွဲ၊ ဒီအားပြိုင်ပွဲ ကြောင့် ကမ္ဘာတောင်ပျက်စီးနိုင်မယ့် အနေအထားလို့ သရုပ်ဖော်ထားတယ်။ ဒီအကြားမှာ ကြမ္မာဆက်ကြောင့် ဗဟိုချက်ကနေပါဝင်လာ ရတာက ပါစီဂျက်ဆင် (လိုဂန်လယ်မန်း)ဆိုတဲ့ နတ်ဝင်စားလူတဖြစ်လဲခေတ်လူငယ်လေး။ ဒီကားမှာတော့ သူ့လယ်ဗယ်တွေကိုအပြိုင် အားတင်ပေးထားတယ်။ အထူးသဖြင့် သူ့လူတဖြစ်လဲ စခန်းဖော် မမလေးက လာရီဆေး (လယ်ဗင်ရမ်ဘင်း)။ “ပါစီရဲ့ ကနဦး အောင်မြင်မှု ဟာ အပျံသင်လက်စိမ်းလေးရဲ့ ကြွေတစ်လက်ကြက်တစ်ခုန် ကံကောင်းပုံမျှသာ ဖြစ်ခဲ့ပါသလား”လို့ဆိုတဲ့ အမေးစကားကို တမင် မဖော်ပြဘဲ ရင်ထဲအရောက် သွင်းပြထားတယ်။ ဒါပေမဲ့ သူတို့မှော်အကာအကွယ်ကြီး တစ်နည်းတစ်ဖုံနဲ့ ကျိုးပေါက်လာတဲ့အခါမှာတော့ အားလုံး အတွက် ဦးဆောင်တာဝန်ယူပေးရပုံကို ပြ ထားတယ်။

ဒါကမူရင်းဝတ္ထုဆရာ၊ ဇာတ်ညွှန်းဆရာ“မာ့ခ်ဂျာဂင်ဟိမ်း”နဲ့ ဒါရိုက်တာ “သော်ဖရောင်ဒန်သားလ်”တို့ရဲ့ ဖန်တီးမှုအနုပညာပါပဲ။ တကယ်တော့ ဒါရိုက်တာ“သော်”က ပထမကားရဲ့ဖန်တီးရှင် “ခရစ္စကိုလံ ဘတ်စ်”ရဲ့နည်းတွေကို အတော်မှီးထားတယ်။ ပထမကားကို ကြိုက်ခဲ့ကြတဲ့ သက်ကြီးပိုင်း ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ဆက်လက်ခံယူနိုင်ခဲ့တယ်။ ဒါကြောင့်ဒီကားဟာ ကလေးကြိုက်စွန့် စားခန်းသက်သက်ဆိုတာထက် ပိုတယ်လို့ဆိုနိုင်တယ်။

အန်နာဘက်သ်အဖြစ် သရုပ်ဆောင်တဲ့ “အလက်ဇန်းဒြာ ဒက်ဒါရီယို”က ဒုတိယတစ်ကားမှာ သရုပ်ဆောင်ဘက်တွေ ပြန်ဆုံရ တာနဲ့ ပတ်သက်လို့ “နှစ်အနည်းငယ် ခြားခဲ့ပြီဆိုပေမဲ့၊ နွေရာသီစခန်းချ ခရီးထွက်ရသလိုပါပဲ” တဲ့။ “လူရင်းတွေ ပြန်ဆုံရတာ သိပ်ကောင်း ပါတယ်။ ရင်းနှီးမှုလည်းရှိထားတော့ သူတို့တွေကြားမှာ အင်မတန်ကို သက်တောင့်သက်သာရှိပါတယ်။ ကိုယ်အားကိုးနိုင်မယ်၊ ကိုယ် အခက်အခဲတွေ ကြုံတဲ့အခါမှာ အားထားနိုင်မယ်လို့သိထားတဲ့ သူတွေမဟုတ်လား။ ကြီးကျယ်တဲ့ကိစ္စတွေ ကြုံတိုင်းလည်း မျှဝေခံစားနိုင်ကြ ယ်ပေါ့။ ဒီစိတ်ဟာ သရုပ်ဆောင်ရတဲ့အချိန်မှာလည်း တကယ်ကိုအထောက်အကူဖြစ်ပါတယ်။ ပိတ်ကားပေါ်မှာအစိမ်းခံပြီး ရိုက်တာကိုသိ ပြီလေ။ ကျွန်မတို့က ဘ၀ခြင်း၊ အခြေအနေချင်းမတူသူတွေ လာစုကြတယ်။ ရုပ်ရှင်တစ်ကားကို ရိုက်လိုက်ကြ တယ်။ တကယ်တော့အဲဒါ ကမှ တကယ်စိတ်လှုပ်ရှားစရာ ကောင်းတဲ့စွန့်စားခန်း”တဲ့။

Sea of Monsters  ဆိုသလိုပဲ၊ ရှူတင်အတော်များများကို ပင်လယ်ပြင်မှာ လုပ်ကြရတယ်။ အဲဒါကအတော် ဆိုးရွားတဲ့အလုပ်။ ဒါပေမဲ့ ဒါရိုက်တာသော်က ပိတ်ကားအစိမ်းနောက်ခံနဲ့ ပြန်ထပ် စနစ်ကိုများများသုံးတယ်။ “ဒါကတကယ့်ကို ဗူးလေးရာဖရုံဆင့်ဗျ”လို့ သူက ဆိုတယ်။ ပြီးတော့ အရယ်လေးနဲ့ ဆက်ပြောပြတယ်။ “လှေတွေ ပေါ်မှာရိုက်ရတဲ့ ရိုက်ကွင်းတွေများတယ်ဗျ၊ ပြောရရင် အသက်ကယ်လှေတွေပေါ်မှာအများကြီး ရိုက်ခဲ့ရတယ်။ ကျွန်တော်ကဖြစ်နိုင်သမျှ ပိတ်ကားစိမ်းမသုံးချင်ဘူး၊ သရုပ်မှန်ပဲလုပ်ချင်တယ်။ အဲဒီတော့ ဖောင်ကြီး တစ်စင်းပေါ်မှာ ကိုယ်နဲ့အဖွဲ့သား နည်းနည်းနဲ့ သရုပ်ဆောင်တွေတင်ပြီး “ပွန့်ချာထရိန်း”ကန်ထဲမှာ တစ်နေကုန် သွားချည်ပြန်ချည်လုပ်ရ တော့တာပေါ့။ မြင်ကွင်းတွေကို အမြဲရှင်သန်နေအောင်၊ အမြဲသဘာဝလှုပ်ရှား မှုတွေ ဖြစ်နေရအောင် လုပ်ရတာအင်မတန့်ကို ခက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဘေးမှာပင်လယ်ဆိုလည်း ပင်လယ်ဖြစ်အောင် နောက်ခံလုပ်ပေးနိုင်တဲ့ ခေတ်မီကိရိယာမျိုးစုံရှိနေလျက်သားနဲ့ (တကယ့်ရေပြင်ကိုမှ ရိုက်ချင်တာ)ကိုး။ တကယ်လုပ်တော့ ဘာအတွန့်အဆုတ်မှမရှိဘဲ လုပ်နိုင်ခဲ့ပါတယ်။ သရုပ်ဆောင်တွေ အရွေးမှန် တာလည်း ပါတာပေါ့ဗျာ။ ရှင်သန်နေအောင် ဆိုတာသူတို့ဝိုင်းလုပ်ပေးခဲ့ ကြတာလေ။ ကောင်းပါတယ်”တဲ့။

“လှိုင်းမူးတဲ့ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလားဆိုတာ ကိုယ့်ကိုယ်ကိုသိသွားမယ်”လို့ ဒက်ဒါရီယိုက ၀င်ပြောတယ်။

“ကျွန်တော်တို့က ရေစိုစရာမလိုဘူးဗျ၊ အဲဒါတော်တော်ကောင်းတယ်၊ အေးဆေးပဲ”လို့ ပါစီမင်းသား လယ်မန်းကပြောပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ အချိန်အတော်များများကို လှေ အတော်သးသေးလေး ထဲမှာ ရိုက်ခဲ့ရတယ်၊ တယ်ပူတာပဲဗျာ၊ ရေနဲ့ရိုက်နေရတယ် ကိုမထင်ဘူး။ ရှေ့သွားနောက်ပြန်တောင်မလုပ်နိုင်ဘူး။ ရှုတင်နဲ့ အခြားကိစ္စတွေအတွက် အချိန်တွေ အပိုဆောင်းပေးခဲ့ရတယ်။ လှေထဲမှာ ဒီလိုအကြာ ကြီးနေပေးခဲ့ရတာ။ နေရာက နယူးအော်လင်းဗျ၊ နွေရာသီလည်းဖြစ်နေတယ်။ ပူတော့တာပေါ့။ အလုပ်လုပ်ရတာခက်ကုန် ရော။ ဒါပေမဲ့ တကယ် လှပခဲ့တဲ့ကိစ္စပါ၊ တကယ်ပျော်စရာကောင်းခဲ့ပါ တယ်”တဲ့။

သူကဆက်ပြောပြတယ်။ “ဒီကားမျိုးတွေရယ်၊ ဒီလိုတည်ဆောက်ထားတဲ့ ဇာတ်ကားမျိုးတွေရယ်ပေါ့ဗျာ၊ တကယ်တူညီတာရှိတယ်။ လူကြိုက်အောင် ဆွဲဆောင်နိုင်တယ်ပေါ့ဗျာ၊ အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့ဗျာ၊ လူကြီးဖြစ်လာတယ်၊ နောက်ဆုံးလူငယ်လေး ပဲဖြစ်ပါစေဦး၊ သဘာဝလွန်အခြေအနေတစ်ရပ်မှာ လူသားရေးရာတွေ၊ လူသားပြဿနာတွေ၊ ဒါတွေနဲ့ ရင်ဆိုင်ရတဲ့ အိုးနင်း ခွက်နင်းဇာတ် ရုပ်ပေါ့ဗျာ။ ကျွန်တော်တို့ရော ကျွန်တော်တို့ရဲ့ ဇာတ်ရုပ်တွေရော ဘယ်တစ်ယောက်မှကို ပြီးပြည့်စုံတယ်လို့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ သဘာဝလွန် အခြေအနေဆိုတာကြီးကို လူကြိုက် တာလို့ ထင်ပါတယ်။ ချာတိတ်တွေကလည်း ကမ္ဘာကြီးကို ကယ်တင်လို့ရတယ်၊ ရူး လောက်တယ်၊ ပျော်စရာကောင်းပါတယ်”တဲ့။

 ဒါရိုက်တာ သော်ပြောခဲ့သလိုပဲ။ သရုပ်ဆောင်ရွေးချယ်ချက်က တကယ်အလုပ်ဖြစ်ခဲ့တယ်။ အဓိက သုံးယောက်က တစ် ယောက်ကိုတစ်ယောက်ကူညီတယ်ဆိုတာထက် ပြိုင်ချင် သယောင်ယောင်တောင် ရှိခဲ့တယ်။ ပါစီ့ပုံကလည်း ကိုယ့်ကိုယ်ကို စိတ်သိပ်မချ တဲ့ပုံမျိုးပေါ်လွင်တယ်။ သူကတစ်ချိန်လုံး အိုလင်းပတ်စ် တောင်ပေါ်မှာရှိနေတဲ့ သူ့အဖေနတ်ဘုရားကိုပဲ တမ်းတနေခဲ့တယ်။ ဒီကားထဲမှာ အဲဒီသူ့အဖေကိုတစ်စက်မှတောင်မမြင်ခဲ့ရဘူး။

ဒါပေမဲ့ နတ်ဘုရား ဟာမီးစ်ကတော့ သူတို့ကို ထိထိရောက်ရောက် ကူညီပေးခဲ့တယ်။ အဲဒီဟာမီးစ်အဖြစ် သရုပ်ဆောင်သူ “နာသန်ဖီလီယံ”ဟာ ဇာတ်လမ်းအရကောအပြင်မှာပါ “စန်း”တကယ်ကောင်း တဲ့သူပါ။ သူ့ပရိသတ်အားကို တော်တော်ကောင်းတယ်။ ဇာတ်ကားထဲမှာ သဘောကောင်းတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ ခပ်တိုတိုလေးပဲ ပါဝင်ခဲ့ရတာတောင် လူကြိုက်အတော်များခဲ့တယ်။

“ကျွန်တော်ကိုယ်တိုင်လည်း သူ့ပရိသတ်အကြီးစားဗျ”လို့ ဒါရိုက်တာသော်ကပြောပြတယ်။ “အခုအလုပ်တွဲလုပ်ကြည့်တော့ ပိုတောင်မှကြိုက်သွားသေးတယ်”တဲ့။ “ဇ၀နဥာဏ်တကယ်ကောင်းတဲ့လူဗျ၊ စကားကြွယ်တယ်၊ အရေးအသားလည်း ကောင်းတယ်။ ကိုင်း -ခင်ဗျား ဒီနေရာကနေ ဟိုနေရာကို ဖြတ်သွားဗျာ၊ ဒီကြားထဲမှာဖြည့်စရာစကားတော့ သိပ်မရှိဘူးလို့ပြောကြည့်လိုက်။ ရပါတယ်၊ ကျွန်တော့်မှာ နည်းနည်းပါးပါးရှိပါတယ်လို့ ပြန်ပြောလိမ့်မယ်။ ပြီးရင် သူ့ဟာသူဖြည့်ပြောသွားတာ ရိုက်ကွင်းပေါ်မှာ အင်မတန်ကို ဟာသရ သမြောက်တဲ့ စကားလုံးတွေ ဖြစ်နေ တာ တွေ့ရလိမ့်မယ်”တဲ့။

ဒီကားမှာက တစ်ခါတစ်ရံမှာ ပရိသတ်ကို ပေါ့ပေါ့ပါးပါးခံစားချက်ကလေးမျိုး ပြန်ပေးရတတ်တာလည်း ရှိခဲ့ပါတယ်။ အဲဒီအခြေ အနေမျိုးအတွက်ဆိုရင် ဖီလီယံဟာ အလွန်ကိုက်ညီတဲ့သရုပ်ဆောင်ပါ။ “သူသရုပ်ဆောင်ရတဲ့အပိုင်း တစ်လျှောက်မှာ သူ့လေသံဟာ ကွက်တိပဲ။ တအားကြီးလည်း အလေးအနက်ကြီးဖြစ်မနေဘူး၊ တစ်နည်းတစ်ဖုံအားဖြင့် စိတ်မကောင်းဖြစ်နေဟန်လည်း ပေါ်လွင်တယ်” လို့ ဒါရိုက်တာ သော်ကရှင်းပြပါတယ်။

ဒါတောင်ဇာတ်ပို့နော်။ ပင်မဇာတ်ဆောင်တွေကိုဆိုရင် ဒါရိုက်တာသော်တို့ ဘယ်လိုသုံးသပ်အသုံးချခဲ့မယ်ဆိုတာ ကြည့်ရှုခံစား လိုက်ကြရအောင်လား။

Monday, January 6, 2014
Monday, January 6, 2014
Monday, January 6, 2014